October 21, 2021

ရာသီဥတုမရွေး စိုက်ပျိုးနိုင်သော ဈေးကွက်ဝင်ငရုတ်

မေဝတီ 

        မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းတွင် ထမင်းစားမြိန်ပြီး ခံတွင်းတွေ့ လျှာသွက်စေသော အသီးအနှံတစ်မျိုးဖြစ်သည့် ငရုတ်မှာ မပါမဖြစ် ဖြစ်ပေသည်။ အပူအစပ်တွေ အလွန်အကျွံမစားပါနှင့်ဆိုသော်လည်း အနည်းငယ်တော့ စားလိုက်ရမှ ထမင်းစားမြိန်စေသည့် ငရုတ်ဖြစ်သည်။ ဟင်းသီးဟင်းရွက်ဆိုသည့် အမျိုးအစားများစွာတွင် ငရုတ်လည်း အပါအဝင်ဖြစ်ပြီး ဈေးကွက်ဝင်သီးနှံတစ်မျိုးလည်း ဖြစ်သည်။

        ငရုတ်ကို သာမန်ခွဲခြားကြည့်လျှင် အစပ်မျိုးနှင့် အချိုမျိုးဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော ငရုတ်မျိုးများမှာ မိုးထောင်မျိုး၊ အောက်စိုက်မျိုး၊ ငရုတ်ပွမျိုးနှင့် အတောင့်ရှည်မျိုးများဖြစ်ကြပြီး ပုံသဏ္ဌာန်များလည်း အရှည်၊ အပု၊ လုံးဝိုင်း ပုံအမျိုးမျိုး ရှိကြသည်။

        ငရုတ်သည် အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင်သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံများအနက် တရုတ်၊ နိုင်ဂျီးရီးယား၊ မက္ကစီကို၊ စပိန်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ အီတလီ၊ ရိုမေးနီးယား၊တန်ဇန်းနီးယား၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံများမှာ ငရုတ်သီးကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကြသော နိုင်ငံကြီးများဖြစ်ပေသည်။ ငရုတ်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်ပြီး အေးလွန်း၊ ပူလွန်းသော ရာသီဥတုဒဏ် ကိုလည်း ခံနိုင်ရည်ရှိသည်။ သို့သော် ၎င်းရာသီမျိုးတွင် အပင်ကြီးထွားမှုနှေးကွေး၍ အထွက်နှုန်းလည်း ကျဆင်းသည်။

        မြန်မာနိုင်ငံအောက်ပိုင်းတွင် ဆောင်းရာသီ၌ စိုက်ပျိုးနိုင်ပြီး မြန်မာနိုင်ငံအထက်ပိုင်းအနေဖြင့် ရာသီမရွေးစိုက်ပျိုးကြပေသည်။ စိုက်ပျိုးချိန်ပေါ်မူတည်၍ မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဟု ခေါ်ဆိုကြသကဲ့သို့ စိုက်ပျိုးသည့် မြေအလိုက် လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားခေါ်ဆိုကြပြန်သည်။ ငရုတ်ဈေးကွက်၏ ရောင်းဝယ်ဖောက်ကားရာ၌ အထက်တွင် ဖော်ပြခဲ့သည့် ငရုတ်သီးပုံသဏ္ဌာန်ပေါ် မူတည်၍ ငရုတ်ရှည်၊ ငရုတ်လတ်နှင့် ငရုတ်ပွ ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြပေသည်။

ဓာတ်ပုံ - Fhomeguides.sfgate.com

        ငရုတ်ကို စီးပွားဖြစ် စိုက်ပျိုးကြသော ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်စိုက်ပျိုးမည့်မြေအား ပြုပြင်ရာတွင် ပေါင်းမြက်ကင်းစင်ပြီး မှုန့်ညက်သည်အထိ ပြုပြင်ရသည်။ ၎င်းမြေအား မပြုပြင်မီတွင် နွားချေး၊ မြေဆွေးစသည့် သဘာဝဓာတ်မြေဩဇာများနှင့် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေဩဇာများကို အချိုးကျသမအောင် ရောမွှေပြီး မြေခံအဖြစ် ထည့်သွင်းရမည်။ 

