လွန်းပိုးအိမ်
သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သည်။ ပုဂံခေတ်ကျောက်စာ၊ မင်စာများတွင် ဤလကို “သန်တူလ” ဟု ရေးထိုးထားကြောင်း တွေ့ရသည်။ ထို့ကြောင့် ရှေးပညာရှိများက တော်သလင်းမူ၊ သစ်ဆင်းယူ၊ သန်တူသီတင်းကျွတ်ဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။
သီတင်းကျွတ်လတွင် အသဝနီနက္ခတ်သည် စန်းဟုခေါ်သော လမင်းနှင့်အတူ ယှဉ်ပြိုင်ထွန်းပလျက်ရှိသည်။ သီတင်းကျွတ်လကို ဗေဒင်အခေါ်အားဖြင့် တူရာသီဟုခေါ်သည်။ ရာသီပန်းများဖြစ်သည့် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်၊ ကြာပုဏ္ဍရိတ်၊ ကြာခေါင်းလောင်း၊ ပဒုမ္မာဟူသော ကြာငါးမျိုးတို့ ဝေဝေဆာဆာ ဖူးပွင့်နေကြပါသည်။ သီတင်းကျွတ်လတွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုးလေ့ရှိသည်။
ရာသီပွဲအဖြစ် ဆီမီးမြင်းမိုရ် (ဝါ) တာဝတိံသာပွဲများ ကျင်းပခြင်းတို့ကို အကြောင်းပြုပြီး စာဆိုတော်ဦးကြော့က “ကြယ်အဿဝနီ၊ ရွှေကော်ဇောနှင့် ငွေတာရစန်းဖြူ၊ ဘွေညာမြ ကြငှန်းငူမှာ၊ တနန်းသူသာပေါ့၊ ငါးကြာနံ ကုဏ္ဍအိုင်မှာ၊ ဒုမ္မာခိုင်ခွေ ယိမ်းလို့ပျော့၊ ဆဒ္ဒန်ပိုင့် ညီလာခံသည်၊ သီဟာပျံတွေမော့၊ ဒီပါလျှံ ကေလျော့လို့၊ ရွှေကန်တော့ခံချိန်၊ ရတနာထီးစင်းကြို၊ မီးမြင်းမိုရ် ညီးပျို့ထိန်ထိန်” စသည်ဖြင့် စပ်ဆိုခဲ့ပါသည်။
![]() |
ဓာတ်ပုံ - ချမ်းသာ |
သီတင်းကျွတ်ပွဲတော်သည် သာသနာတော်ကို အခြေပြုသော ဘာသာရေးပွဲတော်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး နတ်ပြည်၌ သီတင်းသုံးတော်မူသည်။ တာဝတိံသာနတ်ပြည်၊ ကသစ်ပင်ရင်း၌ ခင်းအပ်သော ကမ္ဗလာမြကျောက်ဖျာ၌ သတ္တမဝါ ကပ်တော်မူသည်။
မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်။ အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့သည် ပဝါရဏာပြုပွဲများ ကျင်းပကြသည်။ မွန်မြတ်သော စိတ်နေသဘောထားဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝပြုလေ့ ရှိကြသည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို မွေးကျေးဇူးဆပ်သည့်အနေဖြင့် တရားဟောရန် မယ်တော်နတ်သားရှိရာ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သားအမှူးပြု၍ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူမည်ဟု မိန့်ကြားသောအခါ သိကြားမင်းသည် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ် ဖန်ဆင်းတော်မူသည်။ မြတ်ဗုဒ္ဓနှင့်အတူ နတ်၊ ဗြဟ္မာအပေါင်းတို့လည်း လိုက်ပါဆင်းသက်ခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်မည့်အချိန်၌ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူကာ ရေ မီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။ သင်္ကဿနဂိုရ်ပြည်ရှိ စောင်းတန်း၌ ခြေတော်ကို ချမိလျှင်ပင် ဘုရားရှင်၏တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာ ပူဇော်ကန်တော့သည်။ ထို့နောက်မှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်တကွ သာဝတ္တိပြည်၊ ဝေသာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များမှ တိုင်းသူပြည်သားအပေါင်းတို့မှ စုရုံးကြိုဆိုကြသည်။ မီးရှူးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ ထွန်းညှိပြီး မြတ်စွာဘုရားရှင်ကိုပူဇော်၍ ကြိုဆိုကြသည်။
ဤသို့ မြတ်စွာဘုရားရှင်အား မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းညှိပူဇော်ခြင်းအလေ့အထ ဖြစ်လာခဲ့တော့သည်။ ဤဓလေ့သည် မြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် ယနေ့တိုင် ဖြစ်ပေသည်။ အင်းဝခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဘုရင်မင်းမြတ်ကိုယ်တိုင် ဦးစီး၍ ပြုလုပ်ခဲ့သည်။ မင်းရင်ပြင်တော်ပေါ်တွင် ကြီးမားလှသော ပြာသာဒ်ကြီးများကို တည်ဆောက်ကာ လှေကားသုံးသွယ်ဆင်ယင်ပြီး ဆီမီးရောင်ရှိန်များထွန်းညှိပူဇော်ကြသည်။ ထိုနည်းတူစွာ အခြားမြို့ရွာ၊ ကျေးလက်များတွင်လည်းမီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။
ထို့အပြင် နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့် အထိမ်းအမှတ်အဖြစ်လည်း မီးပုံးပျံများပြုလုပ်၍ ကောင်းကင်တွင် လွှတ်တင်ကြသည်။ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောအခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဋ္ဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့် ခံယူထားလိုက်သည်။ သိကြားမင်းသည် ထိုဆံတော်များကို ဌာပနာ၍ စူဠာမဏိစေတီတော်အဖြစ် တည်ထားကိုကွယ်တော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့ည မီးပုံးပျံလွှတ်တင်ခြင်းမှာ စူဠာမဏိစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်းသာဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံဖြစ်၍ ဘုရား၊ တရားနှင့် သံဃာတော် အရှင်မြတ်များကို ယုံကြည်ကိုးကွယ်သောဓလေ့မှာ ရှေးယခင်ကပင် ရှိခဲ့သည်။ သီတင်းကျွတ်လသည် မြတ်စွာဘုရားရှင်၏ ပညတ်တော်အတိုင်း ရဟန်းသံဃာတော်များ ဝါဆိုပြီးနောက် သီတင်းသုံးရာမှ လွန်မြောက်ခဲ့ခြင်းကို ရည်ရွယ်၍ သီတင်းကျွတ်လဟူ၍ လည်းကောင်း၊ ဝါကျွတ်လဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။
![]() |
ဓာတ်ပုံ - en.wikipedia.org |
သီတင်းကျွတ်လပြည့်နေ့၌ ဘာသာယဉ်ကျေးမှုအရ မီးထွန်းပွဲတော်ကို ကျင်းပကြသည်။ အိမ်တိုင်းတွင်လည်း မုန့်ဖက်ထုပ်၊ မုန့်ဗိုင်းတောင့်၊ မုန့်ဆီကြော်၊ မုန့်လက်ကောက်၊ မုန့်စိမ်းပေါင်း စသည်များဖြင့် သဒ္ဓါကြည်ဖြူစွာ ဧည့်ခံကျွေးမွေးလှူဒါန်းကြသည်။
