သီးနှံစိုက်ပျိုးသော လောက၏ ကနဦးပိုင်းတွင် အပင်အရွက်ဖျန်းဖျော်ရည်များ၊ အပင်နှိုးဆွပစ္စည်းများ၊ အပင်ဟော်မုန်းများကို တစ်ခုနှင့်တစ်ခု အတူတူပင်ဖြစ်သည်ဟု ရောထွေး၍ နှစ်ပေါင်းကြာရှည်စွာ လက်ခံသုံးစွဲခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် အမေရိကန် အပင်ဇီဝကမ္မအသင်းကြီး၏ဥက္ကဋ္ဌ K.V. Thimann က အပင်ဟော်မုန်းများသည် သီးခြားဖြစ်သည်။ အပင်အရွက်ဖျန်းဖျော်ရည်များသည် အပင်နှိုးဆွပစ္စည်းများနှင့်မတူဟု အတည်ပြုပေးခဲ့သည်။
အပင်ဟော်မုန်းသည် သီးနှံပင်ကို စိုက်ပျိုးထုတ်လုပ်၍ မည်သည့်အပင်ကမှ ထုတ်ယူ၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အပင်အတွင်း အပင်ဟော်မုန်းဖြစ်ပေါ်မှု ပမာဏမှာ အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ ဓာတ်ခွဲခန်းတွင် လူတို့ဖန်တီးထုတ်လုပ်သော ဇီဝဓာတ်ဟော်မုန်းများမှာ အပင်အတွင်း သဘာဝအလျောက် ဖြစ်ပေါ်လာသော ဟော်မုန်းများနှင့် ဖွဲ့စည်းပုံသာမက ဂုဏ်သတ္တိပါ တူနေသည်ကို တွေ့ရသည်။ အပင်ဟော်မုန်းများသည် သဘာဝအလျောက်ဖြစ်ပေါ်သော ဇီဝဓာတုပစ္စည်းဖြစ်သည့် အပင်၏ အင်္ဂါအစိတ်အပိုင်း တစ်နေရာမှ ဖြစ်ပေါ်ပြီး အခြားတစ်နေရာသို့ ရွှေ့ပြောင်းနိုင်သည်။ ပမာဏ နည်းနည်းဖြင့် အပင်ကြီးထွားဖွံ့ဖြိုးခြင်းကို လှုံ့ဆော်ပေးသည်။ သီးကင်းမကြွေစေခြင်း၊ အသီးရင့်မှည့်လွယ်စေခြင်း၊ နားနေမှုမှ နိုးထစေခြင်း၊ ပန်းပွင့်စေခြင်း၊ အသီးတင်စေခြင်း၊ ရင့်မှည့်စေခြင်း၊ အပင်ပုစေ၊ ရှည်စေခြင်းတို့အတွက် အပင်ဟော်မုန်းများကို ခြောက်မျိုး ခွဲခြားထားသည်။ (၁) အောက်ဇင်ဟော်မုန်း၊ (၂) စိုက်တိုကိုင်နင်ဟော်မုန်း၊ (၃) ဂျစ်ဘရယ်လင်ဟော်မုန်းများ၊ (၄) အက်သလင်းဟော်မုန်းများ၊ (၅) နှေးကွေးစေသောဟော်မုန်းများ၊ (၆) ဆီးတားစေသောဟော်မုန်းများဟူ၍ ဖြစ်သည်။
အစားအစာ စားနပ်ရိက္ခာ ဓာတ်ကြွင်းများ၏ အဆိပ်သင့်ခံရမှု အတိဒုက္ခနောက်ဝယ် ဓာတုပစ္စည်းပါသော ဓာတုပိုးသတ်ဆေးများ၊ ဓာတုပေါင်းသတ်ဆေးများ၊ ဓာတုအပင်ဟော်မုန်းများ၊ အပင်အားတိုး ရွက်ဖျန်းဆေးများနေရာတွင် ဇီဝနည်းဖြင့်ထုတ်လုပ်သော ပိုးသတ်ဆေးများ၊ အပင်အားတိုးဆေးများ၊ အပင်ဟော်မုန်းဆေးများကို အစားထိုးသုံးစွဲလာသည်မှာ အတော်ပင်ခရီးရောက်လာပြီ ဖြစ်ပါသည်။
ဥပမာ ဆေးရွက်ကြီးဖျော်ရည်၊ ကြက်သွန်ဖြူဖျော်ရည်၊ တမာရွက်၊ တမာစေ့ဖျော်ရည်၊ ငါးအမိုင်နိုအက်စစ်ဖျော်ရည်၊ သစ်သီးစုံဖျော်ရည် စသည်များ ဖြစ်သည်။ ယခုပေါ်လာသည်မှာ ဇီဝနည်းဖြင့် ထုတ်လုပ်သည့် ပြောင်းဖူးစေ့အပင်ဟော်မုန်း ဖြစ်ပါသည်။ ပြောင်းဖူးစေ့တွင် အောက်ဇင်များ၊ စိုင်တိုကိုင်နင်များ၊ ဂျစ်ဘရင်လင်များအပြင် အခြားအပင်ကလိုအပ်သည့် အင်ဇိုင်းပါဝင်မှုကို အခြေခံ၍ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
