October 23, 2021

အဲ့ဒါ ငါ့အဖေ

လယ်တွင်းသားစောချစ်

        ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ ကျွန်တော်လည်း အဖေ့ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သားအဖရဲ့ဆက်ဆံရေးက ပျော်စရာ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာ။

        အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေ ဖြစ်သွားတာပါ။

        ကျွန်တော်ငယ်ငယ်က အဖေ ကားမဝယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ ရှိပြီ။ ကျွန်တော်ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကို လွယ်ပြီး ကျွန်တော့်ထမင်းဘူးလေးကို ဆွဲထားသေးတယ်။

        အဲ့ဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်း ပြောရရင် အဲ့ဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ကုပ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကျောင်းကြိုကျောင်းပို့တဲ့ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။

        အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ (၇) တန်းအထိပဲ ကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာက အလယ်တန်းကျောင်းမှာ။ (၇) တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေရပါတယ်။ လုပ်ရင်း လုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်ကလေးရလာတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး သံပန်းသံတံခါးဆရာ ဖြစ်လာတယ်။

        ငွေကလေးစုမိတော့ အဖေကကိုယ်ပိုင်လုပ်ငန်း ခွဲထောင်တယ်။ အမေနဲ့ အိမ်ထောင်ကတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။

        အဖေက ကျွန်တော့်ကို သူမအောင်မြင်ခဲ့တဲ့ (၁၀) တန်း အောင်စေချင်တယ်။ သူမတက်ခဲ့ရတဲ့တက္ကသိုလ်တက်စေချင်တယ်။

        ကျွန်တော် ဆယ်တန်းကို ဂုဏ်ထူး (၃) ဘာသာနဲ့ အောင်တယ်။ အဖေဝမ်းသာလွန်းလို့ အိမ်မှာ လူတွေကိုဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေါ့။ အဲဒီအထိ အဖေနဲ့ ကျွန်တော်အဆင်ပြေပါတယ်။

        တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရ၊ သင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရ၊ ဆုံရ၊ ပြောဆိုရတော့ အဖေ့ရဲ့နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။

        အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာမာတယ်၊ ကြမ်းတယ်။ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ဝတ်တာဆင်တာကလည်း အိမ်မှာရော အလုပ်မှာရော သံဂဟေ၊ သံချည်သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်း အဝတ်တွေပဲ ဝတ်ရတယ်။

        သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာသိပေမယ့် ဆုံးမပုံစနစ်မကျဘူးလို့ ထင်တယ်။

        ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ်လိုက်သွားတဲ့အခါ သူ့အဖေဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။

        ကျွန်တော့်မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်းသံတံခါးလုပ်ငန်း လုပ်တာပြောတော့ -

        "ကောင်းတာပေါ့ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်းရတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ်"လို့ ပြောတယ်။

        ဒါပေမဲ့ ငယ်တုန်းကပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုရဖို့လိုကြောင်း။ အက်ဂျူကေးတက်ဖြစ်မှ ဝစ်(စ်)ဒမ်း ဖြစ်နိုင်ကြောင်းတွေ ပြောပြတယ်။ အင်္ဂလိပ်စကားလုံးတွေသုံးတဲ့ အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေလျှင် ကောင်းမှာလို့ ဆန္ဒဖြစ်မိတယ်။

        အဲဒီနေ့က အိမ်ကိုပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ ညနေစာထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေက အထက်တန်းကျကျ ဝတ်ဆင်နေထိုင်ပုံ၊ အင်္ဂလိပ်လို အသံထွက်ကောင်းပုံတွေ အကြောင်းကို ချီးကျူးပြောဆိုမိတယ်။ အဖေ ဘာမှ ပြန်မပြောဘူး။

        နောက်တစ်နေ့ ကျောင်းကို အဖေ ကားနဲ့ လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေ စောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။

        အဖေက -

        "ဟ... ဆပ်ပလိုင်းချက်နဲ တွေ့နေပြီ"လို့ ပြောတယ်။

        "အဖေကလည်းဗျာ... ဆပ်ပလိုင်းချက် မဟုတ်ပါဘူး... ဆပ်ပရိုက်စ်ချက်ပါ"လို့ အင်္ဂလိပ်လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။

        "မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့။ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ။ ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ"လို့ ကျွန်တော့်ကို မကျေမနပ်ပြန်ပြောတယ်။

        ကျွန်တော်က ဘယ်ခံမလဲ -

        "အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ။ သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ။ ကိုယ်မသိရင် မပြောနဲ့ပေါ့"လို့ ပြန်ပြောလိုက်တယ်။

        နောက်တစ်နေ့ကစပြီး အဖေ ကျွန်တော့်ကို ကျောင်းလိုက်မပို့တော့ဘူး။ စကားလည်း မပြောတော့ဘူး။ ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။

ဆက်လက်ဖော်ပြပါမည်

လယ်တွင်းသားစောချစ်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၈)

No comments:

Popular Posts