ထွန်းလှိုင်(မြိုင်)
တစ်နိုင်ငံလုံး အသားထုတ်လုပ်မှု တိုးတက်စေရန်၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူသူများ ဝင်ငွေတိုးတက်လာစေခြင်းဖြင့် ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုရန်၊ လူတစ်ဦးချင်း အသားစားသုံးမှုနှုန်း တိုးတက်လာစေရန်၊ ဝက်မွေးသူများ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ပြီး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုအပတ်တွင် ဒို့ကျေးရွာတောင်သူဦးကြီးများ ဝက်မွေးမြူခြင်းနှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်တင်ပြလိုက်ရပါသည်။
ဝက်မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း
ဝက်မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် အဓိကအရေးကြီးသောအချက်မှာ မျိုးကောင်းမျိုးသန့်ကို မွေးမြူရန် လိုအပ်ပါသည်။ မွေးမြူသောဝက်သည် ကျွေးမွေးသောအစာမှ အသားပြောင်းလဲမှု(FCR) မြင့်မားမှု၊ ရောင်းတန်းဝင် အသားအရည်အသွေးကောင်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုတို့ကို ဦးစားပေးရွေးချယ်ရပါမည်။
ထုတ်လုပ်မှုကောင်းသည့် ဝက်မျိုးများ
ဂျူးရော့ဂျာစီ (Duroc) မှာ ရွှေနီရောင်ခန္ဓာကိုယ်ရှိပြီး ကြံ့ခိုင်မှုရှိသည်။ ရာသီဥတု၏ ပြင်းထန်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ သားထိန်းကောင်းခြင်း၊ သားပေါက်ကောင်းခြင်း၊ သားစပ်ရာတွင် အထီးအဖြစ် အသုံးများသည်။ ရော့ရှိုင်းယား(Yorkshire) မှာ အဖြူရောင်ရှိပြီး နားရွက်ထောင်သည်။ ခန္ဓာကိုယ်ရှည်လျား၊ ဦးခေါင်းကြီး၊ သားပေါက်၊ သားထိန်းကောင်းသည်။ မျက်နှာအနည်းငယ်ခွက်၍ နှာတံရှည်သည်။ သားပေါက်၊ သားထိန်းကောင်းသည်။ Large White ဟုလည်း ခေါ်သည်။ လင်းဒရေ့(စ်)မှာ အဖြူရောင်ရှိပြီး နားရွက်ရှည်ပြီး မျက်နှာပေါ်သို့ စိုက်ကြသည်။ ဦးခေါင်းသေး ခန္ဓာရှည်လျားပြီး သားပေါက်ကောင်းသည်။ လက်ပြင်၊ ပေါင်ကြီးသည်။
