October 13, 2021

ရာသီတုပ်ကွေးရောဂါ (H1N1) သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ

ဒေါက်တာမြင့်သန်းထွန်း

        ကူးစက်မြန်ရာသီတုပ်ကွေးရောဂါပြန့်ပွားမှုများလာပြီး အသေအပျောက်လည်း တစ်နေ့တခြား တိုးလာလို့ ပြည်သူတွေစိုးရိမ်နေကြပါတယ်။ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာ (H1 N1) ပိုးတွေ့လူနာများကို တွေ့ရှိရပြီး သေဆုံးသူများရှိလာပါတယ်။ ဒါကြောင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009 အကြောင်းကို စာရေးသူအား မေးမြန်းလာမှုအပေါ် ဖြေကြားခဲ့မှုများကို ဒို့ကျေးရွာစာဖတ်ပရိသတ်များ သိရှိစေဖို့ ဖော်ပြလိုက်ရပါတယ်။

မေး။    ဆရာမင်္ဂလာပါ။ ပထမဆုံး ရာသီတုပ်ကွေးဆိုတာ ဘာလဲဆိုတာ သိချင်ပါတယ်ရှင်။

ဖြေ။    ရာသီတုပ်ကွေးရောဂါဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး (Influenza virus ) ပိုးကြောင့် ဖြစ်ပွားရတာပါ။

             ရာသီတုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစား သုံးမျိုးရှိပါတယ်။ အမျိုးအစား A, B နဲ့ C တို့ဖြစ်ပါတယ်။ ဒီနှစ် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကတော့ (Seasonal Influenza Virus) အမျိုးအစားရဲ့ အမျိုးအစားခွဲတစ်ခုဖြစ်တဲ့ A(H1N1) pdm 2009 ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။

မေး။    Seasonal Influenza A(H1 N1) pdm 2009 ဆိုပြီး ပြောနေကြတယ်ဆရာ။ နားလည်အောင် ရှင်းပြပေးပါ။

ဖြေ။    Seasonal Influenga A(H1 N1) pdm 2009 strain ဟာ မြောက်အမေရိကတိုက်မှာ ၂၀၀၉ ခုနှစ်၊ ဧပြီလမှ စတင်ကူးစက်ပြီး တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC)အဖြစ် ၂၀၀၉ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

            ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှာ ကမ္ဘာ့လူငယ်တုပ်ကွေးရောဂါ နှိမ်နင်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ - elperiodico.com

မေး။    ရာသီတုပ်ကွေးရောဂါဟာ ကူးစက်မှုအသွင်အဖြစ် ရှိသေးလားဆရာ။

ဖြေ။    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ Seasonal Influenzas A(H1 N1) pdm 2009 အနေနဲ့ လူတွေကြားမှာ လွယ်ကူစွာ ကူးစက်နိုင်ပေမယ့် ပြင်းထန်မှုနဲ့ သေဆုံးမှုနည်းတာကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကနေ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒီရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ၂၀၁၀ ခုနှစ်မှစပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ဆက်လက်ဖြစ်ပွားခြင်း မရှိတာပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ လူတွေအကြား ရာသီတုပ်ကွေးရောဂါ ကူးစက်မှုအသွင်အဖြစ်သာ ဆက်လက်ရှိနေခဲ့ပါတယ်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်ကနေ ယနေ့ထိ မြန်မာနိုင်ငံမှာ ကူးစက်မှုအသွင် ပြန်ဖြစ်လာပါတယ်။ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံမှာဖြစ်ပြီး သေဆုံးသူတွေရှိပါတယ်။

မေး။    ရာသီတုပ်ကွေးရောဂါက ဘယ်လိုကူးစက်တာလဲဆရာ။

ဖြေ။    ရာသီတုပ်ကွေးရောဂါကတော့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူရဲ့နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်ပေါ်လာတဲ့ အစက်အမှုန် (Droplets) တွေဟာ ခြောက်ပေခန့်အထိ ကူးစက်ပြန့်နှံ့တတ်ပါတယ်။

            အဲဒီအစက်အမှုန်တွေကို တိုက်ရိုက်ရှူသွင်းမိရင်ဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီအစက်အမှုန်တွေ တင်ကျန်ကပ်ငြိနေတဲ့ အရာ၀တ္ထုတွေကို ကိုင်တွယ်မိတဲ့လက်မှတစ်ဆင့် ရောဂါကူးစက်နိုင်ပါတယ်။

