နေဝင်းလွင် (မွေး/ကု)
နွားကလေးများ အသက်ရက်သားမှ တစ်လအတွင်း ဖြစ်ပွားတတ်သောရောဂါမှာ ဝမ်းလျှောရောဂါဖြစ်သည်။ ဝမ်းလျှောရောဂါဖြစ်ပွားပါက နွားငယ်လေးများ အသက်ဆုံးရှုံးရသည်အထိ ဖြစ်တတ်သောကြောင့် မွေးမြူသူတို့၏ စီးပွားရေးအတွက် အရေးကြီး၍ ကာကွယ်ကုသသင့်သော ရောဂါတစ်မျိုးဖြစ်သည်။ မွေးဖွားလာသော နွားကလေးများ၏ ကိုယ်ခံအင်အားနည်းပါးခြင်း၊ နွားလေးများ၏ ကိုယ်ခန္ဓာအတွင်း ရောဂါပိုးများခြင်းတို့ကြောင့် ဖြစ်တတ်သည်။
နွားငယ်လေး၏ အစာခြေလမ်းကြောင်းတစ်လျှောက်အတွင်း အီကိုလိုင်နှင့် ဆယ်လ်မိုနဲလားရောဂါပိုးများ တည်ရှိနေမှုမှ ၎င်းပိုးများ၏ အဆိပ်ရည်ထုတ်လုပ်မှုကြောင့် နွားငယ်၏ အစာအိမ်နံရံရှိ ဆဲလ်များတွင် ဆိုဒီယမ်ကလိုရိုက်နှင့် ပိုတက်ဆီယမ်ကလိုရိုက်ဓာတ်ဆားများ ထွက်ရှိလာသည်။ ထိုမှတစ်ဆင့် နွားငယ်လေးများအား ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သော နောက်ထပ်အကြောင်းရင်းတစ်ချက်မှာ မိခင်နွားမကြီးထံမှ အရည်အသွေးညံ့သည့် ကိုယ်ခံအင်အား အနည်းငယ်သာပါရှိသော နို့ဦးရည်အား လုံလောက်စွာ မသောက်သုံးရဘဲ အကန့်အသတ်ဖြင့် သောက်သုံးရသောကြောင့် ကိုယ်ခံအင်အားနည်းပါး၍ နွားငယ်လေးများဝမ်းလျှောရောဂါ ဖြစ်ရပါသည်။ နွားမဒန်းမှ ပထမဦးဆုံးမွေးဖွားလာသော နွားငယ်လေးများတွင် အများဆုံးဖြစ်တတ်ပါသည်။ ထို့ပြင် သန့်ရှင်းမှုလိုအပ်သော နေရာထိုင်ခင်းများကြောင့် ရောဂါပိုးပေါက်ပွားစေပြီး ဤရောဂါဖြစ်နိုင်ပါသည်။
![]() |
ဓာတ်ပုံ - feednavigator.com |
ရောဂါလက္ခဏာများ
ရောဂါသဏ္ဌာန်လက္ခဏာများမှာ နွားငယ်လေးများ ဝမ်းသွားမှုကြောင့် ခန္ဓဒာကိုယ်အရေပြား တင်းမာလာခြင်း၊ မျက်လုံးများ ချိုင့်ဝင်နေခြင်း၊ အသက်ရှူမှုမြန်လာ၍ အစာအိမ်လေဖောင်းနေခြင်း၊ ချက်တိုင်ရောင်ရမ်းခြင်း၊ မှောက်၍ လဲနေခြင်းများ တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးတွင် နွားငယ်၏ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်၍ သေဆုံးတတ်ပါသည်။
ကာကွယ်မှု
ရောဂါမဖြစ်စေရန် ကာကွယ်မှုအနေဖြင့် နွားကလေးမွေးမြူမည့် နေရာအား သန့်ရှင်းခြောက်သွေ့စေရန် ပြုလုပ်ပေးထားရမည်။ နွားကလေးမွေးပြီးပါက နွားကလေးနှင့် နွားမကြီးကို သန့်ရှင်းခြောက်သွေ့သည့် နေရာသို့ ပြောင်းရွှေ့ပေးရမည်။ ရောဂါဖြစ်ပွားနေသည့်နွားကလေး အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများအား အသုံးပြုပြီးတိုင်း သန့်ရှင်းရေးပြုလုပ်ပေးရမည်။ နွားငယ်လေးအား အခြားနွားများနှင့် ခွဲခြားထားရမည်။ နွားကလေးအား ပြုစုသည့် ပိုင်ရှင်သည် လက်များကို သေချာစွာ သန့်စင်ဆေးကြောခြင်း၊ နွားကလေး၏ချက်တိုင်အား ပိုးသတ်ဆေးရည်တွင် နှစ်ပေးခြင်းတို့အပြင် နွားငယ်လေး သောက်သုံးရသည့် နို့ဦးရည်၏ အရည်အသွေးနှင့် ပမာဏကို ဂရုစိုက်စစ်ဆေးပေးရန် လိုအပ်ပါသည်။
ကုသပေးမှု
ရောဂါဖြစ်ပွားသော နွားငယ်လေးအား ကုသမှုအနေဖြင့် ဆိုဒီယမ်ကာဘိုနိတ်အရည်၊ ဒက်စ်တို့အရည်၊ ဓာတ်ဆားရည်နှင့် သွေးရည်ကြည် စသည်တို့ကို နွားငယ်၏ အကြောတွင်းသို့သွင်း၍ ကုသပေးရန် လိုအပ်ပါသည်။
သို့ပါ၍ အသက်ရက်သားမှ တစ်လအတွင်းရှိ နွားကလေးများအား အသက်ငယ်ရွယ်စဉ်တွင် သေကြေပျက်စီး ဆုံးရှုံးမှုမဖြစ်စေရန်နှင့် ဝမ်းလျှောရောဂါဖြစ်ပါက သိရှိကာကွယ်နိုင်ရန် ရေးသားဖော်ပြအပ်ပါသည်။
နေဝင်းလွင်(မွေး/ကု)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၆)
No comments:
Post a Comment