        မိုးရာသီတွင် စိုက်ပျိုးမည့်ငရုတ်ဖြစ်ပါက အပင်ခြေ ရေမဝပ်စေရန် ကြားမြောင်း၊ ခါးမြောင်းများကို ကြိုတင်ဆောင်ရွက်ထားရပေမည်။ ငရုတ်ပျိုးထောင်ရာတွင်လည်း ပျိုးဘောင်ကို အသေအချာပြုပြင်ပြီး အတန်းလိုက် အစေ့ချပျိုးထောင်ရမည်။ ပူပြင်းသောရာသီဥတုတွင်မူ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးရန် လိုအပ်ပါသည်။

        တစ်ဧကအကျယ်အဝန်းရှိသောမြေတွင် ငရုတ်စိုက်ပျိုးနိုင်ရန် မျိုးစေ့  ၂၀၀ ဂရမ် လိုအပ်သည်။ ပုရွက်ဆိတ်ရန်မှ ကင်းဝေးရန် ဘောင်ကို ဖျူရာဒါန်ဆေးဖြူးပေးခြင်းနှင့် မျိုးစေ့ကို စီဗစ်ဆေးမှုန့်ဖြင့် လူးနယ်ပြီး နေအေးချိန် ညနေပိုင်းတွင် အထူအပါး ညီညာစွာ အစိုဓာတ်မြဲစေရန် ရေဖြန်းပေးရသည်။ မျိုးစေ့ချပြီး တစ်ပတ်ခန့်အကြာတွင် ပျိုးပင်ငယ်ပေါက်လာပြီး ပျိုးပင်သက်တမ်း ၁၄ ရက်ခန့်ရှိလျှင် ပုလဲ (ယူရီးယား) ဓာတ်မြေဩဇာ နို့ဆီဘူးလေးဘူးကို စိုက်ဘောင်များပေါ်သို့ ညီညာစွာဖြူးပြီး ဆက်လက်ရေလောင်းပေးရန် လိုအပ်ပါသည်။ ပျိုးသက် ၂၁ ရက်ခန့်ကြာလျှင် ရွက်ကြမ်း (ခေါ်) မူမှန်ရွက်များ စတင်ထွက်ပေါ်လာပြီး ပျိုးသက် ရက် ၃၀ ခန့်ရှိလျှင် ပျိုးခင်းမှ စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

        ငရုတ်သည် ရွှေ့ပြောင်းစိုက်ပျိုးသည်မှ တစ်လခန့်ကြာလျှင် ကိုင်းများ စတင်ဖြာထွက်လာသည်။ ပန်းစတင်ပွင့်ပြီး အသီးကင်းဝင်သည့်အချိန်အထိ နှစ်ရက်ခန့်ကြာမြင့်သည်။ အသီးတောင့်များ စိမ်းသည်အထိ ၁၅ ရက်ခန့်ကြာပြီး ရင့်မှည့်သည်အထိ တစ်လခန့်ကြာသည်။ ငရုတ်တွင် ပန်းစတင်ပွင့်လျှင် ရေပေးသွင်းခြင်းကို ဆောင်ရွက်ရပြီး မိုးငရုတ်တွင် ရေသွင်း၊ မိုးမိ မဖြစ်စေရန် မိုးလေဝသရာသီဥတုအခြေအနေကို လေ့လာစောင့်ကြည့်ပြီး ချိန်ဆ၍ ရေပေးသွင်းရသည်။ ငရုတ်ပင်မှ အသီးများသီးရာတွင် အောက်ဆုံးခွသီး၊ အလယ်သီးနှင့်အဖျားသီးဟူ၍ သုံးမျိုးရှိပြီး အလယ်သီးသည် ငရုတ်အများဆုံး ထွက်ရှိသည်။ ငရုတ်သီးများ ဆွတ်ခူးရာတွင် ကောင်းစွာရင့်မှည့်၍ အနီရောင်သန်းသော ငရုတ်သီးများကို အရည်အသွေးမပျက်၊ လေလွင့်မှုမရှိအောင် ခူးဆွတ်ရပြီး အောက်သီး၊ အလယ်သီးနှင့် အဖျားသီးဟူ၍ သုံးကြိမ်ဆွတ်ခူးနိုင်သည်။