ဘက်ရှိုင်းယား (Berkshire) မှာ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ခြေလေးချောင်း၊ နှာဖျား၊ အမြီးဖျားတွင် ဖြူသောအရောင် ပါရှိသည်။ ခြောက်ကွင်းဖြူဟုလည်း ခေါ်သည်။ ရာသီဥတုဒဏ်ခံနိုင်သည်။ ဖော်ပြပါ ဝက်များသည် အရည်အသွေးကောင်းမွန်သည်။ ၎င်းဝက်များကို ဒေသဝက်များ မျိုးမြှင့်သားစပ်ခြင်းဖြင့်လည်း မွေးမြူနိုင်သည်။ အသားစပ်ထုတ်လုပ်မှုမြင့်မား၍ စီးပွားရေးတွက်ခြေကိုက်ရန် ယနေ့ မွေးမြူနေသော သုံးမျိုးစပ်ဝက်မျိုးထုတ်လုပ်ပုံကို ဖော်ပြအပ်ပါသည်။
ပထမအဆင့်ကို Landrace ဝက်မျိုးအထီးနှင့် Yorkshire ဝက်မျိုးအမ သားစပ်ပါ LY ပထမသားဝက်မျိုးရပါသည်။
ဒုတိယအဆင့်ကို Duroc အထီးနှင့် ပထမသားစပ်ခြင်းမှရသော ဝက်အမနှင့်စပ်ပါက DYL အဆင့်မြင့် အသားတိုးဝက်ရပါသည်။ ဝက်အမျိုးအစားများတွင် အဆီများသည့် ဝက်မျိုးများ၊ ဝက်ဖြူကြီး၊ တင်မ်ဝပ်၊ ပိုလန်ချိုင်းနား၊ ချက်စတာဝှိုက်၊ အသားများသောဝက်မျိုးများ၊ ဂျူရော့ဂျာစီ၊ ဘတ်ရှိုင်းယား၊ ဟင်းမ်ရှိုင်းယား၊ မစ်ဒယ်ဝှိုက်၊ အဆီအသားများသောဝက်မျိုးများ၊ လင်းဒရေ့စ်၊ ရော့ရှိုင်းယား၊ DYL ဝက်မျိုးများ ပါသည်။
![]() |
ဓာတ်ပုံ - pig333.com |
မွေးမြူရေးခြံနေရာရွေးချယ်ခြင်း
ဝက်ခြံသည် လူနေအိမ်နှင့်ဝေးသောနေရာ ဖြစ်ရပါမည်။ လေဝင်လေထွက် ကောင်းမွန်ရမည်။ ရောဂါထိန်းချုပ်မှု လွယ်ကူရမည်။ အညစ်အကြေး စွန့်ထုတ်မှုအတွက် ရေစီးဆင်းမှုကောင်းမွန်ရမည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရန် စီမံဆောင်ရွက်ရမည်။
ဝက်ခြံတည်ဆောက်ခြင်း
ဝက်တစ်ကောင်အတွက် ကြမ်းခင်းဧရိယာလိုအပ်ချက်မှာ အသားတိုးဝက်၊ ၁၅ စတုရန်းပေ၊ ဝက်သိုးတစ်ကောင် ၁၆ ဒသမ ၅ စတုရန်းပေ၊ မျိုးဝက်တစ်ကောင် ၁၀ စတုရန်းပေ၊ နို့ ပေးဝက်မ ၅၅ စတုရန်းပေ ဖြစ်သည်။
အစာကျွေးမွေးခြင်း
ဝက်မွေးမြူရေးတွင် ဝက်စာသည် အသားထုတ်လုပ်မှုကုန်ကျစရိတ်၏ ၆၅ ရာခိုင်နှုန်းရှိသဖြင့် အစာကိုအလေအလွင့်မရှိအောင် ကျွေးမွေးရမည်။ ဝက်စာကို အရည်အသွေးပြည့် ကျွေးမွေးခြင်းဖြင့် မျိုးရိုးဗီဇီကောင်းမွန်မှုကို ထိန်းနိုင်သည်။ အစာမှ အသားပြောင်းလဲမှု မြင့်မားသည်။ အာဟာရကောင်းမွန်သဖြင့် ခံနိုင်ရည်ရှိပြီး ရောဂါဖြစ်ပွားမှု နည်းသည်။ ဝက်ကလေး သီးသန့်စာတွင် အသားဓာတ် ၁၈ ရာခိုင်နှုန်း၊ သားခွဲဝက်စာတွင် အသားဓာတ် ၁၇ ရာခိုင်နှုန်း၊ အသားတိုးဝက်စာ ၁၄ ရာခိုင်နှုန်းနှင့် ဝက်မကြီးစာ၊ အသားဓာတ် ၁၄ ရာခိုင်နှုန်း ရှိရပါမည်။
