လယ်တွင်းသားစောချစ်
"ရွာတွင် လယ်ယာလုပ်ငန်းမှာ မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိပါသည်။ လူငယ်များက ရှေးဦးသူနာပြုနည်းကို စနစ်တကျသင်ကြားပေးရန် တောင်းဆိုလာကြသည်။ အလွန်ကောင်းသော တောင်းဆိုမှုဖြစ်သည်"
လက်သမားဆရာ၊ ပန်းရံဆရာတို့ကလည်း ကျောင်းအတွက် လိုသမျှ ကူညီလုပ်ကိုင်ပေးကြသည်။ အလှူငွေ ပိုပိုလျှံလျှံရ၍ ကျွန်တော်က ကျောင်းဆောင်တစ်ဆောင်ထပ်ဆောက်သည်။ တတ်နိုင်သူများက ထပ်၍ လှူကြပါ၏။
အလှူငွေကောက်ခံရသမျှ မိဘဆရာအသင်း ဘဏ္ဍာရေးမှူးဦးမှန်ထံမှာ အပ်နှံသည်။ ဦးမှန်က အလွန်ရိုးဖြောင့်သူဖြစ်ကြောင်း တစ်ရွာလုံးအသိ ဖြစ်သည်။ သူက ဘတ်စ်ကားပိုင်ရှင် ဖြစ်သည်။ အပ်ငွေများကို သူ့ငွေနှင့် လုံးဝမရော။ သီးသန့်ထားသည်။ သုံးစရာရှိ၍ သွားထုတ်လျှင် အပ်ထားသည့် ပိုက်ဆံအတိုင်း ပြန်ထုတ်ပေးသည်။
ကျေးလက်ကျန်းမာရေးမှူးကလည်း ကျွန်တော်နှင့် အလွန်တွဲမိပါသည်။ ကလေးများ ထိမိခိုက်မိလျှင် နေမကောင်း၍ သွားပြလျှင် အသေအချာ ကုသပေးသည်။ နောက်တော့ ခင်မင်ရင်းနှီးသွား၍ ကျောင်းကို ဖိတ်ပြီး ကလေးများကို ကျန်းမာရေးပညာပေး ဟောပြောခိုင်းသည်။ အပြောကောင်းသော ဆရာဖြစ်၍ ကလေးများ သဘောကျသည်။
ကလေးများကို ရှေးဦးသူနာပြုနည်း သင်ပေးရန် ပြောသည်။ သင်ပေးသည်။ ကလေးများအတွက် ကြက်ခြေနီဆေးပုံးတစ်ခုလည်း လှူပါသည်။
ရွာတွင် လယ်ယာလုပ်ငန်းမှာ မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိပါသည်။ လူငယ်များက ရှေးဦးသူနာပြုနည်းကို စနစ်တကျသင်ကြားပေးရန် တောင်းဆိုလာကြသည်။ အလွန်ကောင်းသော တောင်းဆိုမှုဖြစ်သည်။ ကျွန်တော်ကကျောင်းမှာ သင်တန်းစီစဉ်ပေးသည်။ ကျန်းမာရေးမှူး ဆရာမြက သင်တန်းပေးသည်။ လက်တွေ့လေ့ကျင့်ကြရသည်။ ရွာသူရွာသားများ ကျန်းမာရေးအသိပညာ တိုးတက်ကြသည်။
ငွေတောင်ရွာကပါ တောင်းဆိုလာ၍ ငွေတောင်ရွာကိုပါ ရှေးဦးသူနာပြုစုနည်း သင်ကြားလေ့ကျင့်ပေးရသည်။
ကျွန်တော် ခြင်းလုံးဝါသနာပါ၍ ကောင်းစွာ ခြင်းခတ်တတ်ပါသည်။ ရွာမှာနေစဉ်က ခြင်းခတ်ကစားသော အလေ့အကျင့်ရှိသည်။ မြန်မာ့ရိုးရာ ဂုဏ်ယူစရာအားကစားဖြစ်၍ အသေအချာ လေ့ကျင့်သင်ကြားထားသည်။ ညနေပိုင်းတွင် ကလေးများကို ဘောလုံးကစားသင်မပေးသောနေ့မှာ ရွာဦးကျောင်းဝင်းအတွင်းမှာ စပါးဒိုင်မှူး ကိုနက်စိန်တို့နှင့် ခြင်းလုံးခတ်ကစားကြသည်။ ရွာနီးချင်းများမှ ခြင်းသမားများပါ လာရောက်ခတ်ကစားကြ၍ ပျော်စရာလည်းကောင်းသည်။ မိတ်ဆွေအပေါင်းအသင်းလည်း များသည်။
ကျွန်တော်ကျောင်းမှ တပည့်လေးများကို ခြင်းလုံးခတ်နည်း၊ အတော့၊ အတွဲကစားနည်းများကို စနစ်တကျ သင်ကြားပေးနိုင်သော ဆရာများခေါ်ယူ၍ သင်ကြားလေ့ကျင့်ပေးရန် ဆုံးဖြတ်ထားလိုက်သည်။
