ဒေါက်တာမြင့်သန်းထွန်း
ဦးခေါင်းခွံအတွင်း၌ သွေးခဲခြင်းသည် ဦးခေါင်းဒဏ်ရာရခြင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ သွေးခဲခြင်းသည် ထိခိုက်ဒဏ်ရာကြောင့် ဦးခေါင်းရိုးတွင်ရှိသည့် သွေးလွှတ်ကြောပေါက်သွားပြီး သွေးများထွက်လာခြင်းဖြစ်ပါသည်။ ထိုသွေးများသည် သွေးခဲတုံးကြီးဖြစ်လာကာ ဦးနှောက်ကို ဖိထားတတ်ပါသည်။ သွေးခဲတုံးကြီးကို ဆေးရုံ၌ ချက်ချင်းခွဲထုတ်မှုမပြုနိုင်ပါက ဦးနှောက်၏ ဖိအားတက်လာပြီး သေဆုံးနိုင်ပါသည်။ ဦးခေါင်းဒဏ်ရာရခြင်းကြောင့် သတိမေ့သွားခြင်းသည် သွေးခဲခြင်းကြောင့် ဖြစ်တတ်သည်ကို သတိပြုရပါမည်။
![]() |
ဓာတ်ပုံ - Lotaya |
သွေးခဲခြင်းဖြစ်စေသောအကြောင်း
နား၏အရှေ့နှင့် ဦးခေါင်းခွံတွင် စီးဆင်းနေသော သွေးကြောနေရာပေါ်တွင်ရှိသည့် ဦးခေါင်းခွံရိုးကွဲသွားခြင်းကြောင့် ဖြစ်တတ်ပါသည်။ ဦးခေါင်းခွံနှင့် ဦးနှောက်ကြားနေရာတွင် သွေးယိုထွက်လာပြီး သွေးခဲတတ်ပါသည်။ ထို့နောက် သွေးယိုစီးဆင်းမှုကြောင့် ဦးနှောက်ပေါ်တွင် ဖိအားများလာပြီး သတိမေ့ခြင်းများ ဖြစ်ပေါ်လာစေပါသည်။
သွေးခဲခြင်းကြာသောအချိန်
ဦးခေါင်းအား ထိခိုက်ဒဏ်ရာရပြီး ၂ နာရီမှ ၆ နာရီကြားတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်တတ်ပါသည်။ ရောဂါပြင်းထန်ပါက ပိုမြန်တတ်ပါသည်။ ဦးခေါင်းခွံတွင် သွေးခဲမှုသည် တဖြည်းဖြည်းဖြစ်ပေါ်လာပါက လူနာကို ဆေးရုံသို့အမြန်ပို့ပြီး ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဒဏ်ရာပြင်းထန်ပါက ဦးနှောက်ပေါ်တွင် ဖိအားလျင်မြန်စွာ သက်ရောက်ပြီး ဆေးကုသမှုမပေးမီ သေဆုံးတတ်ပါသည်။
ရောဂါလက္ခဏာများ
ဦးခေါင်းဒဏ်ရာ ရရှိပါက သတိမေ့တတ်ပါသည်။ စက္ကန့်အနည်းငယ် သို့မဟုတ် နာရီအနည်းငယ်ကြာတတ်ပါသည်။ အန်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း သို့မဟုတ် တောင့်တင်းနေခြင်းနှင့် မျက်စိသူငယ်အိမ်ကို ကြည့်ပါက အကျယ်နှစ်ဖက် မတူညီခြင်းများ ခံစားရနိုင်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ဦးခေါင်းဒဏ်ရာရခြင်းကြောင့် ပထမဆုံး သတိမေ့သောအချိန်သည် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ထက် ပိုကြာပါက ပြင်းထန်သောကြောင့် ဆေးရုံသို့ ချက်ချင်းပို့ပေးရပါမည်။ ဆေးကုသမှုခံယူခြင်းမရှိပါက သွေးခဲမှုများကြောင့် သေဆုံးနိုင်ပါသည်။
ကုသခြင်း
ဦးခေါင်းဒဏ်ရာရပြီးနောက် သတိမေ့သွားပါက ပေါ့ဆ၍မရပါ။ အရေးပေါ်ရှေးဦးသူနာပြုစုရန် လိုအပ်ပါသည်။ လူနာကို လှဲအိပ်ခိုင်းထားရပါမည်။ အသက်ဝဝရှူနိုင်ရန် နေရာကျယ်ကျယ် ထားပေးရပါမည်။ အနားတွင် လူများစုပြုံပြီး အုံနေပါက အသက်ရှူမဝဖြစ်တတ်၍ သတိထားရပါမည်။ လေဝင်လေထွက်ကောင်းသောနေရာဖြစ်ရပါမည်။ အသက်ရှူရပ်သွားပါက အရေးပေါ်အသက်ပြန်ရှူနည်းကို ဆောင်ရွက်ပေးရပါမည်။ အရေးပေါ် ရှေးဦးသူနာပြုစုပြီးနောက် ဆေးရုံကို ချက်ချင်းသွားပြရပါမည်။ ဆေးရုံတွင် အနည်းဆုံး ၂၄ နာရီ အာရုံကြောခွဲစိတ်ဆရာဝန်ကြီးနှင့် သမားတော်ကြီးများဖြင့် ကုသရပါမည်။
ရောဂါစစ်ဆေးကုသခြင်း
ဦးခေါင်းခွံတွင် သွေးခဲခြင်းသည် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ဦးခေါင်းခွံကို ဓာတ်မှန်ရိုက်ခြင်း၊ CT Scan ရိုက်ခြင်းများ ပြုလုပ်ရပါမည်။ ဦးခေါင်းခွံထဲတွင် သွေးခဲမှုရှိပါက အရေးပေါ် ခွဲစိတ်ကုသရပါမည်။ သွေးခဲကို ထုတ်ပေးရပါမည်။ သို့မှသာ ဦးနှောက်ပေါ် ဖိအားသက်ရောက်မှု လျော့နည်းသွားပြီး အသက်ရှင်နိုင်ပါမည်။
ကာကွယ်ခြင်း
ဦးနှောက်ဒဏ်ရာရရှိမှုကို ကာကွယ်ရန် Road Traffic Accident(RTA) လမ်းပေါ်မှ မတော်တဆထိခိုက်မှုများ မရှိစေရန် ဆောင်ရွက်ထားရပါမည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာရပါမည်။
အကြံပြုချက်
ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိပါက ဦးနှောက်ပေါ်တွင် ဖိအားများ မြန်မြန်ရောက်လာတတ်ပါသည်။ ဆေးကုသမှု မပြုလုပ်ခင်သေဆုံးတတ်ပါသည်။ လူနာကို ဆေးရုံကို လျင်မြန်စွာပို့ပြီး ဦးခေါင်းခွံကို ခွဲစိတ်၍ သွေးခဲကို ဖယ်ရှားကုသနိုင်ပါက ရောဂါပျောက်ကင်းနိုင်ကြောင်း အကြံပြုအပ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)
No comments:
Post a Comment