မောင်ငြိမ်းအောင် (တန့်ဆည်)
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က လယ်သမားကြီးတစ်ဦးက ထုံးကန့်ဆေးရည်ဆိုတာ ကြားဖူးတယ်။ ဒါပေမဲ့ လက်တွေ့တစ်ခါမှ မသုံးဖူးဘူး။ အဲဒါ ထုံးကန့်ဆေးရည် ဘယ်လိုဖျော်ရသလဲ၊ ဘယ်လိုအသုံးပြုရသလဲ၊ ဘယ်လိုပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနိုင်သလဲဆိုတာ သိချင်လို့ပါဆရာ။ အဲဒါ ဆရာအသေးစိတ်ပြောပြပေးပါဦးလို့ ပြောလာပါတယ်။
ပြောရရင်တော့ ထုံးကန့်ဆေးရည်ဟာ ဒီခေတ် ရေပန်းစားလာတဲ့ ဓာတုကင်းလွတ်၊ ဓာတုလျော့သီးနှံတွေ ထုတ်လုပ်ရာမှာ အလွန်အသုံးဝင်မယ့် ဆေးဖြစ်လို့ သုံးသင့်တဲ့ဆေးလို့ပဲ ပြောပါရစေ။ ဒီထုံးကန့်ဆေးရည်ကို ၁၈၅၁ ခုနှစ် ပြင်သစ်နိုင်ငံ ဗာဆေးပြည်နယ်မှ ဂရစ်ဆန်ဆိုတဲ့ ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးမှ စတင်တီထွင်ခဲ့တာပါ။ အဲဒီဆေးကို ‘‘ဂရစ်ဆန်ဆေး’’လို့ ခေါ်ခဲ့ပါတယ်။ အဲဒီတုန်းက ဂရစ်ဆန်ဟာ သီးနှံပင်တွေရဲ့ မှိုရောဂါကို ဒီဆေးနဲ့ ကာကွယ်နှိမ်နင်းအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
၁၈၈၆ ခုနှစ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ မက်မုံပင်ရွက်တွန့်ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကန့်ဟာ အပင်ရောဂါမှိုကို တိုက်ရိုက်ထိတွေ့၍ဖြစ်စေ၊ အငွေ့ဖြင့်ဖြစ်စေ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အပင်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒါ့ကြောင့် အပင်အဆိပ်သင့်မှုကို သက်သာအောင် ထုံးကို ထည့်ပေးရခြင်းဖြစ်ပါတယ်။
ထုံးကန့်ဆေးရည်ဖျော်စပ်ပုံနည်းကတော့ ကန့် ၂၅ ကျပ်သား၊ ထုံး ၁၂ ဒသမ ၅ ကျပ်သား၊ ရေခြောက်လီတာ လိုအပ်ပါတယ်။ ပထမ ရေ ၁ဝ လီတာဆန့်တဲ့ သတ္တုအိုးထဲသို့ ရေခြောက်လီတာ ထည့်ပါ။ အိုးတွင် ရေမှတ်ကို မှတ်ထားပါ။ သတ္တုအိုးကို ရေဆူသည်ထိ အပူပေးပါ။ ရေပူအိုးတည်နေစဉ်တွင် ကန့် ၂၅ ကျပ်သားကို ရေနွေးဖြင့် သီးသန့်ထည့်စရာခွက်တွင် ခပ်ပျစ်ပျစ်ရအောင် ဖျော်ပါ။ ထုံးပျစ်ပျစ်ကို သတ္တုအိုးရေပွက်ပွက်ဆူအတွင်းသို့ လောင်းထည့်ပါ။ ၄င်းနောက် ကန့်ပျစ်ပျစ်ကို ထပ်ထည့်၍ ရေပူသည်ထိ ကျိုပါ။ ကန့်ပျစ်ပျစ်ရည်ထည့်ပြီး ၁ဝ မိနစ်ကြာလျှင် မီးကို လျှော့ပါ။ ယောက်မကြီးကြီးဖြင့် ဆက်တိုက်မွှေပေးနေပါ။ မွှေနေစဉ် မူလသတ်မှတ်ထားသော ရေမှတ်ထက် လျော့ကျသွားပါက မူလရေမှတ်ထိရောက်အောင် ရေထပ်ဖြည့်ပေးပါ။ ဆက်တိုက်မွှေပေးနေပါ။
