နေဝင်းလွင် (မွေး/ကု)
မေး။ ကျွန်တော်တို့ ကျေးလက်ဒေသအနေဖြင့် တောကြက်(ခေါ်) ဒေသကြက်မွေးမြူရာတွင် ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မွေးမြူရေးနည်းလမ်းတွေရှိရင် ပြောပြပါခင်ဗျာ။
ဖြေ။ တောကြက်လို့ခေါ်တဲ့ ဒေသကြက်၊ ကျေးလက်ကြက်မွေးမြူရေးဟာ ဝင်ငွေရရှိမှုနည်းပါးတာကလွဲပြီး ငွေရင်းနှီးမှုနည်းပါတယ်။ ဒါ့အပြင် ဂရုတစိုက်မွေးမြူရန် မလိုအပ်ဘဲ ကျေးလက်နေပြည်သူတို့အတွက် အသင့်တော်ဆုံးနဲ့ အကျိုးရှိဆုံးမွေးမြူရေး ဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့လည်း လိုအပ်ရင်လိုအပ်သလို ထုတ်၍ ရောင်းချရတာလွယ်ကူတဲ့ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေပါတယ်။ ကျေးလက်ကြက်မွေးမြူရေးမှာ အဓိကအကျဆုံးအပိုင်းတွေဖြစ်တဲ့ ကြက်မတွေ ဥဥတဲ့အချိန်၊ ကြက်မတွေ ကြက်ဥတွေ အပေါ်ဝပ်တဲ့အချိန်မှာ ကြက်ကလေးတွေ အများဆုံး သားပေါက်နိုင်ဖို့နဲ့ ကြက်ကလေးတွေ သားခွဲချိန်မတိုင်မီ အသေအပျောက် အနည်းဆုံးဖြစ်ဖို့ ဂရုစိုက်မွေးမြူဖို့ လိုပါတယ်။
မေး။ ကြက်မတွေ ဥတဲ့ကာလအတွင်းမှာ ဥလုံးရေ အရေအတွက် များများဥနိုင်ဖို့ ဘယ်လိုစီမံပေးဖို့ုလိုပါ သလဲခင်ဗျာ။
ဖြေ။ ကြက်မတွေဟာ အသက် ၂၂ ပတ်နဲ့ အသက် ၃၂ ပတ်လောက်အရွယ်မှာ စတင်ဥကြပြီး ကြက်မတွေရဲ့အသက် ၄ဝ ပတ်နဲ့ ၅ဝ ပတ်ဝန်းကျင်မှာတော့ ဥအများဆုံးအချိန်ကို ရောက်ရှိပြီးနောက်ပိုင်း ဥဥနှုန်း တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ ဥဥနေတဲ့ ကြက်မမှာ ထုံးဓာတ်အများဆုံးလိုအပ်တာမို့ ထုံးဓာတ်ပါဝင်မှုများတဲ့ ခရုခွံ၊ ကြက်ဥခွံ စတာတွေကို ကျွေးပေးရပါမယ်။ ကြက်မတွေအတွက် ဥဥဖို့ ဥကျင်းတွေပြုလုပ်ပေးဖို့၊ အိပ်တန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကြက်မတွေ ဥစဥတတ်ဖို့ ဥကျင်းထဲမှာ ကြက်ဥနဲ့တူတဲ့ ကျောက်ခဲတွေကို ထည့်ထားရပါမယ်။ ဥကျင်းတွေကို အေးပြီး မှောင်တဲ့နေရာမှာ ထားပေးရပါမယ်။ ကြက်မတွေ ဥထားတဲ့ဥတွေကို နေ့စဉ် တစ်နေ့ သုံးကြိမ်၊ လေးကြိမ် ယူပေးခြင်းအားဖြင့် ကြက်မတွေ ဥတွေအပေါ်မှာ ဝပ်တတ်တဲ့အကျင့်ကို ရှောင်လွှဲလို့ ရပါတယ်။ ဝပ်တတ်တဲ့ကြက်မကိုတွေ့ရင် ဥကျင်းနဲ့ တစ်နေရာစီခွဲထားပြီး ကြက်မကို တစ်ကောင်တည်း လှောင်အိမ်တစ်ခုထဲမှာ ထည့်ထားဖို့လိုပါတယ်။ ဥဥတဲ့ကြက်မတွေအတွက် သန့်ရှင်းလတ်ဆတ်တဲ့ ရေနဲ့ အစာကို ပေါပေါများများစားနိုင်ရန် ဖန်တီးပေးရပါမယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
မေး။ ကြက်ကလေးတွေ သားပေါက်ဖို့ ကြက်မတွေ ကြက်ဥတွေအပေါ် ဝပ်တဲ့အချိန်မှာ အကောင်းဆုံး ဝပ်နိုင်စေဖို့ ဘယ်လိုပြုစုစောင့်ရှောက်ပေးဖို့ လိုပါသလဲခင်ဗျာ။
ဖြေ။ ကြက်ကလေးတွေ ကောင်ရေများများပေါက်စေဖို့ ဝပ်တဲ့ကြက်မတွေကို တရစပ်ဝပ်တတ်စေမယ့် အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကြက်မတွေဟာ ဝပ်တဲ့အချိန်မှာ အစာစားချိန်နဲ့ ရေသောက်ချိန်ကလွဲရင် ဝပ်နေတတ်တာမို့ သီးသန့်အစာခွက်နဲ့ ရေခွက်ကို ကြက်မဝပ်တဲ့နေရာနဲ့ အနီးဆုံးမှာ ထားပေးဖို့လိုပါတယ်။ ဒါ့အပြင် အစာစိမ်းလည်း ကျွေးပေးဖို့လိုအပ်တဲ့အတွက် အသီးအရွက်နဲ့ မြက်နုတွေကို စင်းပြီး အစာခွက်နဲ့ကျွေးပေးရပါမယ်။ ဝပ်တဲ့အချိန်မှာ ကြက်သန်းတွေ ပွားများလာတတ်တာမို့ ဝပ်ကျင်းထဲမှာရှိတဲ့ ကောက်ရိုးခြောက်တွေအပေါ်မှာ ပြာမှုန့်ဖြူးထားရပါမယ်။ ကြက်မဟာ ကိုယ်ပေါ်က သန်းတွေကို ဖယ်ရှားနိုင်ဖို့ ဝပ်ကျင်းထားတဲ့ အိမ်နားမှာ သဲလူးကျင်း၊ ဖုန်လူးကျင်းတွေ ထားပေးရပါမယ်။ ဒါ့အပြင် ကြက်ကလေးတွေ ဥက အကောင်ပေါက်ဖို့ ရေငွေ့ဓာတ်လိုတာမို့ ဝပ်ကြက်မရဲ့ရင်ဘတ်ကို ရေစွတ်ပေးဖို့ လိုပါတယ်။
မေး။ ကြက်ကလေးတွေ သားမခွဲခင်ကာလမှာ အသေအပျောက်နည်းဖို့အတွက် ဘယ်လိုအလေ့အကျင့်တွေ ပြုလုပ်ပေးရပါမလဲခင်ဗျာ။
ဖြေ။ ကြက်ကလေးတွေ သားမခွဲခင် အသေအပျောက် အများဆုံးအချိန်က ကြက်ကလေးတွေ အသက် တစ်ပတ်သားအရွယ်ဖြစ်ပါတယ်။ ကြက်ကလေးတွေဟာ ဥပေါက်ပြီး မိခင်ကြက်မကြီးသွားတဲ့နေရာနောက်ကို တစ်ကောက်ကောက်လိုက်တဲ့အတွက် အဲဒီအချိန်မှာ ကျီးကန်းတို့၊ စွန်တို့ရဲ့ သုတ်ချီတာကို ခံရပြီး မြွေတွေရဲ့မျိုတာကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ကားလမ်းပေါ်မှာ မတော်တဆသေဆုံးတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက်ကလေးတွေရဲ့အသက် ပထမအပတ်မှာ မိခင်ကြက်မကြီးနဲ့ လိုက်ဖို့ခွင့်မပြုရပါဘူး။ နောက်တစ်ချက်က ကြက်ကလေးတွေနဲ့ မိခင်ကြက်မကြီးသွားတတ်တဲ့နေရာအနီးတစ်ဝိုက်မှာ ကြက်အုပ်ဆောင်းတွေ ထားပေးခြင်းဖြင့် ကျီးကန်းတွေ၊ စွန်တွေလာတဲ့အခါ အုပ်ဆောင်းအတွင်း ဝင်ခိုလို့ရပါတယ်။ ကြက်ငယ်လေးတွေ ကြီးထွားနှုန်းကောင်းစေဖို့ အရည်အသွေးပြည့်ဝပြီး အသားဓာတ်များများပါတဲ့ အစာတွေကို ဖြည့်စွက်စာအဖြစ် ကျွေးပေးရပါမယ်။ ဥပမာအားဖြင့် အစာအဖြစ် တီကောင်၊ ခရု၊ ခြတို့ကို ရှာဖွေကျွေးရပါမယ်။ နောက်တစ်ချက်က ကြက်ကလေးတွေကို အစာကျွေးတဲ့အခါ ရောဂါကူးစက်မှု မရှိစေဖို့ ကြက်ကြီးတွေနဲ့အတူ ရောမကျွေးရပါဘူး။ ကူးစက်ရောဂါတွေမဖြစ်ပွားစေဖို့ အသက်အရွယ်အလိုက် လည်လိမ်ရောဂါ၊ ဝမ်းရောဂါ၊ ကျောက်ရောဂါ ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ သားထိန်းကြက်မကြီးနဲ့ ကြက်ကလေးတွေကို အစာကျွေးတဲ့အခါ ရာသီဥတုပေါ်မူတည်ပြီး အေးတဲ့အချိန်တွေဖြစ်တဲ့ နံနက်စောစောနဲ့ ညနေပိုင်းတွေမှာ အစာကျွေးပေးဖို့လိုပါတယ်။
![]() |
ဓာတ်ပုံ - အင်တာနက် |
မေး။ ဒေသကြက်မွေးမြူရေးနဲ့ပတ်သက်ပြီး တခြား သိသင့်သိထိုက်တဲ့ အချက်တွေ ရှိပါသေးလားခင်ဗျာ။
ဖြေ။ ဒေသကြက်မွေးမြူရာတွင် အနှောင့်အယှက်ဖြစ်စေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဥမရတဲ့ကြက်တွေ၊ ပိန်လှီသေးငယ်တဲ့ကြက်တွေ၊ ကြက်ဖအပိုတွေကို ရောင်းထုတ်ပစ်ရပါမယ်။
မေး။ ကျေးလက်ဒေသကြက်မွေးမြူရေးဖွံ့ဖြိုးမှုအတွက် လိုအပ်တာတွေ ဖြည့်စွက်လိုက်ရင် ထုတ်လုပ်မှုတွေ ဘယ်လောက်မြင့်မားလာနိုင်ပါသလဲ ခင်ဗျာ။
ဖြေ။ သမားရိုးကျမွေးမြူရေးမှာ လိုအပ်နေတဲ့ ပြုပြင်လို့ရနိုင်တဲ့ အားနည်းချက်တွေကို လွယ်ကူတဲ့ နည်းပညာဆိုင်ရာ အလေ့အကျင့်တွေနဲ့ ပြုပြင်လိုက်ရင် ပုံမှန်ကျေးလက်ဒေသကြက်မတစ်ကောင် တစ်နှစ် ကြက်ဥအလုံး ၃ဝ ကနေ ၅ဝ ဥဥရာမှ ၁၅ဝ အထိ ဥလာနိုင်ပြီး ကြက်မတွေရဲ့ ကြီးထွားနှုန်းဟာ တစ်နေ့ ငါးဂရမ်မှ ၁ဝ ဂရမ်ရှိရာက တစ်နေ့ ၁ဝ ဂရမ်မှ ၂ဝ ဂရမ်အထိ တိုးမြင့်လာမှာဖြစ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)
No comments:
Post a Comment