ကျောက်မီးရွာတွင် ဦးစံလှိုင်၊ ဒေါ်မြမေတို့အိမ်မှာ နေရတာ အစစအရာရာ အဆင်ပြေပါသည်။ အိမ်ရှေ့မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထား၍ ရွာသူရွာသားများနှင့် တွေ့ဆုံခင်မင်ရင်းနှီးရသည်။ ညပိုင်းကျလျှင် လူကြီးများလာကြသည်။ ဦးစံလှိုင်ကိုယ်တိုင်ကလည်း ရွာမိ၊ ရွာဖ လူကြီးဖြစ်သည်။ လက်ဖက်ရည်သောက်ရင်း လူကြီးများနှင့် ရွာရေးရပ်ရေး ဆွေးနွေးရသည်။ ကျောင်းကိစ္စ လိုအပ်သည်များကို ညှိနှိုင်းတင်ပြရသည်။
သို့သော် ကျွန်တော်နေပြီး တစ်လခန့်အကြာမှာ မန္တလေးတွင် နေကြသည့် သမီးများ ရောက်လာသည်။မန္တလေးရှိ အစ်မအိမ်မှာနေ၍ မန္တလေးတက္ကသိုလ်မှာ တက်နေခြင်းဖြစ် သည်။ ကျွန်တော် အားနာသည်။ ကိုယ့်အတွက်ထက် သူတို့အတွက် မလွတ်မလပ် အနေခက်မှာ စိုးရိမ်သည်။ သီတင်းကျွတ်ကျောင်းပိတ်လျှင် ရက်ရှည်ပြန်လာကြဦးမည်။
နေရင်းထိုင်ရင်းနှင့် ဦးစံလှိုင်အိမ်နှင့် တစ်တန်းတည်းမှာရှိပြီး မော်တော်ကားလမ်းဘေးမှာပင်နေသော ဘကြီးမှုံနှင့်လည်း ရင်းနှီးနေပါပြီ။ ပေလေးရာလောက် သာဝေးပါမည်။ ဘကြီးမှုံက အသက် ၅ဝ ကျော် ဖြစ်သော် လည်း လူငယ်တစ်ယောက်လိုပင် ပျော်ပျော်ရွှင်ရွှင် နေတတ်သည်။ သွက်လက်တက်ကြွသည်။ သူ့မှာ သားသမီးမရှိသော်လည်း ကျောင်းကိစ္စကို စိတ်အားထက်သန်စွာ ကူညီနေသူဖြစ်သည်။ စီးပွားရေးအဆင်ပြေသည်။ ဇနီးဒေါ်ဒေါမြိုင်နှင့် လင်မယားနှစ်ယောက်တည်း နေကြသည်။ အိမ်ကျယ်သည်။ နှစ်ထပ်အိမ် ခြံကျယ်သည်။ လွတ်လပ်စွာနေလိုလျှင် အဆောင် အပိုရှိ သေးသည်။
သူ့အိမ်မှာ ပြောင်းနေဖို့လည်း ဘကြီးမှုံပြောဖူးသည်။ တစ်ခုသာလျှင် စဉ်းစားစရာရှိသည်။ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်မှာ တစ်ယောက်နှင့် တစ်ယောက် စိတ်ကောက်နေတတ်ကြသည်။ ဘကြီးမှုံ ပြောပုံအရဆိုလျှင် တစ်လမှာ ရက်သုံးဆယ်လုံး စိတ်ကောက်၍ မလောက်သောကြောင့် နောက်လမှ ချေးရသေးသည်။
ရွာလူကြီးများက ကျွန်တော့်ဆန္ဒအတိုင်း ဘကြီးမှုံတို့အိမ်ကို ပြောင်းပေးကြသည်။ ဦးစံလှိုင်၊ ဒေါ်မြမေတို့ကို ကျေနပ်အောင် ရှင်းပြတောင်းပန်၍ သဘောတူ ခွင့်ပြုကြပါသည်။
ဘကြီးမှုံအိမ်သို့ လိုက်ပြောင်းပေးသော ရွာလူကြီးများက ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်ကို ဆရာ စိတ်ချမ်းချမ်းသာသာနေနိုင်ရန် စိတ်မကောက်ကြဖို့ တောင်းဆိုသည်။ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်က သဘောတူကြသည်။ သူတို့ခမျာ ကျွန်တော့်ကို အိမ်မှာ လက်ခံထား၍ လွတ်လပ်စွာ စိတ်ကောက်ခွင့် ဆုံးရှုံးကြပါသည်။ ဟန်ကျသေးတော့ လုံးဝစိတ်မကောက်ကျရုံမက ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေကြပါသည်။ ထိုသတင်း ကိုကြားပြီး ရွာလူကြီးများပါ ဝမ်းသာနေကြသည်။