ဤသို့ကျိုနေစဉ် အချိန် ၄၅ မိနစ်မှ နှစ်နာရီခန့်ကြာလျှင် ဆေးရည်လိမ္မော်ရင့်ရောင်ပြောင်းလာပါမည်။ ဆေးရည်ကို အအေးခံ၍ ရေစစ်ပါးပါးဖြင့် စစ်ယူပါ။ ရရှိလာသော ထုံးကန့်ဆေးရည်ကို ပုလင်းသန့်သန့်တွင် ထည့်၍ အပေါ်မှရေနံဆီ သို့မဟုတ် ဆီထည့်၍ အဖုံးလုံအောင်ပိတ်၍ သိမ်းဆည်းနိုင်ပါတယ်။
![]() |
ဓာတ်ပုံ - wisarra.com |
ထုံးကန့်ဆေးရည်အသုံးပြုပုံမှာ ဖျန်းပုံးတွင် ရေလေးဂါလန်နှင့် ဆေးရည် ဟင်းစားဇွန်း ခုနစ်ဇွန်းမှ ၂၅ ဇွန်းထိ ရောစပ်၍ သမအောင် ဆေးဖျန်းပုံးကို လှုပ်ခါပေးရပါမယ်။ ၄င်းရောစပ်ထားသော ထုံးကန့်ဆေးရည်ကို သီးနှံပင်များသို့ ပက်ဖျန်းနိုင်ပါတယ်။ သီးနှံပင်အမျိုးအစား ပိုးမွှားရောဂါအမျိုးအစားအလိုက် ရေဂါလန် ၁ဝဝ တွင် ထုံးကန့်ဆေးရည် ၁ ဒသမ ၅ ဂါလန်မှ ၁၂ ဂါလန်ထိ သုံးစွဲနိုင်ကြောင်း သုတေသနစာတမ်းများက ဖော်ပြထားပါတယ်။
ထုံးကန့်ဆေးရည်ဖြင့် ကာကွယ်နှိမ်နင်းနိုင်သော ပိုးမွှားရောဂါများမှာ စပျစ်ရွက်ပြောက်၊ ရွက်ခြောက်၊ ကြက်သွန်တောက်တဲ့မီး၊ ရှောက်သံပရာကိုင်းဖျားခြောက်၊ ဝါမြစ်ပုပ်၊ မွှားပင့်ကူ၊ အကြေးပိုး၊ လှေးပိုး၊ ပျပိုး၊ မီလီဂျပိုး၊ အကိုင်းထိုးပိုး၊ မှိုဖြူရောဂါ၊ နှင်းဆီရွက်နက်ပျောက်ရောဂါ၊ သံချေးရောဂါ၊ ကိုင်းဖြားခြောက်ရောဂါ၊ မြေပဲ၊ ပဲမျိုးစုံ၊ ရွက်ခြောက်ရောဂါ၊ မြစ်ပုပ်ရောဂါ၊ ပင်စည်ကွဲအက်ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ထုံးကန့်ဆးရည်ဟာ သဘာဝဆေးရည်တစ်ခုဖြစ်သော်လည်း ဓာတုဆေးများကဲ့သို့ သတိပြုသုံးကြရန် လိုပါတယ်။ အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ထက်ကျော်ရင် မဖျန်းပါနဲ့။ အပင်လောင်စေနိုင်ပါတယ်။ နံနက်စောစော၊ ညနေပိုင်းအချိန်မှသာ ဖျန်းပါ။ ထုံးကန့်ဆေးရည်ကို အနံ့ရှူရှိုက်မိခြင်း၊ မျက်စိ၊ ပါးစပ်တို့မှဝင်ခြင်း၊ အရေပြားပေါ်ထိခြင်းများဖြစ်လျှင် လူကို အန္တရာယ်ဖြစ်စေနိုင်သဖြင့် ဆေးဖျန်းလျှင် ခန္ဓာကိုယ်ကို လုံခြုံစွာ ကာကွယ်ဝတ်ဆင်ပြီးမှ ပက်ဖျန်းသင့်ပါတယ်။ ထုံးကန့်ဖျော်စပ်အသုံးပြုနည်းကို သိကြပြီဖြစ်သဖြင့် စမ်းသပ်သုံးစွဲကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)
No comments:
Post a Comment