ဒေါက်တာမြင့်သန်းထွန်း
လူတိုင်းလူတိုင်းသည် မွေးသည့်အချိန်မှစပြီး တဖြည်းဖြည်းကြီးပြင်းလာပါသည်။ ကလေးငယ်ဘဝမှ ကလေးဘဝသို့ ပြောင်းလဲလာပါသည်။ လူငယ်ဘဝကို ဆယ်ကျော်သက်အရွယ်ဟု ခေါ် ပြီးပြောင်းလဲကြီးထွားမှုကို သတိထားရမည့်အရွယ်လည်း ဖြစ်ပါသည်။ ဆယ်ကျော်သက်အရွယ်သည် စိတ်လှုပ်ရှားမှုပြောင်းလဲလာသကဲ့သို့ ခန္ဓာကိုယ်လည်း ပြောင်းလဲလာသောအရွယ်ဖြစ်ပါသည်။ မိမိ၏အနေအထိုင်အပြုအမူ ပိုပြီး ဂရုစိုက်ရပါမည်။ တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်ရပါမည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ်တွင် သတိထားရမည့်အချက်များကို သိရှိထားရန် လိုအပ်ပါသည်။
ဆယ်ကျော်သက်အရွယ်
ဆယ်ကျော်သက်အရွယ်သည် အသက် ၁၀ နှစ်ကျော်မှ ၁၈ နှစ်အရွယ် ဖြစ်ပါသည်။ ဆယ်ကျော်သက်အရွယ်၏ အစောပိုင်းကာလများတွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာတတ်ပါသည်။ အပျိုဖော်ဝင်ချိန် သို့မဟုတ် အပျို၊ လူပျိုဖြစ်လာချိန်သည် ဆယ်ကျော်သက်လူငယ် တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ အချို့ ဆယ်ကျော်သက်လူငယ်များသည် လူပျိုဖော် အပျိုဖော်ဝင်ချိန်၌ စောတတ်ကြပါသည်။ မိန်းကလေးများသည် ယောကျ်ားကလေးများထက် နှစ်နှစ်စောပြီး အပျိုဖော်ဝင်ကြသည်ကို သိရှိထားရန် လိုအပ်ပါသည်။
![]() |
ဓာတ်ပုံ - brocku.com |
ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးများ လူပျိုဖော်ဝင်ချိန် ပြောင်းလဲမှုများ
ဆယ်ကျော်သက်အရွယ် ယောက်ျားလေးများ အပျိုဖော်ဝင်ချိန်တွင် ရုတ်တရက်အရပ်ရှည်လာခြင်း၊ မျက်နှာပြောင်းလဲလာခြင်း၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများပေါက်လာခြင်း၊ အသံဩလာခြင်း၊ ရင်အုပ်ကားလာခြင်း စသည်ဖြင့် ပြောင်းလဲမှုအဆင့်များကို သိရှိထားရန် လိုအပ်ပါသည်။
အသက် ၉ နှစ်မှ ၁၂ နှစ်ကို အဆင့် (၁)ဟူ၍ သတ်မှတ်ထားပါသည်။ အဆင့် (၁) တွင် ကြီးထွားဖွံ့ဖြိုးမှုကို မြင်သာသောလက္ခဏာများ မရှိပါ။ အပြင်ဘက်တွင် ကြီးထွားဖွံ့ဖြိုးမှုလက္ခဏာများ မပြသော်လည်း အချို့သော ယောကျ်ားဟော်မုန်းများသည် လှုပ်ရှားမှုများ ပြင်းထန်စွာစတင်ဖြစ်ပေါ်လာပါသည်။