ဝက်ကြီးစာ၊ ဝက်လတ်စာ၊ ဝက်ငယ်စာ၊ အသားတိုးစာတို့ကို ကျွေးမွေးရာတွင် ဝက်ကြီးစာမှာ စာဖွဲနု ၂၀၊ ဆန်ကွဲ ၅၅၊ နှမ်းဖတ် ၄၊ ပဲဖတ် ၅၊ ပြောင်းမှုန့် ၁၀၊ ငါးခြောက်မှုန့် ၄၊ ဝက်လတ်စာမှာ ဖွဲနု ၁၅ ၊ ဆန်ကွဲ ၃၂၊ နှမ်းဖတ် ၅၊ ပဲဖတ် ၈၊ ပြောင်းမှုန့် ၃၃၊ ငါးခြောက်မှုန့် ၅၊ ဝက်ငယ်စာမှာ ဖွဲနု ၁၁ ၊ ဆန်ကွဲ ၃၁၊ နှမ်းဖတ် ၅၊ ပဲဖတ် ၁၃၊ ပြောင်းမှုန့် ၃၂၊ ငါးခြောက်မှုန့် ၇ နှင့် အသားတိုးဝက်မှာ ဖွဲနု ၂၀ ၊ ဆန်ကွဲ ၅၃၊ နှမ်းဖတ် ၅၊ ပဲဖတ် ၅၊ ပြောင်းမှုန့် ၁၁၊ ငါးခြောက်မှုန့် ၅ တို့ကို ဖော်ပြပါ အချိုးအဆတိုင်း စပ်ရပါမည်။
ဝက်သိုးရွေးချယ်ခြင်းနှင့် ပြုစုခြင်း
ခြေလက်ကြွက်သား ကြံ့ခိုင်တောင့်တင်း၍ အထီးမျိုးပွားအင်္ဂါ အရွယ်တူညီပြီး ဖွံ့ဖြိုးမှုရှိရမည်။ မျိုးရိုးဗီဇ ဆက်ခံမှုမြင့်မားရန် ဝက်သိုးခန္ဓာကိုယ်၏ အလျားနှင့် အမြင့်အရေးကြီးပါသည်။ ဝက်သိုးတစ်ကောင်သည် သားပေါက်ကောင်ရေ ၁၀ ကောင်နှင့်အထက်နှင့် သားခွဲကောင်ရေ ရှစ်ကောင်အထက် ရရှိနိင်ရမည်။
ဝက်သိုးတွင် နို့တိုင် ၁၂ တိုင်နှင့်အထက်ရှိပြီး အကွာအဝေးညီတူရှိရမည်။ ဝက်သိုးအသက် ရှစ်လ၊ ကိုးလတွင် တစ်လ နှစ်ကြိမ် သားစပ်ပေးသင့်ပြီး တစ်နှစ်အထက်မှ ခြောက်နှစ်ထိ တစ်ပတ် သုံးကြိမ် သားစပ်ပေးနိုင်သည်။ တချို့က တစ်ပတ် ငါးကြိမ်ထိစပ်ကြသည့်အတွက် ဝက်မများတွင် ဝက်ကလေးပေါက်ဖွားမှု နည်းသွားတတ်ပါသည်။
သားစပ်ပြီးတိုင်း အာဟာရပြည့်ဝသော အစာများကို ကျွေးမွေးရမည်။ ဝက်သိုးတစ်ကောင် တစ်နေ့ အစာလိုအပ်ချက်မှာ တစ်ပိဿာခွဲခန့်ဖြစ်သည်။ အစာစိမ်းအဖြစ် အာတာလွတ်အရွက်၊ပါရာမြက်၊ ဗေဒါ၊ ဂေါ်ဖီ၊ ကန်စွန်းရွက်များ ကျွေးနိုင်ပါသည်။
မျိုးဝက်မရွေးချယ်ခြင်း
ဝက်မတွင် နို့တိုင်အရေအတွက် အနည်းဆုံး ၁၂ တိုင်ရှိပြီး အကွာအဝေးတူညီရမည်။ သားပေါက်နှုန်း ၁၀ ကောင်မှ ၁၂ ကောင်ရှိပြီး သားထိန်းကောင်းရမည်။
သားစပ်ခြင်းနှင့် မီးမဖွားမီပြုစုခြင်း