![]() |
ဓာတ်ပုံ - idea2makemoney.com |
ဇီဝနည်းဖြင့် ပြောင်းဖူးစေ့မှ အပင်ဟော်မုန်း ထုတ်လုပ်ပုံ ထုတ်လုပ်နည်းမှာ တစ်ဧကအတွက် ပြောင်းဖူးစေ့သုံးပြည် လိုအပ်ပါသည်။ ပြောင်းဖူးစေ့များကို ရေတစ်ညစိမ်၊ ပြန်ဆယ်ယူပြီး ရေစစ်ရပါမည်။ ရေစစ်ပြီးပါက အောက်ခံဖျာ (သို့) ရေစစ်နိုင်သည့် အခင်းတစ်ခုတွင် ဖြန့်၍ အပေါ်မှ ရေစိုအဝတ်ကိုညှစ်၍ ဖြန့်အုပ်ထားရပါမည်။ သုံးရက်ခန့်တွင် အညှောင့်များ လက်မဝက်ခန့် ထွက်လာသည့်အခါ ကြိတ်စက်နှင့် ကြိတ်၍ အမှုန့်ဖြစ်အောင် ပြုလုပ်ရန် လိုအပ်ပါသည်။
ရရှိလာသော ပြောင်းဖူးအမှုန့် တစ်ဆ၊ ရေ သုံးဆ၊ သကာရည် တစ်ဆတို့ကို အိုး၊ ပုံး တစ်ခုခုတွင် ရော၍ စိမ်ရမည်ဖြစ်ပါသည်။ နှစ်လခန့်ကြာသည်ထိ စိမ်ရမည် ဖြစ်ပါသည်။ စိမ်ထားသောကာလတွင် နှစ်ရက်လျှင်တစ်ကြိမ် တုတ်ဖြင့်မွှေပေးရန် လိုပါသည်။ စိမ်ရက် နှစ်လကျော်သွားသောအခါ ၎င်းပြောင်းဖူးစေ့စိမ်ရည်ကို ဇကာ (သို့) ပိတ်ပါးစဖြင့် စစ်ယူရန် လိုပါသည်။
စစ်၍ရရှိသော ပြောင်းဖူးစေ့စိမ်ရည် (၂၀ စီစီမှ ၄၀၀ စီစီကို) ရေလေးဂါလန်နှင့် ရော၍ ဆေးဖျန်းပုံးတွင်ထည့်ပြီး ဖျန်းနိုင်ပါသည်။ တစ်ဧကအတွက် လေးဂါလန်ဝင်ဆံ့သည့် ဆေးဖျန်းပုံး ငါးပုံး အသုံးပြုရန် လိုအပ်ပါသည်။ ဇီဝနည်းဖြင့် ပြောင်းဖူးစေ့ဟော်မုန်းဖျော်ရည်သည် အပင်ပေါက်မြန်စေခြင်း၊ အပင်ကြီးထွားသန်မာစေခြင်း၊ အပွင့်အားကောင်းစေခြင်း၊ အသီးအားကောင်းစေခြင်း၊ သီးနှံအရည်အသွေးကောင်းစေခြင်း၊ ရင့်မှည့်မှုညီညာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ပြောင်းဖူးစေ့ဟော်မုန်းဖျော်ရည်ကို ခရမ်းချဉ်၊ အာလူးခင်းများတွင် အသုံးပြုခြင်းသည် အသုံးမပြုသော သီးနှံစိုက်ခင်းထက် အထွက်နှုန်း ငါးဆမှ ခြောက်ဆ ပိုမိုသည်ဟု လက်တွေ့ အသုံးပြုခြင်းမှ သိရသည်။ ပြောင်းဖူးစေ့ဟော်မုန်းဖျော်ရည်သည် တစ်ဧကပစ္စည်းဖိုး ကျပ် ၁၀၀၀ ခန့်သာ ကုန်ကျပြီး တောင်သူလယ်သမားကြီးများ မိမိလက်တစ်ကမ်းတွင် လွယ်လွယ်ပြုလုပ်သုံးစွဲနိုင်သည့် နည်းပညာဖြစ်သည်။ ကုန်ကျစရိတ်သက်သာပြီး ဓာတုဓာတ်ကြွင်း ပါဝင်မှုကင်းသဖြင့် စားနပ်ရိက္ခာလုံခြုံမှုအတွက် စိတ်ချရသည်။ သီးနှံအရည်အသွေးကောင်းပြီး ဓာတုဓာတ်ကြွင်းကင်းသဖြင့် ဈေးကောင်းရနိုင်သည်။
ယခုအခါတွင် စားနပ်ရိက္ခာ လုံခြုံရေးအတွက် စိုက်ပျိုရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ခေတ်စားလာချိန်တွင် အလွန်အသုံးတည့်မည့် နည်းပညာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မောင်ငြိမ်းအောင်(တန့်ဆည်)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၈)
No comments:
Post a Comment