အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာနိုင်ငံတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အမယ်ပေါင်းများစွာ ဧကပေါင်းများစွာ စိုက်ပျိုးလျက်ရှိပါသည်။ မတူညီသော ရာသီဥတုအခြေအနေ၊ မြေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားမှုများအရ ဒေသအလိုက်တွင် မတူကွဲပြားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါသည်။
အဆိုပါစိုက်ပျိုးလျက်ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် ၄င်းတို့ အသီးသီး၏ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကြောင့် မရိတ်သိမ်းမီဆုံးရှုံးခြင်း၊ ရိတ်သိမ်းဆွတ်ခူးချိန် ဆုံးရှုံးခြင်းနှင့် ရိတ်သိမ်းဆွတ်ခူးပြီးနောက် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၏ မဆွတ်ခူးမီ ဆုံးရှုံးမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။ ဟင်းသီးဟင်းရွက်တွင် မဆွတ်ခူးမီဆုံးရှုံးမှုသည် ၃ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းရှိသည်။ သစ်သီးဝလံများသည် မဆွတ်ခူးမီဆုံးရှုံးမှုသည် ၇ ခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ ဆွတ်ခူးစဉ်နှင့် စားသုံးသူလက်ထဲရှိစဉ် ဆုံးရှုံးမှုသည် ၂၃ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်း ရှိသည်ဟု သုတေသနရလဒ်က ဆိုပါသည်။ ဤသို့ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုကြောင့် ဆုံးရှုံးနေမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်ပါသည်။ ဤသို့ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ (Postharvest Technology)သည် အရေးကြီးသော အချက်ဖြစ်လာပါသည်။
![]() |
ဓာတ်ပုံ - obbiofood.com |
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ မဆွတ်မီဆုံးရှုံးရခြင်းသည် မြေအစိုဓာတ်ခန်းခြောက်ခြင်း၊ အာဟာရဓာတ်လုံလောက်စွာမကျွေးခြင်း၊ ပိုးမွှားရောဂါကျရောက်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အလင်းပြင်းအား၊ လေထုစိုထိုင်းဆနှင့် အခြားအချက်များက တရားခံဖြစ်နေသည်ကို တွေ့ ရှိရသည်။ အပူချိန်ပြင်းနေပါက ခရမ်းချဉ်သီးများ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိမ္မော်ရောင် (သို့) လိမ္မော်ဝါရောင် ဖြစ်ပေါ်စေသည်။ အပူချိန်မြင့်ပါက လိမ္မော်သီးများတွင် ဇီဝကမ္မဘီတာကယ်ရိုတင်းဖြစ်စဉ် ဟန့်တားခံရခြင်းကြောင့် လိမ္မော်ရောင်မဖြစ်ဘဲ အခြားအရောင်များအဖြစ် ပြောင်းလဲသွားခြင်း၊ အပူချိန်မြင့်ခြင်းကြောင့် ဥစားသီးနှံများတွင် အစာချက်လုပ်နှုန်းနှင့် အသက် ရှူနှုန်းလျော့ကျခြင်းတို့ဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်တွင် ကာဗိုဟိုက်ဒရိတ်စုဆောင်းမှုကို လျော့ကျစေပါသည်။ ဟင်းသီးဟင်းရွက်သီးနှံများတွင် နေလောင်ဒဏ်ခံရခြင်းများ ဖြစ်စေပါသည်။ အပူချိန်မြင့်မားမှုကြောင့် ကညွတ်တွင် ပင်စည်ပျော့ပြောင်းနူးညံ့မနေဘဲ ပျင်းတွဲတွဲဖြစ်နေခြင်း၊ ဂေါ်ဖီထုပ်နှင့် ဆလပ်တို့တွင် ထိပ်ပိုင်းများ လောင်ခြင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့တွင် အလင်းဖောက်ခြင်း၊ အာလူးတွင် အနက်ပြောက်ဖြစ်ခြင်း၊ မုန်လာဥတွင် အူချောင်၍ အတွင်းသား ဖော့သားကဲ့သို့ ဖြစ်နေခြင်း စသည် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။
