October 12, 2021

ဘဲမွေးမြူရေးအတွက် ဘဲကျန်းမာရေးနှင့် ရောဂါကုသနည်းများ

မှိုင်းလုံးညို

        ဘဲမွေးမြူရေးနှင့် ဘဲများရောဂါဖြစ်လျှင် ကုသနည်းကို ရေးသားတင်ပြပေးချင်ပါသည်။ ကျွန်တော့်ခြံထဲတွင် ဘဲအကောင်ရေ ၅၀ ခန့်ကို မွေးမြူထားသည်။ ပတ်ဝန်းကျင်က လူများက ဘဲသည် အစာစားလွန်းသောကြောင့် ဘဲက ဘဲစားဘဲချေ သူတို့ဆီက ရတာနဲ့ သူတို့စားတာနှင့် မကာဟု ပြောဆိုကြသည်။ ကျွန်တော်က နံနက်တိုင်း ဘဲဥကောက်ရသည်ကို ပျော်နေမိသည်။

        ဘဲများက ရောဂါဖြစ်ခဲသည်။ ဘဲရောဂါဖြစ်လျှင်လည်း တစ်နေ့တည်းဖြင့် အကောင်များစွာ သေတတ်သည်။ တချို့ တစ်ခြံလုံးက ဘဲတွေအားလုံးပင် သေသွားတတ်သည်။

        ထို့ကြောင့် မှော်ဘီမြို့၊ စိုက်ပျိုးရေးသုတေသနခြံ၏ အနောက်တောင်ဘက်တွင် ဘဲကောင်ရေတစ်ထောင်ကျော်ကို မွေးမြူထားသောခြံသို့ ကျွန်တော်သွားရောက်ခဲ့သည်။ ဘဲခြံပိုင်ရှင်၏သား ကိုသက်ဦးမောင်နှင့် တွေ့ဆုံရသည်။ သူက ဘဲမွေးမြူရေးကို တာဝန်ယူ လုပ်ကိုင်နေသူဖြစ်သည်။ ဘဲခြံ၏ ရှေ့တွင် ရေမှော်ပင်ရှည်များကို တွေ့ရသည်။

        ထိုရေမှော်ပင်သည် အညှီဓာတ်ရှိပြီး ဘဲများအတွက် အလွန်ဆေးဖက်ဝင်ကြောင်း ကိုသက်ဦးမောင်က ပြောပြသည်။ သူ၏ခြံထဲတွင် ဘဲကောင်ရေ ၁၅၀၀ မွေးမြူထားကြောင်းသိရသည်။ ထိုမွေးမြူထားသော ဘဲကောင်ရေထဲမှ ဘဲကောင်ရေ ၁၀၀ သေဆုံးသွားသည်ဟု ပြောသည်။ ဘဲကလေးတစ်ကောင်၏ ကာလပေါက်စျေးကို ပြောပြပြီး ဘဲအမများကိုသာ မွေးမြူထားသည်ဟု ဆိုပါသည်။

ဓာတ်ပုံ - greenwaymyanmar.com

        ကျွန်တော်က ကိုသက်ဦးမောင်ကို ဘဲများကို တစ်နေ့တာ အစာကျွေးမွေးစရိတ်မည်မျှ ကုန်ကျပါသလဲဟု မေးကြည့်မိသည်။

        “ဘဲတွေမှာ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရပါသလဲ။ ဘဲတွေမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဘယ်လိုကုသရပါသလဲ။ ဘဲတွေကို ဘယ်အချိန်မှာ ထုတ်ရောင်းပစ်ပါသလဲ”ဟု မေးမြန်းသည်။ ရေးမှတ်ရန်လည်း မှတ်စုစာအုပ်ကို ယူလာခဲ့သည်။

        ဘဲများကို အစာကျွေးပုံမှာ ဘဲပေါက်စလေးများကို ဆန်ကွဲ၊ ဖွဲ၊ ဗေဒါ၊ ဂေါ်ဖီရွက်ကြမ်းတို့ကို နုပ်နုပ်စဉ်း၍ ရောကျွေးကြောင်း၊ အစာဖိုးမတတ်နိုင်၍ တစ်နေ့တစ်ကြိမ်သာ ကျွေးကြောင်းသိရသည်။