မေး။    ရောဂါပျိုးချိန်လေးကို သိချင်ပါတယ်ဆရာ။

ဖြေ။    ရာသီတုပ်ကွေးရောဂါရဲ့ ရောဂါပျိုးချိန်ကတော့ ၁ ရက်ကနေ ၄ ရက်ခန့်အထိ ဖြစ်ပါတယ်။ ရောဂါလက္ခဏာ စတင်ခံစားပြီးနောက် ၇ ရက်အထိ အခြားလူတွေကို ရောဂါကူးစက်ပြန့်ပွားစေနိုင်ပါတယ်။

မေး။    ရာသီတုပ်ကွေးရောဂါလက္ခဏာတွေက ဘာတွေလဲလို့ သိချင်ပါတယ်ဆရာ။

ဖြေ    ရောဂါလက္ခဏာတွေကတော့ ကိုယ်အပူချိန် ၃၈ ဒီဂရီဆဲလ်ဆီးယပ်စ်နဲ့ အထက်ထိ တက်ကာ ဖျားတတ်ပါတယ်။ နှာရည်ယိုခြင်းနဲ့ နှာချေခြင်း ခံစားရတတ်ပါတယ်။ ဒါ့အပြင် ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲတာတို့၊ ခေါင်းကိုက်တာတို့နဲ့ နုံးခွေခြင်းတွေလည်း ခံစားရနိုင်ပါတယ်။

            ရောဂါကူးစက်ခံရတဲ့သူ အများစုကတော့၊ မပြင်းထန်တဲ့လက္ခဏာတွေကို တစ်ပတ်ထိ ခံစားရနိုင်ပြီး ကုသမှု ခံယူစရာမလိုဘဲ သက်သာပျောက်ကင်းတတ်ပါတယ်။

မေး။    ရောဂါပြင်းထန်လာရင် ဘယ်လိုတွေ ခံစားရနိုင်သလဲ ဆရာ။

ဖြေ။    ရောဂါပြင်းထန်လာမယ်ဆိုရင် အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်းနဲ့ အသက်ရှူနှုန်း မြန်ဆန်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။ နောက်ဆုံးတော့ ဂနာမငြိမ်ဖြစ်ခြင်းနဲ့ သတိလစ်ခြင်းတွေ ဖြစ်ပေါ်တတ်ပြီး အသက်သေဆုံးနိုင်ပါတယ်။

မေး။    ဘယ်လိုလူတွေမှာ ရောဂါဝေဒနာကို ပိုမိုခံစားရနိုင်ပါသလဲ ဆရာ။

ဖြေ။    ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ခုခံအားကျဆင်းမှု ရှိသူတွေမှာ ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားတတ်ပါတယ်။

မေး။    ရာသီတုပ်ကွေးရောဂါ ဖြစ်သူတိုင်း ရောဂါပိုးစစ်ဆေးဖို့ လိုအပ်ပါသလားဆရာ။

ဖြေ။    ရာသီတုပ်ကွေးရောဂါ ဖြစ်ပါက နီးစပ်ရာဆေးခန်း၊ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေကို ပြသဖို့လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေဖြင့် လိုအပ်ပါက ဓာတ်ခွဲစမ်းသပ်စုဆောင်းမှုတွေကို ဆောင်ရွက်သွားပါလိမ့်မယ်။

မေး။    ရာသီတုပ်ကွေးရောဂါမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမှာလဲ ဆရာ။

ဖြေ။    ရာသီတုပ်ကွေးရောဂါမဖြစ်ဖို့ အဓိက လိုက်နာရမယ့်အချက်နဲ့ အခြားလိုက်နာရမယ့် အချက်တွေကတော့ လက်ကို ဆပ်ပြာနဲ့ ရေ များများသုံးပြီး မကြာခဏ ဆေးကြောခြင်း၊ နှာချေ ချောင်းဆိုးပါက လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း ဒါမှမဟုတ် လက်မောင်းတံတောင်ဆစ်ဖြင့် ဖုံးအုပ်ပြီး နှာချေချောင်းဆိုးခြင်း လူထူထပ်သောနေရာနဲ့ ပွဲလမ်းသဘင်တွေကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်းတွေ ဖြစ်ပါတယ်။