အသက် ၉ နှစ်မှ ၁၅ နှစ်ကို အဆင့် (၂)ဟူ၍ သတ်မှတ်ထားပါသည်။ ၎င်းအဆင့်တွင် ကပ်ပယ်အိတ်နှင့် လိင်ပိုင်းဆိုင်ရာကြီးထွားမှုစတင်လာခဲ့ပြီး ခန္ဓာကိုယ်၏ ပုံသဏ္ဌာန်နှင့် အရပ်အမောင်း၊ အမွေးအမျှင်များ ဖွံ့ဖြိုးပြောင်းလဲလာပါသည်။
အဆင့်(၃)သည် အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်း ဖြစ်ပါသည်။ အဆင့် (၃) တွင် ခြေထောက်များ အမွေးပေါက်လာခြင်း၊ အရပ်ဆက်လက်၍ ရှည်လာပြီးယောကျ်ားလေးများ၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် ပို၍အရွယ်ရောက်ပုံစံ ပေါက်လာခြင်းနှင့် အသံစတင်၍ဩပြီး အက်လာခြင်းတို့ကို တွေ့ရှိရမည်ဖြစ်ပါသည်။
အဆင့်(၄)သည် အသက် ၁၁ နှစ်မှ ၁၇ နှစ်အထိ ဖြစ်ပါသည်။ ၎င်းအဆင့်တွင် ယောကျ်ားလေးများသည် လိင်ပိုင်းဆိုင်ရာများ၊ အင်္ဂါများ ပိုမိုကြီးထွားလာပြီး အရွယ်ရောက်သူများကဲ့သို့ ဖြစ်လာပါသည်။ ယောကျ်ားလေးအများစုသည် ချိုင်းမွေးများ ပေါက်လာခြင်း၊ နှုတ်ခမ်းနှင့် မေးစေ့အပေါ်တွင် အမွေးများ ပေါက်လာခြင်း၊ အသံပို၍ ဩလာပြီး အရေပြားအဆီ ပို၍ထွက်လာခြင်းတို့ကို တွေ့ရပါသည်။
အသက် ၁၄ နှစ်မှ ၁၈ နှစ်သည် အဆင့် (၅) ဟူ၍ သတ်မှတ်ထားပါသည်။ ၎င်းအဆင့်တွင် လူကြီးတစ်ယောက်၏ အရပ်နှင့် သွင်ပြင်(ကိုယ်ခန္ဓာ) ရှိလာပါသည်။ ဆီးခုံမွေးများနှင့် မျိုးပွားအင်္ဂါများသည် အရွယ်ရောက်သူ၏ သွင်ပြင်များ ဖြစ်လာပါသည်။ နှုတ်ခမ်းမွေးများ ပိုမိုထူထပ်စွာပေါက်လာပါသည်။ ဆယ်ကျော်သက်နောက်ပိုင်းနှင့် နှစ်ဆယ်ရှေ့ပိုင်းတို့တွင် အချို့လူငယ်များသည် အနည်းငယ်သာ ကြီးထွားလာပြီး ခန္ဓာကိုယ်၏အမွေးများ အထူးသဖြင့် ရင်ဘတ်မွေးများသည် ပို၍ များပြားလာပါသည်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အပျိုဖော်ဝင်ချိန်ပြောင်းလဲမှုများ
ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အပျိုဖော်ဝင်ချိန်တွင် အရပ်ရှည်လာခြင်း၊ ချိုင်းမွေးပေါက်လာခြင်း၊ ရင်သားကြီးထွားလာခြင်း၊ တင်ကားလာခြင်း၊ ဆီးခုံမွေးပေါက်လာခြင်းနှင့် ရာသီသွေးဆင်းခြင်းတို့ ဖြစ်ပေါ်လာပါသည်။ သို့ရာတွင် အသက်အရွယ်အလိုက် အဆင့်များကို သိရှိထားရန် လိုအပ်ပါသည်။
အသက် ၈ နှစ်မှ ၁၄ နှစ်ကို အဆင့် (၂) ဟူ၍ သတ်မှတ်ပါသည်။ အများစုမှာ၁၁ နှစ်မှ ၁၂ နှစ်အတွင်း ဖြစ်ပါသည်။ ၎င်းအရွယ်၏ ပထမဆုံးပြောင်းလဲမှုမှာ ရင်သားကြီးထွားလာခြင်း ဖြစ်ပါသည်။ အရပ်ရှည်၍ ကိုယ်အလေးချိန်တိုးလာပါသည်။ နူးညံ့သော ဆီးခုံမွေးများ စတင်ပေါ်လာပါသည်။