        ဥဘဲများကိုမူ ပုစွန်၊ ဖွဲနှင့် ဆန်ကွဲကို ရော၍ကျွေးကြောင်း၊ စပါးအနည်းငယ်ကိုလည်း ကျွေးကြောင်း၊ အဓိကတော့ ဘဲများကို အစာဝလင်စေချင်လျှင် ရိတ်သိမ်းပြီးစ လယ်ကွင်းထဲ၌ လွှတ်ကျောင်းထားရကြောင်း၊ ဘဲခြံနှင့် မနီးမဝေးတွင် ချောင်း၊ မြောင်းရှိရန်လိုကြောင်း၊ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ချောင်း၊ မြောင်းထဲသို့ လွှတ်ထားပေးရကြောင်း၊ နေ့လယ်နေပြင်းချိန်တွင် ဘဲခြံထဲသို့ ပြန်သွင်းထားရကြောင်း သိရသည်။

        ဘဲများတွင် အဖြစ်များသော ရောဂါများမှာ ဝမ်းချုပ်ရောဂါ၊ လည်လိမ်ရောဂါ၊ အအေးပတ်ရောဂါ၊ ခါးချည့်နဲ့ရောဂါတို့ဖြစ်ကြောင်း ပြောပြသည်။

        ဘဲများသည် ရောဂါဖြစ်လျှင် ကူးစက်နှုန်းမြန်ကြောင်း၊ တစ်ရက်တည်းမှာပင် အကောင်ရေ ၁၀၀ ခန့် သေဆုံးသွားတတ်ကြောင်း သိရသည်။ ဘဲရောဂါဖြစ်ပွားလျှင် ဒေသန္တရဆေးမြီးတိုများနှင့် ကုသရကြောင်း၊ ရောဂါပျောက်နှုန်းလည်း မြန်ဆန်၊ အသေအပျောက် အဆုံးအရှုံးလည်း နည်း၊ အကုန်အကျလည်း သက်သာကြောင်း ပြောပြသည်။

        ဘဲမများကို မီးမလွတ်သေးမီအရွယ်မှ စတင်မွေးပြီး နှစ်လသားအရွယ်သို့ရောက်လျှင် လာဝယ်ကေသူများရှိကြောင်း၊ ငါးလသား၊ ခြောက်လသားအရွယ်တွင် စတင်ဥကြောင်း၊ တစ်နှစ်သားအရွယ် ဥနှုန်းနည်းလာပြီး အတော်ရက်ခြားသာ ဥတော့သည့် ဘဲမများကို အသားစျေးဖြင့် ထုတ်ရောင်းရကြောင်း သိရသည်။

        ဘဲရောဂါတစ်မျိုးချင်းစီကို ကုသရသည့်ဆေးနည်းများကို ဆက်လက်တင်ပြပေးချင်ပါသည်။

        ဘဲများ၌ လည်လိမ်ရောဂါနင့် အအေးပတ်ရောဂါများဖြစ်လျှင် ချင်း၊ မိဿလင်၊ ထန်းလျက်တို့ကို အလေးချိန် ဆတူယူ၍ ရေနှင့် သုံးခွက်တစ်ခွက် တင်ကျိုပြီး ရောဂါဖြစ်သည့် ဘဲတစ်ကောင်ချင်းစီ၏ အရွယ်အစားကို ချင့်ချိန်၍ ဇွန်းနှင့် ပါးစပ်ကိုဖြဲကာ တိုက်ကျွေးရသည်။

        ဘဲများ ခါးချည့်နဲ့ပြီး လမ်းမလျှောက်နိုင်တော့သည့်ရောဂါကို ကပ်ပြားနာဟုလည်း ခေါ်ကြသည်။ ရဲယိုသီးမှည့်၊ ဆား၊ ထန်းလျက်ရောကြိတ်ပြီး ရေစိမ်ကာ ဘဲအရွယ်အစားကိုကြည့်၍ ချင့်ချိန်တိုက်ရသည်။

        ဝမ်းချုပ်ရောဂါဖြစ်လျှင် ရေမှော်ပင်ကို ထုထောင်းပြီး အရည်ကိုတိုက်ရသည်။ ထိုဘဲသည် အစာမစားသေးပါက ရေမှော်ပင်ကို ကျွေးပေးရသည်။ မကြာမီတွင် ဓာတ်ပြန်မှန်သွားကြောင်း သိရသည်။ ဥဘဲမများကို ရေမှော်ပင် နေ့စဉ်ကျွေးပေးလျှင် ဥနှုန်းကောင်းမွန်ကြောင်း၊ ရေမှော်ပင်သည် အပူဓာတ်ဖြစ်၍ အအေးဓာတ်ကို အကာအကွယ်ပေးကြောင်း သိရသည်။

ဓာတ်ပုံ - dreamstime.com

        ဝမ်းချုပ်နေသည့်ဘဲကို ရေမှော်ပင်ကျွေး၍ မပျောက်လျှင် မန်ကျည်းသီးမှည့်၊ ဆား၊ ထန်းလျက် ရောစိမ်ထားသည့် မန်ကျည်းဖျော်ရည် သို့မဟုတ် ဆားခါးကို ရေစိမ်၍ တိုက်ရသည်။

