စံလွင်(ငါးဦးစီး)
ပဒူကို ပျားတူဟုခေါ်သည်။ အကြောင်းမှာ ရုတ်တရက်ကြည့်ပါက ပျားနှင့်ပုံသဏ္ဌာန်ဆင်၍ ဖြစ်သည်။ ထို့ကြောင့် ပျားတူ၊ ပျဒူ၊ ပဒူဟု ခေါ်ကြခြင်းဖြစ်မည်ဟု ထင်သည်။ ပဒူသည် အင်းဆက်အမျိုးအစားတွင်ပါဝင်ပြီးပျားကဲ့သို့ အုံဖွဲ့သည်။ ပျားအုံ၏ပျားဘုရင်မရှိသကဲ့သို့ ပဒူအုံ၌လည်း ပဒူဘုရင်မရှိသည်။ ပျားတစ်အုံတွင် ပျားဘုရင်မ၊ လုပ်သားပျား၊ ပျားထီးရှိသကဲ့သို့ ပဒူ၌လည်း အလားတူရှိသည်။
ပျားအုံရှိ ပျားသလက်တွင် သားလောင်းများရှိသကဲ့သို့ ပဒူ၌လည်းရှိသည်။ သို့သော် ကွာခြားချက်မှာ ပျားသည် ပန်းဝတ်ရည်စုပ်၍ စားသုံးခြင်း၊ ပန်းဝတ်ရည်ကို ပျားရည်ပြု၍ သိုလှောင်သည့်ပျားသလက်ရှိသော်လည်း ပဒူအုံ၌ မတွေ့ရချေ။ သို့သော် ပျားဘုရင်မနှင့် သားလောင်းများကို လုပ်သားပျားများကပြုစုခြင်း၊ အစာကျွေးခြင်းများရှိသကဲ့သို့ ပဒူလုပ်သားများကလည်း ပဒူသားလောင်းများကို ပြုစုသည်။ အစာကျွေးသည်။
![]() |
ဓာတ်ပုံ - theartsupplystore |
ပျား၌ အဆိပ်ဆူးရှိသကဲ့သို့ ပဒူ၌လည်းရှိသည်။ သို့သော် ပဒူတုပ်လျှင် ပျားနှင့် နဂျီတို့ တုပ်သည်ထက် ပိုမိုပြင်းထန်စွာ နာကျင်ရခြင်းအကြောင်းမှာ ထိုပဒူအဆိပ်တွင် Acetylcholine ၅ ရာခိုင်နှုန်းအထိ ပမာဏပိုမိုများပြားစွာ ပါဝင်နေခြင်းကြောင့်ဟုဆိုသည်။ ပျားသည် သတ္တဝါတစ်ကောင်ကို တစ်ကြိမ်တုပ်ပြီးလျှင် သေဆုံးသွားသည့်အကြောင်းမှာ အဆိပ်ဆူးဖြင့် ထိုးတုပ်ပြီး ၄င်းအဆိပ်ဆူးသည် အတုပ်ခံရသည့် သတ္တဝါကိုယ်၌ စိုက်ဝင်ကပ်ငြိကျန်ရစ်ကာ ထိုအဆိပ်ဆူးနှင့်ဆက်နေသည့် အစိတ်အပိုင်းသည် ခန္ဓာကိုယ်မှ ပြုတ်ထွက်သွား၍ သေဆုံးရခြင်းဖြစ်သည်။ သို့သော် ပဒူကောင်၏ အဆိပ်ဆူးသည် သေးမျှင်ပျော့ပြောင်းသည်ဖြစ်၍ သတ္တဝါကို တုပ်လိုက်ပြီးက အလွယ်တကူ ပြန်လည်နုတ်နိုင်သည်။ သို့ဖြစ်၍ ပဒူတစ်ကောင်သည် ပျားကဲ့သို့ တစ်ကြိမ်တုပ်ပြီးက သေဆုံးခြင်းမရှိဘဲ သူ၏ ရန်သူနှင့် သားကောင်တို့ကို ကြိမ်ဖန်များစွာ အဆိပ်ဆူးဖြင့် တိုက်ခိုက်နိုင်သည်။
ပျားတို့၏အစာသည် ပန်းဝတ်ရည်တစ်မျိုးတည်းဖြစ်သော်လည်း ပဒူတို့၏အစာကား ပန်းဝတ်ရည်များနှင့် ငှက်ပျောသီး၊ ပန်းသီးကဲ့သို့ သကြားဓာတ်ကြွယ်ဝသည့် အသီးများကို စုပ်ယူစားသုံးသည်။ ထို့ပြင် ပျားအုံများကို တိုက်ခိုက်သတ်ဖြတ်ကာ ပျားရည်များကို လုယက်စားသုံးသည်။ ပဒူများသည် ၄င်းတို့ထက် အရွယ်အစားကြီးမားသော ဓားခုတ်ကောင်၊ နှံကောင်၊ ကျိုင်းကောင်များကို အဆိပ်ဆူးများ၊ ၄င်းတို့၏ သန်မာသောမေးရိုးများဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သတ်ဖြတ်ပြီးသော အင်းဆက်ပိုးမွှားများကို ဝါးမျိုစားသုံးသည်။ အစာအာဟာရအဖြစ်လည်း သားလောင်းများကို ကျွေးမွေးသည်။