အပူချိန်နိမ့်ခြင်းဖြစ်ပေါ်ပါက ရှောက်၊ သံပရာမျိုးနွယ်ဝင်နှင့် သရက်တို့သည် အပူချိန်နိမ့်တွင် အေးသောရာသီဥတု၌ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုနည်းသည်ကို တွေ့ရှိရသည်။ အပူချိန်နိမ့်ပါက ကန်စွန်းဥတွင် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့် အသားဓာတ်နှင့် ကစီဓာတ်ပါဝင်မှုကို တိုးစေပါသည်။ ဘရိုကိုလီနှင့် ဂေါ်ဖီထုပ်တို့တွင် သိုင်ယာမင်းဓာတ်နှင့် ရိုင်ပိုဖလေဗင်ဓာတ်တို့ ပိုမိုဖြစ်ပေါ်စေပါသည်။ အာလူးတွင် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုကြောင့် ကစီမှ သကြားဓာတ်သို့ ပြောင်းလဲမှုဖြစ်စေပြီး အနက်ရောင်အစင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ နာနတ်သီးတွင် အပူချိန်နိမ့်ခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုများဖြစ်ပြီး အသားတွင် အညိုအစက်များ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်။
အလင်းပြင်းအားကြောင့် ဆုံးရှုံးမှုတွင် အရည်အသွေးဆုံးရှုံးခြင်းကို ပိုမိုဖြစ်စေပါသည်။ အလင်းပြင်းအားများခြင်းသည် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေသဖြင့် သစ်သီးဝလံများ၏ အချိုဓာတ်ဖြစ်ပေါ်မှုကို အားပေးသည်။ ဥပမာ အလင်းပြင်းအားများခြင်းသည် သရက်၊ ရှောက်သံပရာမျိုးနွယ် (ကျွဲကော၊ ဂရိတ်ဖရု၊ ရှောက်) တို့ကို အချဉ်ဓာတ်လျော့ကျစေ၍ အချိုဓာတ်ကဲမှုကို အကျိုးပြုပေးပါသည်။ သို့သော် အလင်းပြင်းအားများခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲလာပြီး အာလူးအသားများ အစိမ်းရောင် ဖြစ်စေပါသည်။ အရသာစပ်ရှားရှားဖြစ်နေပါသည်။ အလေးချိန်လျော့စေပါသည်။ အလင်းပြင်းအားများခြင်းကြောင့် ဇီဝကမ္မဖြစ် စဉ်ပြောင်းလဲလာပြီး ရှောက်သီးတွင် အခွံထူစေပြီး ခရမ်းချဉ်သီးကို အနီရောင်ရင့်စေပါသည်။
လေထု၏ စိုထိုင်းဆသည် သစ်သီးဝလံများ၏ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုကို လွှမ်းမိုးထားသည်ကို တွေ့ရှိရသည်။ အသီးကြီးထွားဖွံ့ဖြိုးချိန်တွင် စိုထိုင်းဆများခြင်းသည် အသီးအရွယ်အစားကြီးမှု၊ အသီး၏ မျက်နှာပြင်တင်းမာမှုနှင့် အချိုဓာတ်ပါဝင်မှုကို မြင့်တက်စေပါသည်။ ရှောက်သီးတွင် အခွံထူမှုကို လျော့ကျစေပါသည်။ စိုထိုင်းဆများနေခြင်းသည် သရက်ဆွတ်ခူးပြီးနောက် ရောဂါဖြစ်စေမှုကို အားပေးပါသည်။ သရက်နှင့် ငှက်ပျောတို့တွင် အသီးဖွံ့ဖြိုးကြီးထွားချိန်၌ လေပြင်းတိုက်ခတ်မှုခံရပါက အသီးများ ကြွေကျခြင်း၊ အရွက်များဒဏ်ရာ ရခြင်း၊ အချို့ငှက်ပျောမျိုးများ အသီးအရွယ်အစား ငယ်သွားစေပါသည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ မဆွတ်ခူးမီ အသီးများ ကြီးထွားဖွံ့ဖြိုးချိန်တွင် ရေလိုအပ်ပါသည်။ မြေကြီးထဲတွင် အစိုဓာတ်နှင့် အာဟာရ အလုံအလောက်ရှိနေရန် လိုအပ်ပါသည်။ မြေကြီးထဲတွင် အစိုဓာတ်နှင့် အာဟာရဓာတ်များ မလုံလောက်ပါက အသီးအရည်အသွေး ကျဆင်းသွားစေနိုင်ပါသည်။ သစ်သီးဝလံများ အထွက်နှုန်းနည်း၍ အရွယ်အစားသေးသွားစေပါသည်။ ခရမ်းချဉ်သီးများ အက်ကွဲမှုဖြစ်ခြင်း၊ ကန်စွန်းဥများ အရောင်ဖျော့ခြင်းတို့ ဖြစ်စေပါသည်။
မြေကြီးထဲတွင် လုံလောက်သော အာဟာရဓာတ်ဖြည့်သွင်းပေးလျှင် အထွက်နှုန်းကောင်းပြီးအရည်အသွေးတက်စေပါသည်။ သကြားပြောင်းတွင် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်ဓာတ် လုံလောက်စွာရရှိလျှင် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့် သကြားဓာတ်တိုးပွားမှုကို ဖြစ်ပေါ်စေပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၀)
No comments:
Post a Comment