အဆင့်(၃) အသက် ၉ နှစ်မှ ၁၅ နှစ်အတွင်းဖြစ်ပြီး အများစုမှာ ၁၂ နှစ်မှ ၁၃ နှစ်ဖြစ်ပါသည်။ ၎င်းအဆင့်တွင် ရင်သားကြီးထွားမှု ဆက်တိုက်ဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်ကြီးထွားမှုနှင့်အတူ လိင်အင်္ဂါများစတင် ကြီးထွားလာပါသည်။ ၁၂ နှစ်အရွယ်တွင် ရာသီသွေးဆင်းခြင်း စတင်ဖြစ်တတ်ပါသည်။
![]() |
ဓာတ်ပုံ - lifestyle myanmar |
အဆင့်(၄)သည် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းဖြစ်ပြီး အများစုမှာ ၁၃ နှစ်မှ ၁၄ နှစ်ဖြစ်ပါသည်။ ၎င်းအဆင့်တွင် ဆီးခုံမွေး၊ ချိုင်းမွေးများပေါက်လာပြီး ရာသီသွေးဆင်းခြင်းလည်း စတင်လာပြီး ဖြစ်ပါသည်။ သားဥကြွေခြင်းစတင်ပြီးဖြစ်သော်လည်း အချို့မိန်းကလေးများတွင် လစဉ်သားဥကြွေခြင်းမရှိတတ်ပါ။
အဆင့်(၅)သည် အသက် ၁၂ နှစ်မှ ၁၉ နှစ်အတွင်းဖြစ်ပြီး အများစုမှာ ၁၅ နှစ်ဖြစ်ပါသည်။ ၎င်းအဆင့်သည် ကြီးထွားဖွံ့ဖြိုးမှု နောက်ဆုံးအဆင့်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အရွယ်ရောက်မှုရှိလာပါသည်။ ရင်သားကြီးထွားခြင်း၊ အရပ်ရှည်ခြင်းများ ရပ်တန့်သွားပြီဖြစ်ပါသည်။ ရာသီသွေးဆင်းခြင်းမှာ ပုံမှန်ဖြစ်လာပြီး လစဉ်သားဥကြွေခြင်းဖြစ်ပေါ်ပါသည်။
ယောကျ်ားလေးများနှင့် ဟော်မုန်းပြောင်းလဲမှု
ယောကျ်ားလေးများ လူပျိုဖော်ဝင်ချိန်တွင် ခန္ဓာကိုယ်အတွင်း ဟော်မုန်းအသစ်များ ထွက်ပေါ်လာခြင်းကြောင့် အိပ်ပျော်နေချိန်၊ လိင်မှုဆိုင်ရာ တွေးတောမိချိန်နှင့် ရာသီဥတုအေးသည့်အချိန်နှင့် ဆီးသွားချင်စိတ်ပေါ်ချိန်တို့တွင် စိတ်ကသိကအောင့်ဖြစ်တတ်ကြပါသည်။ အခြားအကြောင်းအရာတစ်ခုအပေါ်တွင် အာရုံပြောင်းမှသာ စိတ်သက်သာရာ ရရှိမည်ဖြစ်ပါသည်။
လူပျိုဖော်ဝင်ချိန်တွင် ယောကျ်ားလေးများ အလိုအလျောက် သုက်ရည်ထွက်ခြင်းသည် သဘာဝဖြစ်ပါသည်။ အိပ်မောကျနေစဉ် ဆီးအိမ်တင်းလာချိန်တွင် သုက်ရည်ထွက်ခြင်းသည် မျိုးပွားဆဲလ်များ ထုတ်လုပ်ရန်အတွက် ခန္ဓာကိုယ်အတွင်း ဟော်မုန်းအသစ်များ ထွက်လာခြင်းကို တုံ့ပြန်ခြင်းမျှသာ ဖြစ်ပါသည်။
မိန်းကလေးများနှင့် ဟော်မုန်းပြောင်းလဲမှု
