October 11, 2021

ဇီဝပိုတက် မြေဩဇာအရည် ပြုလုပ်သုံးစွဲနည်း

မောင်ငြိမ်းအောင် (တန့်ဆည်)

        သီးနှံပင်များ ရှင်သန်ကြီးထွား မျိုးဆက်ပွားနိုင်ရန်အတွက် လိုအပ်တဲ့အာဟာရဓာတ် ၁၆ မျိုးအနက် နိုက်ထရိုဂျင်ဓာတ်၊ ဖော့ဖရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ် စသည့် အဓိကဓာတ်ကြီး သုံးမျိုးတွင် ပိုတက်စီယမ်ဓာတ်သည် သီးနှံပင်များအတွက် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်တို့နှင့်တန်းတူ အရေးပါသောဓာတ်တစ်ခု ဖြစ်ပါတယ်။

        ပိုတက်စီယမ်ဓာတ်ဟာ သီးနှံပင်အမြစ်မှ စုပ်ယူရရှိသော အာဟာရဓာတ်များကို အရွက်မှ နေရောင်ခြည် အကူအညီနဲ့ အစာချက်လုပ်ပြီး ပရိုတင်းဖွဲ့စည်းမှု၊ ကာဗိုဟိုက်ဒရိတ်ရရှိအောင် အစာချက်လုပ်မှုအတွက် အဓိကအခန်းကဏ္ဍက တည်ရှိပါတယ်။ အပင်ကြီးထွားရှင်သန်ရေးအတွက် လိုအပ်တဲ့ စွမ်းအင်(Energy) ရရှိစေဖို့ ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲပေးရာမှာ တာဝန်ယူပါတယ်။ အပင်အတွင်း အိုင်းယွန်းညီမျှနေမှုကို ကူညီဖော်ဆောင်ပေးပါတယ်။ အပင်အတွင်း သံဓာတ်ကဲ့သို့ Heavy metals များ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းပေးခြင်း လုပ်ဆောင်တဲ့အတွ က် သံဓာတ်အဆိပ်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သီးနှံရင့်မှည့်မှု ညီစေ ပြီး အသီးအနှံ၏ အရောင်အသွေးနဲ့ အနံ့အရသာချိုမွှေး အရည်ရွှမ်းစေတဲ့ သတ္တိကို ပေးပါတယ်။ အပင် ပင်စည်ရဲ့ဆဲလ်များ တောင့်တင်းခိုင်မာမှု ရှိစေတဲ့အတွက် ရောဂါဖြစ်စေမှု၊ ပိုးမွှားကျရောက်ဖျက်ဆီးစေမှုကို တားဆီးပေးနိုင်ပါတယ်။ ပင်စည်တောင့်တင်း ခိုင်မာသဖြင့် အပင်ယိုင်လဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်ပုံ - afrifarmer.com

        သီးနှံများ အသီးအနှံပြည့်ဖြိုးအောင်မြင်မှု၊ အရောင်အသွေး တောက်ပလာမှု၊ အသီးအပွင့်ဝတ်မှုံကူး သန္ဓေအောင်မှုကို ဖြစ်စေပါတယ်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ကြုံရပါက ရာသီဥတုပြင်းထန်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ အပင်အင်္ဂါအစိတ်အပိုင်းအတွင်းရှိ အင်ဇိုင်းအမျိုးပေါင်း ၆၀ ရဲ့ လုပ်ငန်းတာဝန်ကို ကူညီဆောင်ရွက်ပေးပါတယ်။ သီးနှံပင်များရဲ့ အရွက်အောက် မျက်နှာပြင်မှာရှိတဲ့ စတိုမာတာအပေါက်များရဲ့ ပိတ်ခြင်းဖွင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ အရွက်မှ ချက်လုပ်ပြီးသောအစာများကို ပင်စည်၊ အမြစ်၊ အပွင့်၊ အသီးအနှံများဆီသို့ ပို့ဆောင်ပေးရာတွင် အဓိက သယ်ဆောင်ပေးသူအဖြစ် တာဝန်ယူရပြီး အမြစ်များမှ စုပ်ယူရရှိသော အစာအာဟာရများကိုလည်း အစာချက်လုပ်ရန် အရွက်သို့ ပို့ဆောင်ပေးတဲ့တာဝန်ကိုလည်း အဓိကထမ်းဆောင်ပေးပါတယ်။