        ငရုတ်သီးစားသုံးခြင်း၏ ဆေးဘက်ဝင်မှုအနေဖြင့် နာကျင်မှုဝေဒနာကို သက်သာစေခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခွဲစိတ်ပြီးစ နာကျင်ခြင်း၊ အဆစ်ရောင်ရောဂါကို သက်သာစေခြင်းတို့ကို ဖြစ်စေသည်။ သွေးဖိအားကိုကျစေခြင်း၊ သွေးကြောများရောင်ရမ်းမှုကို သက်သာခြင်း၊ သွေးအတွင်းမှသကြားဓာတ်ကို ထိန်းပေးနိုင်သဖြင့် ဆာလောင်စိတ်ကိုဖြစ်စေသော ဟော်မုန်းကိုလျော့ကျစေခြင်း၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါမဖြစ်အောင် တားဆီးပေးနိုင်ခြင်းနှင့် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းလည်း ရှိသည်။ ထို့အပြင် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါပိုးတို့ကိုလည်း ချေမှုန်းနိုင်သည်။ ငရုတ်သီးတွင် ပါဝင်သည့် ဗီတာမင်အေနှင့် ဗီတာမင်ဒီပမာဏသည် နှလုံးသွေးကြောရောဂါဖြစ်စေသည့် အန္တရာယ်ကို လျော့ပါးစေသည်။ ဗီတာမင်အေပါဝင်မှုကြောင့် မျက်စိအာရုံကို ပိုမိုကြည်လင်စေသည်။ အဆုတ်ကင်ဆာကိုလည်း ကာကွယ်နိုင်သည်။

        သို့သော်လည်း တန်ဆေးလွန်ဘေးဆိုသည့် စကားအတိုင်း မည်သည့်အစားအစာမဆို သင့်တင့်မျှတစွာ စားသုံးပါက ဆေးဘက်ဝင်စေမည်ဖြစ်ပြီး လွန်ကျွံစွာစားသုံးပါက အန္တရာယ်ကို ဖြစ်စေပါသည်။ ငရုတ်သီးစားသုံးခြင်းသည် ဆေးဘက်ဝင်စေနိုင်သည်ဟု ဆိုသော်လည်း သာမန်ထက် ပိုမိုစားသုံးပါက အသည်းနှင့် ပန်ကရိယကင်ဆာများကို ဖြစ်ပွားစေနိုင်သလို ငရုတ်သီးမှိုသည် အသည်းကင်ဆာဆဲလ်များကို ပြန့်ပွားစေကြောင်း သိရသည်။ ငရုတ်သီးတွင် ပါဝင်သောဓာတ်က အသည်း၏ လုပ်ငန်းများကို ထိခိုက်စေပြီး အသည်း၏ အပေါ်ယံမျက်နှာပြင်တွင် အကျိတ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။ ကောင်းမွန်လတ်ဆတ်သည့်ငရုတ်သီးကို သင့်တင့်မျှတစွာ စားသုံးလျှင် သွေးလည်ပတ်မှုကို ကောင်းမွန်စေသော်လည်း အလွန်အကျွံစားသုံးပါက သွေးကြောငယ်လေးများ ပေါက်ထွက်နိုင်ကြောင်း သိရသည်။

        ယခုအခါတွင် ငရုတ်ဈေးကွက်ကောင်းမွန်လာခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ငရုတ်ကို တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။ ဒါ့အပြင် စိုက်ပျိုးရေးနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ အထွက်နှုန်းတိုးစေရေးတို့ကိုလည်း နည်းပညာများအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်လာကြသည်။ ငရုတ်ဈေးကွက်ကောင်းသကဲ့သို့ ငရုတ်ပျိုးပင်ဈေးကွက်မှာလည်း အထိုက်အလျောက်တွင်ကျယ်လာသည်ကို တွေ့ရပါသည်။ အထွက်နှုန်းအနေဖြင့် ငရုတ်တစ်ဧကလျှင် ငရုတ်ခြောက် ၇၀၀ ပိဿာမှ ၁၀၀၀ ပိဿာအထိ ထွက်ရှိကြောင်း သိရှိရသည်။ သို့အတွက်ကြောင့် တောင်သူဦးကြီးများအနေဖြင့် ဈေးကွက်ဝင်ငရုတ်ကို တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ စိုက်ပျိုးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်စေရန် ဖော်ပြလိုက်ရပါသည်။

မေဝတီ

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၉)

No comments:

Popular Posts