မိန်းကလေးများ အပျိုဖော်ဝင်ချိန်တွင် ရာသီသွေးစတင်ခြင်း (ဓမ္မတာလာခြင်း) ဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ ဖွံ့ဖြိုးလာပါသည်။ မမျိုးပွားအင်္ဂါအတွင်း သားဥကြွေကျခြင်းမှ ဓမ္မတာသွေး စတင်စီးဆင်းလာပါသည်။ မိန်းကလေးများအနေနဲ့ ဓမ္မတာဆင်းခြင်းနှင့်ပတ်သက်ပြီး ကြိုတင်သိရှိထားပြီးလိုအပ်သော အကာအကွယ်ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ ဓမ္မတာသွေးဆင်းခြင်းသည် အသက် ရှစ်နှစ်မှ ၁၇ နှစ်ကြားတွင် ဖြစ်ပေါ်တတ်ပါသည်။ ရင်သားများ ဖွံ့ဖြိုးလာပြီး တစ်နှစ်အကြာတွင် ဖြစ်တတ်ပါသည်။
မိန်းကလေးတစ်ဦးနှင့် တစ်ဦး မတူညီပါ။ ၂၈ ရက်လျှင်တစ်ကြိမ် ဓမ္မတာသွေးဆင်းတတ်သော်လည်း အချို့မှာ ၂၀ ရက်လျှင်တစ်ကြိမ်၊ အချို့မှာ ၃၅ ရက်တွင်တစ်ကြိမ် ပြောင်းလဲဖြစ်ပေါ်တတ်ပါသည်။ ဓမ္မတာသွေးဆင်းခြင်းသည် ၂ ရက်မှ ၈ ရက်ဖြစ်တတ်ပြီး ပျမ်းမျှအားဖြင့် ငါးရက်ကြာတတ်ပါသည်။
အချို့သော အမျိုးသမီးများတွင် ဟော်မုန်းပြောင်းလဲမှုကြောင့် ဓမ္မတာသွေးဆင်းခြင်းမဖြစ်ပေါ်မီ ရက်အနည်းငယ်တွင် နာကျင်ခြင်း၊ ရင်သားတင်းခြင်း၊ ဝမ်းဗိုက်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မောပန်းခြင်းနှင့် စိတ်ဓာတ်ကျခြင်း စသည်တို့ ခံစားရနိုင်ပါသည်။ နာကျင်ခံစားရမှုများ သက်သာစေရန် အိပ်စက်အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အစားအစာနည်းနည်းချင်းကို မကြာခဏစားခြင်း ပြုလုပ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း နာကျင်မှုသက်သာဆေးကို သောက်သုံးနိုင်ပါသည်။
ယောကျ်ားလေးများ လူပျိုဖော်ဝင်ချိန် ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေး
ယောက်ျားလေးများ လူပျိုဖော်ဝင်ချိန် ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်မှ အနံ့အသက်များထွက်ခြင်း၊ ဝက်ခြံများပေါက်ခြင်း၊ အဆီကြောင့် ဆံပင်စေးထန်းခြင်း၊ ဒက်နှင့်ဗောက်များထခြင်း၊ ချိုင်းအနံ့အသက်များထွက်ခြင်း၊ လိင်အင်္ဂါ အနံ့အသက်များထွက်ခြင်းနှင့် သွားပိုးစားခြင်းများ ဖြစ်တတ်ပါသည်။ ယင်းအချိန်တွင် ဘက်တီးရီးယားပိုးများသည် ချွေးထွက်သောနေရာများမှာ ပေါက်ပွားပါသည်။ ထို့ကြောင့် လူပျိုဖော်ဝင်ချိန် လိင်အရေပြားကို နောက်သို့လှန်ပြီး ရေနွေး၊ ရိုးရိုးဆပ်ပြာများနှင့် ဆေးကြောရပါမည်။ ခြောက်သွေ့ကျိန်းစပ်စေသော အနံ့ပြင်းပစ္စည်းများ သုံးစွဲခြင်းကို ရှောင်ကြဉ်ရပါမည်။ အဝတ်အစား၊ အိပ်ရာခင်း၊ စောင်စသည်တို့ကို လျှော်ဖွပ်သန့်ရှင်းရန် အရေးကြီးပါသည်။