ဝက်မတမ်းများ အသက် ခုနစ်လမှ ရှစ်လအရွယ်တွင် မြိုင်စတင်ပေါ်နိုင်ပြီး ဒုတိယမြိုင်တွင် စတင်သားစပ်ပေးနိုင်ပါသည်။ သားမပေါက်မီ တစ်ပတ်အလိုတွင် သားပေါက်ခန်းသို့ ရွှေ့ပြောင်းရမည်။ ကြမ်းခင်းတွင် ကောက်ရိုး၊ မြက်ခြောက် ထည့်ပေးရမည်။ သားမပေါက်မီ သုံးရက်အလိုတွင် အစာကိုစားနေကျ ပမာဏထက် လျှော့ကျွေးရမည်။ ဝက်မကြီး၏ ဇီးကာလမှာ ၁၁၃ ရက်မှ ၁၁၅ ရက်ဖြစ်သည်။ ဝက်ကလေးမွေးဖွားရန် စုစုပေါင်း ၁ နာရီမှ ၁၂ နာရီထိ ကြာနိုင်ပါသည်။ နောက်ဆုံး ဝက်ကလေးမွေးပြီးသည့် အချိန်တွင် အချင်းကျမကျစစ်ဆေးရမည်။ တစ်နှစ် နှစ်သားအထက် ရရှိစေရန် ဝက်မကြီးသားခွဲပြီး ငါးရက်အကြာတွင် မြိုင်ပေါ်လျှင်ပေါ်ချင်း သားပြန်စပ်ရမည်။
ဝက်ကလေးများထိန်းသိမ်းခြင်း
မွေးဖွားပြီးသည့် ဝက်ကလေး၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့တွင် ကပ်ညိနေသော အကျိအချွဲများကို သန့်ရှင်းခြောက်သွေ့သည့် အဝတ်ဖြင့် ဖယ်ရှားပေးရမည်။ ဝက်မကြီးရှိ နို့သီးအရေအတွက်ထက် ဝက်ကလေးကောင်ရေပိုမွေးပါက အသေးဆုံးကောင်အား ဖယ်ထုတ်ပေးရမည်။ သို့မဟုတ် နို့ဘူးတိုက်မွေးပါ။ ဝက်မကြီးဖိမိခြင်းကြောင့် သေဆုံးမှုမရှိစေရန် ကြိုတင်စီမံထားရမည်။ ဝက်ပေါက်လေးများကို ခြောက်သွေ့သောနေရာတွင် ထားရမည်။ ဝက်ကလေးများ သွေးအားနည်းရောဂါမဖြစ်စေရန်၊ သံဓာတ်အားဆေး အသက်သုံးရက်သားတွင် တစ်ကြိမ်၊ အသက်နှစ်ပတ်အရွယ်တွင် တစ်ကြိမ် ၁၀၀ မှ ၁၅၀ မီလီဂရမ် ထိုးပေးရမည်။ ဝက်ကလေးများ နှစ်ပတ်သားအရွယ်မှစ၍ ဝက်ကလေးသီးသန့်စာ ကျွေးပေးရပါမည်။ ကျွေးမွေးစောင့်ရှောက်မှု အာဟာရပြည့်ဝမှု အနေအထားအရ လေးပတ်မှ ခြောက်ပတ်အရွယ်တွင် သားခွဲနိုင်သည်။
ကူးစက်ရောဂါကာကွယ်ခြင်း
ဝက်ဝမ်းကျကာကွယ်ဆေးကို ဝက်လေး တစ်လခွဲနှင့်အထက်၊ တစ်နှစ်တစ်ကြိမ်ထိုးရန်၊ ဝက်ပုလိပ်ကာကွယ်ဆေး သုံးလသားနှင့်အထက် ခြောက်လတစ်ကြိမ်၊ အခြားကာကွယ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထိုးပေးရပါမည်။
ထွန်းလှိုင် (မြိုင်)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၀)
No comments:
Post a Comment