ဝါကျွတ်ကန်တော့ပွဲသည် ရတနာသုံးပါးအား ပူဇော်ကန်တော့ခြင်း၊ ရဟန်းသံဃာများအား ပူဇော်ကန်တော့ခြင်း၊ ဘိုးဘွားမိဘ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းအပြင် သံဃာတော်များအချင်းချင်း ဖိတ်ကြား၍ ဆုံးမခြင်း၊ အဆုံးအမကို နာခံခြင်းဖြင့် “ပဝါရဏာ” ပြုကြသည်မှာ ဝါကျွတ်ကန်တော့ခြင်း၏ အနှစ်သာရဖြစ်သလို မြန်မာတို့၏ စေတနာ၊ သဒ္ဓါတရားအလှ၊ မနောအလှ ဖြစ်ပေသည်။ သီတင်းကျွတ်ပွဲတော်တွင် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေ စသည်တို့ကို မီးထွန်းညှိခြင်း ပြုကြသည်သာမက ရက်ကန်းစင်၊ မောင်းဆုံ၊ စပါးကျီ၊ နွားတင်းကုပ် စသည်များကိုပါ မီးထွန်းညှိစေပါသည်။ ရှေးယခင်က ဆီမီးခွက်များကိုသာ အသုံးများပါသည်။ နောက်မှသာ ဖယောင်းတိုင်များကို အသုံးပြုလာပါသည်။ သီတင်းကျွတ်ရာသီတွင် ဘုရားကျောင်းကန်မကျန် တစ်နယ်လုံး၊ တစ်ရွာလုံး မီးရောင်များ ထိန်ထိန်လင်းတော့မည်ဖြစ်၍ ဝမ်းသာကြည်နူးစရာဖြစ်သည်။
အများအားဖြင့် ယခုခေတ် မီးထွန်းပွဲတော်ကျင်းပပုံသည် ရှေးခေတ်နှင့် မတူတော့ဘဲ တစ်မူခြားနားသွားပါသည်။ မူလပထမ၌ မီးထွန်းပွဲတော်ကျင်းပခြင်းသည် မြတ်စွာဘုရားအားပူဇော်ကန်တော့ခြင်း၊ မိရိုးဖလာ ထုံးတမ်းအစဉ်အလာကို စောင့်ထိန်းခြင်းဖြစ်၍ ပကတိရိုးရှင်းသော ပွဲတော်ဖြစ်သည်။ ပြိုင်ဆိုင်မှုများမပါပေ။ သို့သော် မြို့ကြီးများတွင် တဖြည်းဖြည်း အပြိုင်အဆိုင် ဖြစ်လာကြသည်။ ပကာသန လွှမ်းမိုးလာကြသည်။ မီးရောင်စုံများကို သူ့ထက်ငါ သာအောင်ထွန်းကြသည်။ သီတင်းကျွတ်လ မီးထွန်းပွဲတော် အစဉ်အလာ၏ ပြောင်းလဲခြင်းအရွေ့ပင်ဖြစ်သည်။
စာရေးသူတို့ငယ်စဉ်က မီးထွန်းပွဲတော်ကို သွား၍ သတိရမိသည်။ မီးထွန်းပွဲတော်နီးလျှင်ပင် အလုပ်တွေ ရှုပ်ကြပါသည်။ နှမ်းကောင်းများကိုရွေးပြီး ဆီကြိတ်ရသည်။ ၎င်းဆီမှာ မီးထွန်းရန်ဖြစ်သည်။
မီးစာရရန်အလို့ငှာ စာရေးသူသည် ဝါခင်းသို့သွား၍ ဝါပွင့်ကောက်ရသည်။ ၎င်းဝါများကို နေပူလှန်း ဝါဖန်၍ ဂွမ်းဖတ်စက်ဖြင့် ကြိတ်ရသည်။ ဂွမ်းများကို သေးသေးလေးဖြစ်အောင်လိပ်ပြီး တိုင်း၍ ဖြတ်တောက်ကာ သုံးလေးရက်ခန့် ကြို၍ ဆီထဲသို့ စိမ်ထားပေးရသည်။ သို့မှသာ မီးထွန်းသည့်အခါ တာရှည်ခံမည်ဖြစ်သည်။
ဆီမီးခွက်များထဲတွင် မီးစာလေးများ၏ တစ်ဖက်စွန်းကို အပြင်ထုတ်၍ ထည့်ထားပြီးမှ ဆီများကိုလိုက်၍ လောင်းထည့်သည်။ ပြီးလျှင် မီးစာများကို မီးလိုက်၍ ညှိရသည်။ ဆီမီးခွက်ကလေးများကို လပြည့်နေ့၌ အိမ်အဝင်ဝတံခါးနှစ်ဘက် တိုင်ပေါ်တွင် အရင်ဆုံးတင်သည်။ ပြီးလျှင် အိမ်ဝိုင်းထဲရှိ ပြတင်းပေါက်ကလေးများပေါ်တွင် စီစီရီရီတင်ထားကာ တစ်အိမ်လုံး ဆီမီးရောင်စုံလေးများဖြင့် ထိန်လင်းနေပုံမှာ ကျက်သရေရှိလှပါသည်။
သို့ဖြစ်ပါ၍ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်ဖြစ်သော သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါရန် ဆန္ဒပြုရင်း ပြောင်းလဲလာသောခေတ်၏အရွေ့နှင့် မီးထွန်းပွဲတော်အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
လွန်းပိုးအိမ်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၂၀)
No comments:
Post a Comment