မိန်းကလေးများ အပျိုဖော်ဝင်ချိန် ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေး
မိန်းကလေးများ၏ ဆီး၊ ဓမ္မတာသွေးနှင့် မိန်းမကိုယ်မှထွက်သော အရည်များသည် သန့်ရှင်းကြသော်လည်း ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသောအခါ မိန်းမကိုယ်မှထွက်သော ချွေးနှင့်အတူ ဘက်တီးရီးယားပိုးများ ပေါက်ပွားနိုင်ကြပါသည်။ ၎င်းဘက်တီးရီးယားပိုးများသည် မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်းများမှ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခြင်းဖြစ်သည့်အတွက် လိင်အင်္ဂါများကို နေ့တိုင်းဆေးကြောရန် လိုအပ်ပါသည်။ ဘက်တီးရီးယားပိုးများသည် စအိုတွင် များစွာရှိနိုင်ပါသည်။ မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်းဘက်သို့ ပျံ့မသွားစေရန် ရှေ့ဘက်မှ နောက်ဘက်သို့ သန့်ရှင်းသည့်ရေ၊ ရိုးရိုးဆပ်ပြာများနှင့် ဆေးရပါမည်။ ခြောက်သွေ့ကျိန်းစပ်စေသော အနံ့ပြင်းပစ္စည်းများ သုံးစွဲခြင်းကို ရှောင်ကြဉ်ရပါမည်။
ဆယ်ကျော်သက်အရွယ်တွင် ဖြစ်ပေါ်တတ်သော အဓိကစိတ်လှုပ်ရှားမှုများ
ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်ပေါ်စေသော ဟော်မုန်းများသည် စိတ်လှုပ်ရှားခံစားမှုကိုပါ ဖြစ်စေပါသည်။ တစ်နေ့တာအတွင်း ဟော်မုန်းအတက်အကျပြောင်းလဲမှုများကြောင့် စိတ်လှုပ်ရှားခံစားမှုများ ပြောင်းလဲတတ်ပါသည်။ အချိန်တိုအတွင်း၌ စိတ်ပျော်ရွှင်ရာမှ အကြောင်းတစ်စုံတစ်ခုကြောင့် ချက်ချင်းစိတ်ဓာတ်ကျသွားတတ်ပါသည်။ သို့ရာတွင် ဟော်မုန်းအတက်အကျ မျှတချိန်တွင် စိတ်လှုပ်ရှားခံစားမှု ပုံမှန်ပြန်ဖြစ်တတ်ပါသည်။
အဓိကစိတ်လှုပ်ရှားမှု များစွာရှိပါသည်။ ဆယ်ကျော်သက်အရွယ်တွင် မိမိကိုယ်မိမိ လူကြီးအဖြစ် အသိအမှတ်ပြုမူတတ်ပါသည်။ အလွန်အမင်း ပျော်ရွှင်ကြရာမှ စိုးရိမ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ မကြာခဏ မတည်မငြိမ်ဖြစ်တတ်ပါသည်။ လွတ်လပ်မှုကို ခုံမင်ပြီး သီးခြားနေချင်ကြပါသည်။ မိမိ၏ ရုပ်ရည်သွင်ပြင်နှင့် ကိုယ်ရည်ကိုယ်သွေးအပေါ် မယုံမကြည်ဖြစ်ပြီး ရှက်ရွံ့တတ်ပါသည်။ မိမိ၏ ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်တတ်ပါသည်။ သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်၊ ဆရာမ၊ တပ်မတော်အရာရှိများအဖြစ် စိတ်ကူးယဉ်တတ်ကြပါသည်။ ဆန့်ကျင်ဘက်လိင်များ၏ စိတ်ဝင်စားမှုကို ခံယူလိုချင်ကြပါသည်။
