October 24, 2021

အဲ့ဒါ ငါ့အဖေ (ဇာတ်သိမ်းပိုင်း)

လယ်တွင်းသားစောချစ်

ယခင်အပတ်မှအဆက်

        အဲ့ဒီနောက်ကတည်းက အဖေနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ ခပ်မှန်မှန် ခပ်တန်းတန်းဖြစ်သွားပါတယ်။ ပြောစရာရှိရင် အမေကတစ်ဆင့် ပြောကြ ဆိုကြပါတယ်။

        ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ ကျောင်းပို့ ကျောင်းကြိုလုပ်ပေးပါတယ်။

        နောက်တော့ အဖေ အင်္ဂလိပ်လိုစကားလုံးအမှားတွေနဲ့ ပြောနေတာ အများကြီး ကြားရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေါ့။ ရှက်စရာကောင်းတယ်။ ကျွန်တော် ဘာမှမပြောတော့ပါဘူး။ ကိုယ့်စေတနာကို သူမှလက်မခံတာပဲ။ ဒါပေမဲ့ သူများရှေ့မှာ ကိုယ့်အဖေက မပီသ မမှန်ကန်တဲ့ အသံထွက်တွေ နဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေါ့။

        လူကြီးနဲ့ လူငယ်ရဲ့အားပြိုင်မှု ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက်ပါတယ်။

        ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ်၊ စားတာဝတ်တာကုန်ကျတာ အားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးတဲ့ရေ ဆိုလို့ အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲသုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေါ့။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံးတောင် ဖြစ်ချင်ဖြစ်မယ်။ တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့နဲ့ တစ်တန်းထဲ ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေါ့။ အောင်မိုးအတင်းခေါ်လို့ အလည်လိုက်သွားကြတာ။

        အောင်မိုးအဖေက လယ်သမား။ လယ်တွေများလို့ ကျွဲတွေ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။

        ဒါပေမဲ့ လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာတေ့် ကျွန်တော်တို့ အိမ်က သပ်သပ်ရပ်ရပ်နဲ့အဆင့်ရှိတာပေါ့။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့ အထက်တန်းအကျဆုံးပဲ။

        ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ။ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုးအခန်းမှာပဲ နေကြတယ်။

        အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့ ကုတင်နဲ့ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။

        ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေ ဝင်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်ပြီး ကျွန်တော်တို့ စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာဗိုင်းရပ်စ်ဝင်တဲ့အန္တရာယ်အကြောင်း၊ ပရိုဂရမ်တွေ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်းပြောတော့ အောင်မိုးအဖေက ဝင်မေးတယ်။

        “အဲ့ဒီဗိုင်းဒပ်ဆိုတာပိုးလား”တဲ့။အောင်မိုးက ပိုးတစ်မျိုးပေါ့လို့ ပြောတယ်။ အဲ့ဒီပိုးကောင်က ဘယ်လိုရောက်လာပြီး ကွန်ပျူတာထဲကို ဘယ်အပေါက်က ဝင်တာလဲ။ အဲ့ဒီအပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား။ သူ့လယ်မှာသုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင်မရဘူးလားလို့ မေးတယ်။

        ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး။ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို လှမ်းကြည့်လိုက်ကြတယ်။

        "သွားစမ်းပါ အဖေကလည်း မသိရင် မသိသလို နေစမ်းပါ... ဝင်မပြောစမ်းပါနဲ့လို့" ကျွန်တော်ဆို ရှက်စိတ်မွှန်ပြီး ပြောမိမှာ။

        တကယ်လည်း ရှက်စရာကောင်းတာကိုး...။

        ဒါပေမဲ့ အံ့သြစရာ အောင်မိုးက မျက်နှာမပျက်ဘူး။ ရှက်လည်းမရှက်ဘူး။

        သူပါ ကျွန်တော်တို့နဲ့အတူရောရယ်ပြီး "ဒါငါ့အဖေပဲကွ။ အဖေက လေးတန်းအထိပဲ ကျောင်းနေဖူးတယ်။ ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲရုန်းကန် လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာတက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတာ။ ဒီကွန်ပျူတာလည်း ငါ့အဖေ ဝယ်ပေးထားတာ.....။ ပြော အဖေ... ဘာမှမဖြစ်ဘူး။ အဖေထင်တာပြောလို့ရတယ်... ပြော"တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့အဖေကလည်း သူ့သားအားပေးတာ သဘောကျပြီး ပြုံးလို့ရယ်လို့ မေးချင်တာတွေကို မေးချင်သလို မေးနေတာပေါ့။ အောင်မိုးက သူ့ အဖေ နားလည်အောင် ရှင်းပြတယ်... ပျော်စရာကြီး။

        သူတို့သားအဖ ရှက်စရာလို့ မထင်ဘဲပြောနေကြတော့ ဇော်မင်းထက်နဲ့ ကျွန်တော်လည်း ရှက်စရာလို့ မထင်တော့ပါဘူး။ အောင်မိုးနဲ့အတူ သူ့အဖေ နားလည်အောင် ရှင်းပြနေမိကြတယ်။

        အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေး ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့သဘောထားကို လေးစားမိတယ်။

        တကယ်လို့သာ ကျွန်တော်တွေးမိသလို "သွားစမ်းပါဗျာ အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ။ ဝင်မပြောစမ်းပါနဲ့"လို့ ငေါက်လိုက်မာန်လိုက်ရင် အဖေဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက် စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူသင်ပေးလို့တတ်တဲ့ ပညာနဲ့ သူအငေါက်ခံနေရတာလေ...။

        ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့်အဖေပြောတဲ့အမှားတွေဟာ တကယ်တော့အောင်မိုးအဖေ ပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေးစော်ကားနေခဲ့မိတာ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။

        "တောင်းပန်ပါတယ် အဖေ "

        စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေးအမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ကြိုးစားတော့မယ်။

        အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း -

        "ပြော အဖေ ဘာမှမဖြစ်ဘူး လွတ်လွတ်လပ်လပ်သာပြော"

        အောင်မိုးတို့ သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ ပြောနေမိတာပါ။ 

လယ်တွင်းသားစောချစ်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၉)

No comments:

Popular Posts