        ဘဲများ ဖင်ထိုင်ခါးချည့်သည့်ရောဂါမှာ အပူများ၍ဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်နှင့် ဆားကို ရေဖျော်ကာ ချိန်ဆတိုက်ပြီး ဘဲကို ရေထဲချ၍ ရေနှင့်ပက်ပေးလျှင် အမြန်ဆုံး ပျောက်ကင်းစေသည်။ တစ်ခါတစ်ရံတွင် ဘဲများသည် ညအခါ၌ ချောင်းဆိုးတတ်သည်။ ထိုကဲ့သို့ ဖြစ်တတ်လျှင် လမ်းဘေးရေအိုင်များထဲတွင် ပေါက်သော ကညွတ်ပင်ကို ထုထောင်း၍ အရည်ကိုတိုက်လျှင် အမြန်ဆုံး ပျောက်ကင်းသွားစေပါသည်။

        ၎င်းဆေးနည်းများသည် ဘဲများရောဂါဖြစ်လျှင် တစ်ပတ်အတွင်း အသေအပျောက် အနည်းဆုံးနှင့် အမြန်ဆုံး ပျောက်ကင်းစေသော ဆေးစွမ်းကောင်းများ ဖြစ်သည်။ ပူဒီနာ သို့မဟုတ် ဇီရာအပင်၏ အရွက်များကို ထုထောင်း၍ ဘဲများသောက်မည့် ရေထဲတွင် ထည့်ပေးထားခြင်း၊ စပါးလင်ကို ထုထောင်း၍ အရည်ညှစ်ပြီး ဘဲသောက်ရေထဲတွင် ထည့်ထားပေးခြင်းသည်လည်း ဘဲရောဂါများကို ကြိုတင်ကာကွယ်ပေးထားသကဲ့သို့ဖြစ်သည်။

        အရင်းအနှီးများစွာ မတတ်နိုင်သော မိသားစု၊ လယ်သမားမိသားစုများ အနေဖြင့် ဘဲများကို မွေးမြူထားပါက ဘဲများကို လယ်ထဲ၌ လွှတ်ကျောင်းထားသည့်အခါ ဘဲချေးကျ၍ လယ်မြေကောင်းကာ စပါးအထွက်တိုးစေပါသည်။ စပါးပင်များကို ဖျက်ဆီးသည့် ကဏန်းနှင့် ပိုးမွှားငယ်များ၏ အဖျက်အန္တရာယ်ကိုလည်း သက်သာစေပါသည်။

        ဘဲမွေးမြူခြ င်းသည် တစ်နှစ်ကျော်ရင်းလျှင် ကျပ်တစ်သိန်းရင်းပါက အနည်းဆုံး တစ်သိန်းမြတ်သည်။ ခေါက်ချိုးအမြတ်ရစေသည့် လုပ်ငန်းဖြစ်၍ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သဘောထားကာ မွေးမြူသင့်ကြပါသည်။

        လယ်ကွင်း၊ ရေအိုင်နှင့် နီးစပ်သူများအနေဖြင့် ဘဲအကောင်ရေ ၅၀၊ ၁၀၀ ခန့် တစ်နိုင်တစ်ပိုင် မွေးမြူထားသင့်သည်။ မွေးမြူထားသူများအနေဖြင့် အိမ်စရိတ်လည်းရ စားသုံးသူများအတွက်လည်း အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ ဘဲဥစျေးနှုန်းလည်း ကျလာနိုင်သည်။ ဘဲမွေးမြူသူက ရှားပါးပြီး စားသုံးသူက များနေ သဖြင့် ဘဲဥစျေးနှုန်းမြင့်မားနေခြင်းဖြစ်သည်။ ဘဲစားဘဲချေ ဆိုသည့်စကားမှာ မမှန်တော့ပါ။ ဆတိုးအမြတ်ရသည့်လုပ်ငန်းဖြစ်၍ စီးပွားရေးတွက်ခြေကိုက်ပါသည်။

        ဘဲများရောဂါဖြစ်လျှင် တိုက်ကျွေးရမည့် ဆေးမြီးတိုများကို တင်ပြပြီးဖြစ်ရာ စီးပွားရေးတွက်ခြေကိုက်သော ဘဲမွေးမြူရေးလုပ်ငန်းကို ကျေးလက်နေမိသားစုများအနေဖြင့် လုပ်ဆောင်သင့်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မှိုင်းလုံးညို

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၅)

No comments:

Popular Posts