စိတ်လှုပ်ရှားမှုကို ပုံမှန်ဖြစ်အောင်ဆောင်ရွက်ခြင်း
အပျိုဖော်ဝင်ချိန်တွင် အရွယ်ရောက်သူများ(လူကြီးများ) ပြုမူလုပ်ဆောင်သကဲ့သို့ ပြုလုပ်လာခြင်း၊ အရွယ်ရောက်သူများလုပ်သည့် အလုပ်များကို လုပ်ချင်လာခြင်း မဖြစ်စေရန် ငြိမ်ငြိမ်လေးနေရပါမည်။ ရေတို၊ ရေရှည် ရည်မှန်းချက်ထားရပါမည်။
အပျိုဖော်ဝင်ချိန်တွင် စိတ်မတည်မငြိမ်ဖြစ်ပါက အနားယူရပါမည်။ သီချင်းနားထောင်ခြင်း၊ တစ်ဦးတည်းနေခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ပုံဆွဲခြင်း၊ စာဖတ်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့ ပြုလုပ်ရပါမည်။ မိမိခံစားမှုကို သူငယ်ချင်း သို့မဟုတ် အစ်ကို၊ အစ်မ သို့မဟုတ် မိဘတစ်ဦးဦးကို ဖွင့်ပြောခြင်းဖြင့် စိတ်သက်သာအောင် ပြုလုပ်ရပါမည်။
လိင်ဆက်ဆံတတ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲတတ်ခြင်း၊ ဆေးလိပ်သောက်တတ်ခြင်းများသည် လွတ်လပ်မှု သို့မဟုတ် အရွယ်ရောက်လာခြင်း မဟုတ်ပါ။ ၎င်းတို့ကို ရှောင်ကြဉ်ရပါမည်။ လွတ်လပ်မှုကို တဖြည်းဖြည်း ရယူခြင်းဖြင့် လူကြီးမိဘများ၏ ယုံကြည်မှုကို ရရှိလာနိုင်ပါသည်။
အပျိုဖော်ဝင်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတတ်ပါသည်။ အခြားသူများနှင့်အတူ ရောနှောမနေလိုခြင်းများဖြစ်ပြီး မိမိနှင့် အတွေ့အကြုံတူသူ ရွယ်တူများနှင့် ရင်းနှီးစွာ အတူနေထိုင်ချင်ကြပါသည်။ မိမိ၏ခံစားချက်ကို သူငယ်ချင်းများအား ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရပါမည်။ မိမိ၏ အစ်ကို၊ အစ်မများ၊ မိဘများနှင့် အခြားယုံကြည်ရသူများထံမှ အကူအညီ ရယူရပါမည်။
ရှက်ရွံ့ခြင်းမဖြစ်စေရန်အတွက် စိတ်သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်ရပါမည်။ စိတ်သက်သာ ပေါ့ပါးစေရန်အတွက် ရယ်မောရပါမည်။ ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်း မဖြစ်စေရန်အတွက် မျှတသောအစာကို စားရပါမည်။ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရပါမည်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပြုလုပ်ရပါမည်။ အပျိုဖော်ဝင်ချိန်တွင် စိတ်ကူးယဉ်လေ့ရှိပါသည်။ ဟော်မုန်းများက ခန္ဓာကိုယ်ကို လိင်ကိစ္စနှင့် ကလေးမွေးခြင်းအတွက် ပြင်ဆင်ပေးနေချိန်တွင် စိတ်လှုပ်ရှားပြောင်းလဲမှုများက ဘ၀လက်တွဲဖော်ကို ပုံဖော်စိတ်ကူးယဉ်ခြင်းသည် စိုးရိမ်စရာမဟုတ်ပါ။ ဖြစ်ပေါ်လာသော လိင်ကိစ္စခံစားမှုများကို သတိထားရန် လိုအပ်ပါသည်။