        သီးနှံပင်မှာ ပိုတက်စီယမ်ဓာတ်ချို့တဲ့ပြီဆိုရင်တော့ ဦးစွာပထမ အပင်ရှင်သန်ကြီးထွားဖွံ့ဖြိုးမှု တန့်သွားပါတယ်။ အရွက်ဟောင်းများတွ င် အစိမ်းရင့်ရောင်မှ ဝါညိုရောင်၊ အညိုရင့်ရောင်အနာကွက်များ ရွက်ထိပ်ဖျားမှ စတင်ကာ ရွက်နှုတ်ခမ်းသားတလျှောက် ဆက်လက်ဖြစ်ပေါ်ပါတယ်။ အဝါရောင်အစင်းများ အရွက်ကြောနဲ့အပြိုင် ဖြစ်ပေါ်ပြီး အရွက်များ လိပ်သွားပါတယ်။ အပင်ပုစေတယ်။ အပင်ညှိုးတယ်။ အပင်ယိုင်လဲစေတယ်။ ရင့်မှည့်မှုစောပြီး အမြစ်များ ရောဂါကျစေပါတယ်။ အပူချိန်မြင့်ခြင်း၊ စိုထိုင်းဆနိမ့်ခြင်းဒဏ်မခံနိုင်ဘဲ အရွက်များညှိုးခြင်း၊ လိပ်ခြင်း၊ အရွက်အိုမင်း ရင့်ရော်လွယ်ခြင်း ဖြစ်စေပါတယ်။ အဖိုဝတ်ဆံမြုံခြင်း၊ ဝတ်မှုန်ကူးမှုညံ့စေခြင်း၊ အစေ့အဆံမတည်၊ သန္ဓေမအောင်ဘဲ အဖျင်းများစေပါတယ်။ ချက်လုပ်ပြီးတဲ့ အစာများ မရွှေ့ပြောင်းနိုင်တဲ့အတွက် အပင်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ သံဓာတ်အဆိပ်သင့်ခံရခြင်းနဲ့ အခြားဓာတ်များ အဆိပ်သင့်မှုခံနိုင်ရည် လျော့နည်းစေပါတယ်။

        ပိုတက်စီယမ်ဓာတ်ဟာ မြေဆီလွှာထဲတွင် အတော်အတန် ချို့တဲ့မှုမဖြစ်ပေါ်တတ်သော်လည်း အပင်တွင် ပိုတက်စီယမ်ဓာတ်ချို့တဲ့မှုလက္ခဏာ ကြုံတွေ့ရတတ်ပါတယ်။ အကြောင်းမှာ မြေကြီးထဲတွင် ထုံး၊ မဂ္ဂနီစီယမ်၊ အခြားဓာတ်စင်များ လိုသည်ထက် ပိုများနေပါက ၎င်းဓာတ်များက ပိုတက်စီယမ်ဓာတ်ကို အပင်က မစုပ်ယူနိုင်အောင် ချုပ်ထိန်းခံထားရသောကြောင့် ဖြစ်ပါတယ်။ ဤအခြေအနေမျိုးများတွင် ပိုတက်စီယမ်မြေဩဇာကို မြေဆီလွှာအတွင်း ထည့်ပေးခြင်းထက် အရွက်မှစ၍ ဖျန်းပေးခြင်းက ပိုမိုထိရောက်နိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ် ရရှိဖို့အတွက် အရွက်ဖျန်းမြေဩဇာအရည်၊ ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း=KNO3) ရေဖျော်အရည်၊ နှမ်းရိုးမြေဆွေးနဲ့ ဇီဝပိုတက်စီယမ်မြေဩဇာအရည်များအနက် တောင်သူလယ်သမားများ လုပ်ရလည်းလွယ်၊ ကုန်ကျစရိတ်လည်း သက်သာ၊ ဓာတ်ကြွင်းအာနိသင်လည်း ကင်းလွတ်တဲ့ ဇီဝပိုတက်စီယမ် မြေ ဩဇာအရည် ပြုလုပ်သုံးစွဲနည်းလေး မျှဝေပေးလိုက်ချင်ပါတယ်။ ပြုလုပ်ပုံကတော့ ဆေးရွက်ကြီးပင်စည်အရိုး တစ်ကီလိုဂရမ်ကို ဓားနဲ့နုတ်နုတ်စင်းပါ။ ရရှိလာတဲ့ ဆေးရွက်ကြီးပင်စည်အရိုး အပိုင်းအစများကို ဖွဲနုနို့ဆီတစ်ဘူးနဲ့ သမအောင် ရောမွှေပါ။ ရောမွှေရရှိသောပစ္စည်းကို မြေအိုးတစ်လုံးထဲသို့ ထည့်ပါ။ ၎င်းအပေါ်မှ အီဆမ် ၁၀၀ စီစီကို လောင်းထည့်၍ တုတ်ချောင်းဖြင့် သမအောင်မွှေပေးပါ။ အိုးထဲသို့ ရေတစ်ဂါလန်မျှထည့်၍ မွှေပေးပါ။ အိုးအဝကို ပိတ်ပါးစဖြင့်ဖုံး၍ ကြိုးဖြင့် ကြပ်ကြပ်ပတ်စည်းပေးထားပါ။ ၁၄ ရက် နှစ်ပတ်ပြည့်ပါက အသုံးပြုနိုင်ပါတယ်။

