မောင်ငြိမ်းအောင် (တန့်ဆည်)
မြန်မာနိုင်ငံတွင် စပါးမျိုးပေါင်း ၃၀၀ ကျော် ရှိပါတယ်။ စပါးမျိုးတွေကို အုပ်စုခွဲထားပါတယ်။ ဧည့်မထအုပ်စု၊ ငစိန်အုပ်စု၊ ငကျွဲအုပ်စု၊ လက်ရွေးစင်အုပ်စု၊ မီးဒုံးအုပ်စုနှင့် ဗျတ်အုပ်စုများ ဖြစ်ပါတယ်။ ရာသီသက်တမ်းအလိုက် အထွက်ကောင်း သက်တမ်းစပါးမျိုးများ၊ ဒေသရာသီ စပါးမျိုးများဟု ထပ်မံခွဲခြားထားတာ တွေ့ရပါတယ်။
စပါးမျိုးတိုင်းဟာ အစေ့ငုပ်ချိန် (Seed dormancy) ရှိကြပါတယ်။ အစေ့ငုပ်ချိန်ဆိုတာ စပါးရိတ်သိမ်းပြီးနောက် အပင်ပေါက်နိုင်တဲ့ စွမ်းအားရှိတဲ့ကာလဖြစ်ပါတယ်။ အချို့စပါးမျိုးတွေဟာ အစေ့ငုပ်ချိန် တစ်ရက်မှ ၁၀ ရက်သာ ရှိပါတယ်။ အချို့မျိုးတွေဟာ အစေ့ငုပ်ချိန် ၁၀ ရက်မှ ၁၅ ရက် ရှိပါတယ်။ အချို့မျိုးတွေဟာ အစေ့ငုပ်ချိန်တစ်လကျော်ရှိတာ တွေ့ရပါတယ်။ အချို့မျိုးတွေကျတော့ အစေ့ငုပ်ချိန် ၆၀ ရက်ကျော်ရှိတာ တွေ့ရပါတယ်။
ယေဘုယျအားဖြင့် အထွက်ကောင်းသက်တမ်းစပါးမျိုးတွေဟာ အစေ့ငုပ်ချိန် ကာလနည်းတတ်ပြီး ဒေသရာသီစပါးမျိုးတွေဟာ အစေ့ငုပ်ချိန်ကာလ များတာတွေ့ပါတယ်။ အစေ့ငုပ်ချိန်ကာလ အနည်းအများ ဖြစ်ပေါ်ခြင်းဟာ စပါးရောင်းဝယ်မှုလောက ကုန်သည်ပွဲစားနဲ့ တောင်သူလယ်သမားကြီးများအပေါ်မှာ မည်သို့အကျိုးသက်ရောက်မှုရှိနိုင်သလဲ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။
အစေ့ငုပ်ချိန်ကာလ နည်းလွန်းရင် စပါးရင့်မှည့်ပြီး မရိတ်သိမ်းမီ အပင်ပေါ်မှာ အညှောင့်ပေါက်နိုင်ပါတယ်။ လယ်သမားကြီးများအတွက် ဆုံးရှုံးမှုအကြီးအကျယ်နဲ့ ကြုံတွေ့ခံစားရနိုင်ပါတယ်။ တစ်ဖန် အပင်ပေါ်မှာ အညှောင့်မပေါက်မီ ရိတ်သိမ်းနိုင်သော်လည်း ခြွေလှေ့နေလှန်းချိန် အစိုဓာတ်နည်းနည်းရတာနဲ့ အညှောင့်ပေါက်တဲ့အတွက် ထပ်မံ အဟောသိကံ ဖြစ်ရပြန်မှာ ဖြစ်ပါတယ်။ စပါးရောင်းဝယ်ဖောက်ကားကြမယ့် ကုန်သည်ပွဲစားများအတွက်လည်း အစေ့ငုပ်ချိန်ကာလနည်းတဲ့ စပါးကိုဝယ်ပြီးရင် နေလှန်းအခြောက်ခံ သိုလှောင်စဉ် အစိုဓာတ်ရှိပါက အညှောင့်ပေါက်တဲ့အတွက် ဆုံးရှုံးမှုများမှာ ဖြစ်ပါတယ်။ အချို့ အစေ့ငုပ်ချိန်ကာလ သုံးရက်အတွင်းသာရှိတဲ့ စပါးမျိုးဆိုရင် တစ်ခါတစ်ရံ ရာသီမဟုတ် ရွာတဲ့မိုးနဲ့ ရင့်မှည့်ချိန် တိုက်ဆိုင်သွားရင် စပါးပင်ပေါ်မှာပဲ အညှောင့်ပေါက်တဲ့ဒုက္ခ မကြာခဏ ကြုံနေကြရပါတယ်။
![]() |
ဓာတ်ပုံ - cpsskerala.in |
အချို့ အစေ့ငုပ်ချိန် ၁၀ ရက်မှ ၁၅ ရက်၊ တစ်လရှိတဲ့ စပါးမျိုးဆိုရင် ရင့်မှည့်ရိတ်သိမ်းပြီး စပါးသီးထပ် (နွေစပါး) စိုက်ပျိုးကြမယ့် တောင်သူကြီးများအတွက် အဆင်ပြေနေပြန်ပါတယ်။စပါးရောင်းဝယ်ဖောက်ကားကြမယ့် ကုန်သည်ပွဲစားများလည်း ဝယ်ယူပြီး မိမိဆန်စက်၊ သိုလှောင်ရုံမှာ စနစ်တကျ အခြောက်လှန်းထားရင် စိတ်ချရတဲ့အခြေအနေ ရရှိနိုင်ပါတယ်။