ကျွန်တော် ကျောက်မီးရွာမှ ပြန်ပြောင်းသည်အထိ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်စိတ်ကောက်သည်ကို မတွေ့ခဲ့ရပါ။ အိမ်မကြီးနှင့် တွဲလျက်ရှိသော အဆောင်ပိုမှာနေရ၍ သီးခြားလွတ်လပ်နေပါသည်။ စားတော့လည်း ဒေါ်ဒေါ်မြိုင်ကပဲ ချက်ကျွေးပါသည်။ စေတနာကောင်း၍ ဟင်းချက်လည်းကောင်းပါသည်။
ဒေါ်ဒေါ်မြိုင်က အိမ်ရှေ့ကားလမ်းဘေးမှာပင် အိမ်ဆိုင်ဖွင့်ထားပါသည်။ စားသောက်ဖွယ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လယ်ယာသုံးကုန်ပစ္စည်းများပါ စုံနေအောင် ထားပါသည်။ ရောင်းကောင်းပါသည်။ ဘကြီးမှုံပါ ကူရောင်းသည်။ အလုပ်သမားမရှိပါ။
ဘကြီးမှုံကလည်း စီးပွားရေး သီးသန့်ရှိပါသည်။ ဝါးရောင်းသည်။ ထရံရောင်းသည်။ ဝင်းထရံနှင့် အိမ်သာကျင်းခွေများလည်း ရောင်းသည်။ ထရံရက်သော အလုပ်သမားများ ရှိပါသည်။ ဘကြီးမှုံက ဇယ်တောက်ခုံလုပ်ထား၍ ကျွန်တော့်အကြိုက်ဖြစ်သည်။ ကျောင်းအားရက်တွင် ရွာထဲမှ လူငယ်များ လာကစားကြ၍ လူငယ် များနှင့် ရင်းနှီးခင်မင်ရသည်။
နောက်တော့ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်မှာ မိဘလိုဖြစ်လာသည်။ သူတို့ကလည်း သားသမီးလို ချစ်ခင်ကြသည်။ ထမင်းဖိုးလက်ခံရန် မနည်းတောင်းပန်ရသည်။
ဘကြီးမှုံတို့ လင်မယားမှာ ကျွန်တော်ရောက်ကတည်းက ရန်မဖြစ်ရ၊ စိတ်မကောက်ရ၍ ချစ်ခင်ပျော်ရွှင်နေကြသည်။
ကျောက်မီးရွာလေးတွင် နေရသည်မှာ ကြည်နူးစရာ၊ အေးအေးချမ်းချမ်းလည်းရှိပါသည်။ ဒေါ် ဒေါ်မြိုင်၏ ကုန်စုံဆိုင်သည် ခြံဝင်းအပြင်မှာ ဖြစ်သည်။ ဆိုင်ထဲမှာ ပစ္စည်းအပြည့်ဖြစ်သည်။ သိမ်းဆည်းရန် မလိုပါ။ သော့ ခတ်ထားသည်ဆိုသော်လည်း စတိသာ ဖြစ်သည်။ သော့ခတ်ရန်မေ့သောညများ ရှိပါသည်။ ဘာမျှ မပျောက်ဖူးဘူးပါ။
ဘကြီးမှုံက ရွာမိရွာဖဖြစ်၍ ရွာလူကြီးအားလုံးနှင့် ရင်းနှီးသလို လူငယ်များနှင့်လည်း ခင်မင်သည်။ ဇယ်တောက်ခုံလုပ်ထားသည်မှာ သူကိုယ်တိုင်လူငယ်များနှင့် ကစားချင်၍ဖြစ်သည်။
ကျွန်တော့်အတွက် ဘကြီးမှုံသည် မိဘသဖွယ်အားကိုးရသကဲ့သို့ ကျွန်တော့်ကျောင်းအတွက်လည်း ရန်ပုံငွေများစွာ ရှာပေးသူဖြစ်သည်။
ဆောက်နေသော ကျောင်းဆောင်သစ်အတွက် လိုအပ်သော ရန်ပုံငွေရအောင် ရုပ်ရှင်ပြဖို့ အကြံပေးသည်။ ကျွန်တော်က မိဘဆရာအသင်းရန်ပုံငွေမှ ဤသို့ ရင်းနှီငွေအသုံးပြု၍ မရကြောင်း ပြောသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)
No comments:
Post a Comment