ပဒူများသည် ရန်လိုတတ်သောသဘာဝရှိ၍ ၄င်းတို့၏အသိုက်အမြုံကို ကာကွယ်ရန်နှင့် သားကောင်များကို ဖမ်းဆီးရန်အတွက် အဆိပ်ဆူးဖြင့် ပြင်းထန်စွာ တိုက်ခိုက်တတ်သည်။ ထူးခြားချက်မှာ ပဒူများ၌ အရေးပေါ်အခြေအနေများတွင် မျိုးတူအခြားပဒူများအား အချက်ပေးရန် ၄င်းတို့ကိုယ်၌ အနံ့တစ်ခု ထုတ်နိုင်စွမ်းရှိသည်။ ထိုအနံ့ရရှိက ပဒူများ အုပ်စုလိုက်ပြုံ၍ ပြင်းထန်စွာ တိုက်ခိုက်လေ့ရှိသည်။ ပဒူတစ်ကောင် သေဆုံးပါကလည်း ထိုအနံ့ထွက်သည်။
ပဒူဆိပ်သည် ပျားနှင့် ဂျီကောင်တို့၏ အဆိပ်များထက် ပို၍ပြင်းထန်သည်။ ပဒူမျိုးစိတ်ပေါင်း ၂၂ မျိုးခန့်ရှိသည်ဟု သိရသည်။ ပဒူအတုပ်ခံရ၍ ဂျပန်နှင့် တရုတ်နိုင်ငံများတွင် နှစ်စဉ် လူအသေအပျောက်ရှိသည်ဟု ဖတ်ရှုရ၏။ ပဒူအတုပ်ခံရသည့်အခါ ထိုအတုပ်ခံရသည့်နေရာ၌ အဖုအပိန့်များ ထွက်လာသည်။ ဓာတ်မတည့်ပါက ခန္ဓာကိုယ်ယောင်ကိုင်းလာပြီး အသက်ရှူကျပ်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုပါသည်။
၂၀၁၉ ခုနှစ်အတွင်း မြောက်ဒဂုံ၌ ပဒူအတုပ်ခံရပြီး နောက်တစ်နေ့၌ အဘွားအိုတစ်ဦး သေဆုံးသွားရာမှ ပဒူကို အထူးသတိထားလာကြသည်။ ပဒူအုံများရှိရာအပင်များကို မီးသတ်ဌာနအား အကြောင်းကြား၍ နှိမ်နင်းနေကြောင်း ဖတ်ရသည်။ ပဒူ၏သဘာဝကိုသိလျှင်ကား ရှောင်ရှားနိုင်ပါသည်။ မိမိတို့ အိမ်များ၌ နဂျီကောင်များအိမ်ဖွဲ့သည်ကို တွေ့ဖူးကြပါလိမ့်မည်။ အကယ်စင်စစ် ပဒူသည် ပျားထက်စာလျှင် နဂျီကောင်နှင့် ပို၍ဆင်တူပါသည်။
ပဒူအုံများ မဖွဲ့နိုင်အောင် တားဆီးနိုင်လျှင် အန္တရာယ်မရှိပါ။ ပျားအုံကို ဖျက်ဆီးလျှင် ပျားများအုံကြွသကဲ့သို့ ပဒူအုံကိုဖျက်ဆီးလျှင်လည်း အုံကြွမည်ဖြစ်ပါသည်။ ပျားအုံကို မီးခိုးမှိုင်းတိုက်၍ ပျားရည်ဖွပ်သကဲ့သို့ ပဒူအုံကို ဖွပ်ကာ ပဒူသလက်များကို ထုတ်ယူသည်ကို တွေ့ဖူးပါသည်။ ပဒူအုံရှာဖွေသူများသည် ပဒူကောင်ပျံသန်းရာအရပ်ဘက်သို့ အမှတ်အသားပြုထား၍ ပဒူအုံများ လိုက်လံရှာဖွေကြသည်ဟု ဆိုပါသည်။
စာရေးသူ ရှမ်းပြည်နယ်တွင် အလုပ်တာဝန်ကျစဥ် တောင်ကြီးရှိ ပအိုဝ်းမိတ်ဆွေများသည် ပဒူသဘာဝကို ကျွမ်းကျင်သူများဖြစ်ကြပါသည်။ ပဒူအုံကို မီးခိုးမှိုင်းဖြင့်ဖွပ်၍ ပဒူသလက်များအတွင်းရှိ ပဒူသားလောင်းများကို ထုတ်ယူကာ ဟင်းလျာအဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြသည်ကို တွေ့ဖူးပါသည်။ ပဒူများသည် အကြောင်းတစ်စုံတစ်ရာကြောင့် လူအများစုကို အန္တရာယ်ပြုတိုက်ခိုက်တတ်သည်မှာ မှန်သော်လည်း လူသားများအတွက် ဘေးအန္တရာယ်ဖြစ်စေသော ရောဂါပိုးများ သယ်ဆောင်လာသည့် အင်းဆက်ပိုးမွှားများအား သတ်ဖြတ်ပေးခြင်းနှင့် ကောက်ပဲသီးနှံများကို ဖျက်ဆီးသည့် ငမြှောင်တောင်ကဲ့သို့သော သီးနှံဖျက်ပိုးများအား သုတ်သင်ရှင်းလင်းပေးခြင်းဖြင့် လူသားများအတွက် အကျိုးပြုခြင်းမျိုးလည်းရှိပါကြောင်း ဖော်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)
No comments:
Post a Comment