အပျိုဖော်ဝင်ချိန်တွင် ပြောင်းလဲလာသော မုတ်ဆိတ်မွေးပေါက်ခြင်း၊ ရင်သားဖွံ့ဖြိုးလာခြင်းသည်ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်စေပါသည်။ ဆန့်ကျင်ဘက်လိင်အပေါ် သို့မဟုတ် လိင်တူချင်းအပေါ် စိတ်ဝင်စား ချစ်ခင်ခြင်းမှာ သဘာဝဖြစ်ပါသည်။ အရွယ်တူအဖော်အများစုသည်လည်း ထိခိုက်ခံစားမှုများ တွေ့ကြုံကြကြောင်း သိထားရပါမည်။ မိမိ၏ခံစားမှုကို သူငယ်ချင်း၊ အစ်ကို၊ အစ်မများနှင့် မိဘများကို ဖွင့်ပြောပြခြင်းဖြင့် စိတ်သက်သာရာ ရစေနိုင်ပါသည်။
အကြံပြုချက်
ဆယ်ကျော်သက်အရွယ်တွင် ခန္ဓာကိုယ်ပြောင်းလဲခြင်းနှင့် စိတ်လှုပ်ရှားပြောင်းလဲမှုသည် သဘာ၀ပင်ဖြစ်ပါသည်။ ခန္ဓာကိုယ်ပြောင်းလဲခြင်းသည် တစ်ဦးနှင့်တစ်ဦး မတူကြပါ။ အချို့က စော၍ အချို့က နောက်ကျနိုင်ပါသည်။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ခြင်းကို ရှောင်ကြဉ်ရပါမည်။ လူငယ်များအနေဖြင့် မိမိတို့ပြောင်းလဲမှုကြောင့် စိတ်မသက်သာသည့် ခံစားချက်များကို သိရှိနားလည်ရန် လိုအပ်ပါသည်။ အလိုအလျောက် သုက်လွှတ်ခြင်းနှင့် ဓမ္မတာသွေးဆင်းခြင်းသည် ရောဂါကြောင့်မဟုတ်ဘဲ သဘာဝကြောင့်ဖြစ်သည်ကို သိရှိထားရပါမည်။
အပျိုဖော်ဝင်ပြီးချိန်တွင် မျိုးပွားနိုင်သော ခန္ဓာကိုယ်အနေအထားရှိလာနိုင်၍ လိင်ကိစ္စကို သတိထားဆင်ခြင်ရပါမည်။ စိတ်လှုပ်ရှားခံစားမှုများ ကြုံတွေ့ရပါက စိတ်ကို တည်ငြိမ်အောင် ထားရပါမည်။ စိတ်ကို လျှော့ချရပါမည်။ မိမိကိုယ်တိုင် ပြုလုပ်နိုင်သည်များကို စဉ်းစားထားရပါမည်။ စိတ်လှုပ်ရှားမှုများ လျော့ပါးစေရန် မိမိ၏အစ်ကို၊ အစ်မ၊ မိဘ၊ ယုံကြည်စိတ်ချရသော မိမိထက်အသက်ကြီးသူများကို တိုင်ပင်ဆွေးနွေးရပါမည်။ ဆယ်ကျော်သက်အရွယ် သတိထားရမည့်အချက်များကို လိုက်နာသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ဒေါက်တာမြင့်သန်းထွန်း
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၆)
No comments:
Post a Comment