အချို့အစေ့ငုပ်ချိန် တစ်လကျော် နှစ်လခန့် ရှိတဲ့မျိုးတွေဟာ တောင်သူလယ်သမားကြီးများအတွက် ရော ကုန်သည်ပွဲစားအတွက်ပါ စနစ်တကျ အခြောက်လှန်းသန့်စင်သိုလှောင်မယ်ဆိုရင် စိုးရိမ်ပူပန်စရာမလိုဘဲ လှောင်ထားနိုင်ပါတယ်။
တစ်ခါတစ်ရံ အစေ့ငုပ်ချိန် တစ်လကျော်ရှိနေတဲ့ စပါးမျိုးများ အစေ့ငုပ်ချိန် ရက် ၆၀ ကျော်ခန့် ရှိနေတဲ့စပါးမျိုးများကို ရာသီဥတုအခြေအနေအရ အစေ့ငုပ်ချိန်ကာလထိ မစောင့်နိုင်တော့ဘဲ စိုက်ပျိုးရမယ့် အခြေအနေ ပေါ်ပေါက်လာပါက အဆိုပါ စပါးမျိုးများကို အစေ့ငုပ်ချိန်ကာလအား တိုသွားအောင် နည်းပညာနဲ့ ချေဖျက်ဆီးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
စပါးအစေ့ငုပ်ချိန်ကာလကို ချေဖျက်ပြီး ကာလတိုအောင် ဖန်တီးနိုင်တဲ့နည်းလမ်းကတော့ -
- မျိုးစေ့စိုထိုင်းဆ ၁၀ ရာခိုင်နှုန်းသာ ရှိစေရန်အတွက် သုံးရက်မှ ငါးရက်ကြာ နေပူပူတွင် ကောင်းစွာလှန်းပေးခြင်း သို့မဟုတ် အပူပေးအိုဗင်အတွင်း ၅၀ ဒီဂရီစင်တီဂရိတ်တွင် ခုနစ်ရက်ကြာ ထားပေးခြင်း။
- ရေတစ်လီတာတွင် နိုက်ထရစ်အက်စစ် (၆၈ ရာခိုင်နှုန်းပြင်းအား) ၆ ဒသမ ၃ မီလီလီတာ ထည့်ဖျော်ထားသည့်အရည်တွင် စပါးမျိုးစေ့တစ်ကီလိုကို ၁၆ နာရီမှ ၂၄ နာရီ စိမ်ပြီးနောက် ပြန်ဆယ်ယူပြီး သုံးရက်မှ ခုနစ်ရက်ခန့် နေပြလှန်း၍ အသုံးပြုခြင်း၊ အက်စစ်ကို ရေထဲသို့ ဖြည်းညင်းစွာ လောင်းထည့်ပါ။ သို့သော် ပေါက်ကွဲတတ်သဖြင့် ရေကို အက်စစ်ထဲသို့ လောင်းမထည့်ပါနှင့်။
- ရေတစ်လီတာတွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ၂ မီလီလီတာမှ ၅ မီလီလီတာထည့်ဖျော်ထားတဲ့ အရည်တွင် မျိုးစေ့တစ်ကီလိုဂရမ်ကို ထည့်၍ (၂၄)နာရီကြာ စိမ်ပေးထားခြင်း။
- အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေနွေး ၅ ဆမှ ၁၀ ဆတွင် စိမ်ပေးခြင်း။ ရေဆူအမှတ် ၁၀၀ ရှိသော ရေနွေးကို အချိန် ၈ မိနစ်မှ ၁၀ မိနစ်ခန့် အအေးခံပါက လိုအပ်တဲ့ ရေနွေးရနိုင်ပါတယ်။
အထက်ပါ မျိုးစေ့ အစေ့ငုပ်ချိန်ကာလကို တိုသွားအောင် ဆွေးနွေးထားသော နည်းလမ်းများအနက် နည်းလမ်းတစ်ခုကိုသာ မိမိကြိုက်နှစ်သက်ရာရွေး၍ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ နည်းလမ်းအားလုံးကို တစ်ပြိုင်နက် အသုံးပြုရန် မလိုအပ်ပါ။
မောင်ငြိမ်းအောင်(တန့်ဆည်)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၆)
No comments:
Post a Comment