မေး။    ရာသီတုပ်ကွေးရောဂါမဖြစ်ဖို့ အခြားလိုက်နာရမယ့်အချက်တွေကို သိချင်ပါတယ်ဆရာ။

ဖြေ။    အခြားလိုက်နာရမယ့်အချက်တွေကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရပြုဆောင်ရွက်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်၀တဲ့အစားအစာတွေ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲမသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးချခြင်းကို ရှောင်ကြဉ်ခြင်းနဲ့ ရောဂါဖြစ်ပွားနေသူတွေနဲ့ သံသယရှိနေသူတွေနဲ့ ခြောက်ပေအကွာမှာ နေထိုင်ခြင်းတွေ ဖြစ်ပါတယ်။

        ဒါ့အပြင် ရောဂါမကူးစက်စေရန် နှာချေ၊ ချောင်းဆိုးဖြစ်သူတွေဟာ နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင် ဖုံးအုပ်တဲ့ ပါးစပ်နှာခေါင်းစည်း (Surgical mask) ကို အသုံးပြုခြင်း၊ ရောဂါရှိသူရဲ့ နေအိမ်နဲ့ ဆေးရုံတွေကို မလိုအပ်ဘဲသွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေရာတွေ ပွဲလမ်းသဘင်တွေနဲ့ ဆေးရုံ ဆေးခန်းတွေကို မဖြစ်မနေ သွားရောက်ရတဲ့အခါမှာ ပါးစပ်၊ နှာခေါင်းစည်းကို စနစ်တကျ အသုံးပြုခြင်းတွေ ဆောင်ရွက်ရပါမယ်။

            မိမိမှာ ရောဂါလက္ခဏာတွေ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ကုသမှု ခံယူရပါမယ်။ ရောဂါလက္ခဏာတွေ စတင်ခံစားရတဲ့အချိန်ကစပြီး နောက် ၁၀ ရက်အတွင်း မိမိရဲ့နေအိမ်မှာသာ နေ ထိုင်ရန် လိုအပ်ပါတယ်။

မေး။    စာသင်ကျောင်းတွေ၊ လုပ်ငန်းခွင်တွေ၊ ဟိုတယ်၊ လူမှုရေးရိပ်သာနဲ့ ဂေဟာတွေမှာ ရောဂါမဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ ဆရာ။

ဖြေ။    အဆောက်အအုံတွေမှာ လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရပါမယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရပါမည်။ အမှိုက်နဲ့ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ရပါမယ်။ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနဲ့ ဂေဟာတွေမှာ နေထိုင်သူတွေအားလုံးရဲ့ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရပါမယ်။ တစ်ဦးဦးမှာ တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ အမြန်ဆုံးဆက်သွယ်ရပါမယ်။ စောလျင်စွာ ကုသမှုခံယူရပါမယ်။

        ရာသီတုပ်ကွေးရောဂါဟာ မိမိတို့နေထိုင်တဲ့ ဒေသအတွင်း စတင်မပျံ့နှံ့မီမှာ ထိုးနှံပေးရမယ်။ မြန်မာနိုင်ငံမှာ ပျံ့နှံ့ဖြစ်ပွားနေ တဲ့ ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားနဲ့ ကိုက်ညီတဲ့ကာကွယ်ဆေးဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါထိုးနှံပြီးပါက တစ်နှစ်သာ ကာကွယ်နိုင်စွမ်းရှိလို့ နှစ်စဉ်ထိုးပေးရပါမယ်။

            ရာသီတုပ်ကွေးရောဂါကို ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ဖို့ လူတစ်ဦးချင်းအနေဖြင့် လိုက်နာဆောင်ရွက်ရပါမယ်။ မိမိမှာ တုပ်ကွေးရောဂါလက္ခဏာတွေ ဖြစ်ပွားနေတယ်လို့ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသတင်းပေးပို့ပြီး ကုသမှုခံယူသင့်ကြောင်း အကြံပြုအပ်ပါတယ်။

ဒေါက်တာမြင့်သန်းထွန်း

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၅)

No comments:

Popular Posts