ဓာတ်ပုံ - hematopathology-gramineal-aigremore.xyz

        အသုံးပြုပုံကတော့ ဆေးရွက်ကြီး အရည် ၇၀၀ စီစီကို ရေလီတာ ၂၀ နဲ့ ရောစပ်၍ ပက်ဖျန်းနိုင်ပါတယ်။ ပက်ဖျန်းရာတွင် အပင်၊ အရွက်အောက်မျက်နှာပြင်ထိအောင် ဖျန်းနိုင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ သီးနှံများကတော့ စပါးသီးနှံတွင် ပင်ပွားစုံချိန်၊ မှို့ကပ်ချိန်၊ အနှံစုံချိန် သုံးကြိမ်ဖျန်းပေးရန် လိုအပ်ပါတယ်။ အခြားနှံစားသီးနှံများလည်း အသုံးပြုနိုင်ပါတယ်။ သစ်သီးဝလံ (သရက်၊ ကျွဲကော၊ မာလကာ၊ ထောပတ်၊ ပန်းသီး၊ လိမ္မော်၊ သစ်တော်) စတဲ့ သီးနှံများကို အပွင့်ဖူးပေါ်စ တစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ပြီးစ တစ်ကြိမ်၊ နှစ်ကြိမ် ဖျန်းပေးဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်၊ မုံလာထုပ်၊ပန်းမုံလာများမှာ အပင်ကြီးထွားဆင့်မှာ တစ်ကြိမ်၊ ပွင့်ဖူးထိုးစတစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ် ဖျန်းပေးဖို့လိုပါတယ်။

        ဆေးရွက်ကြီးပင်စည်မှာ ပိုတက်စီယမ်ဓာတ် ၇ ရာခိုင်နှုန်း၊ ငှက်ပျောခွံပြာမှာ ပိုတက်စီယမ်ဓာတ် ၄၁ ဒသမ ၇၆ ရာခိုင်နှုန်း၊ ငှက်ပျောပင်စည်ပြာမှာ ပိုတက်စီယမ်ဓာတ် ၄၉ ဒသမ ၄၀ ရာခိုင်နှုန်း၊ နှမ်းရိုးမှာ ပိုတက်စီယမ်ဓာတ် ၄၅ ရာခိုင်နှုန်း ပါဝင်တာ တွေ့ရပါတယ်။ သို့အတွက် ဇီဝပိုတက်စီယမ် မြေဩဇာအရည်အတွက် ဆေးရွက်ကြီးပင်စည် မရနိုင်လျှင်လည်း ငှက်ပျောခွံပြာ၊ ငှက်ပျောပင်စည်ပြာ၊ နှမ်းရိုးမြေဆွေးများကို အစားထိုး အသုံးပြုနိုင်ပါတယ်။

        အထက်ပါ ဇီဝပိုတက်စီယမ် မြေဩဇာအရည်ဟာ တစ်ဧကစာ ပစ္စည်းဖိုး ၁၀၀၀ ကျပ်ခန့်သာ ကုန်ကျသဖြင့် ပြုလုပ်ရလွယ်ကူပြီး ကုန်ကျစရိတ်လည်းသက်သာ၊ ဓာတ်ကြွင်းအာနိသင်လည်းကင်းတဲ့အတွက် တောင်သူလယ်သမားကြီးများ ယုံကြည်စွာ သုံးစွဲသင့်ပါကြောင်း မျှဝေလိုက်ရပါတယ်။

မောင်ငြိမ်းအောင်(တန့်ဆည်)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၇)

No comments:

Popular Posts