October 18, 2021

ဝက်မများတွင် ဖြစ်ပေါ်တတ်သော နို့ခန်းရောဂါ ဂရုပြုပါ

လွင်ကိုလတ်

        ဝက်မွေးမြူလုပ်ငန်းတွင် မျိုးပွားရန်နှင့် အသားတိုးရန် အဓိကမွေးမြူကြသည်။ မျိုးပွားရန်မွေးမြူရာတွင် ဝက်ငယ်များ၊ ကိုယ်ဝန်ဆောင်ဝက်များ၊ နို့ပေးကာလဝက်များအား ဂရုစိုက်မွေးမြူရန် လိုအပ်ပြီး အာဟာရပြည့်ဝသည့် သင့်တော်သောအစာများကို ကျွေးမွေးရန်လည်း လိုအပ်သည်။ ထို့အတူ အသားတိုးဝက်များကိုလည်း စျေးနှုန်းသက်သာစွာ ရရှိသောပစ္စည်းများကို ပြန်လည်ပြုပြင်ကျွေးမွေးနိုင်ပါက အကျိုးအမြတ်ရရှိနိုင်သည့် မွေးမြူရေးလုပ်ငန်းဖြစ်သည်။

        မျိုးပွားရန်အတွက် မွေးမြူရာတွင် နို့ပေးကာလဝက်မကြီးများ၌ ဖြစ်ပွားတတ်သော နို့ခန်းရောဂါသည် ဂရုပြုသင့်သောရောဂါဖြစ်သည်။ နို့ခန်းရောဂါဖြစ်လျှင် ဝက်ငယ်များအား နို့မတိုက်တော့ခြင်း၊ ဝက်မကြီးသည် မှောက်လျက်အိပ်ပြီး နို့သီးများကို ဝှက်ထားတတ်ခြင်း၊ အစာမစားခြင်း စသည့် လက္ခဏာများကို တွေ့ရသည်။ ထို့ပြ င် ဝက်မကြီးမှာ ကိုယ်ပူခြင်း၊ မအီမသာဖြစ်နေခြင်း၊ နို့အုံတင်းနေ၍ နို့သီးခေါင်းများ ပျော့နေခြင်း၊ နို့ကို ညှစ်ကြည့်လျှင် အရည်အနည်းငယ်ထွက်ခြင်းတို့ကို တွေ့နိုင်သည်။

ဓာတ်ပုံ - thefarmermedia.com

        ဤရောဂါဖြစ်ရခြင်းမှာ အကြောင်းမျိုးမျိုးရှိသည်။ သားမွေးပြီးစဝက်များ ရေချိုးရေစိမ်များခြင်းနှင့် ရာသီဥတုပူပြင်းမှုတို့ကြောင့် နို့ခန်းရောဂါဖြစ်တတ်ပါသည်။ နို့ခန်းခြင်း၊ နို့မတိုက်ခြင်းဆိုသည်မှာ ဝက်မကြီးများသားမွေးပြီး နှစ်ရက်၊ သုံးရက်ခန့်တွင် ဖြစ်ပွားတတ်သော ရောဂါဖြစ်ပါသည်။ ဝက်မကြီးများ ကိုယ်ဝန်ဆောင်နေစဉ် အာဟာရပြည့်စုံအောင် အစာမစားရခြင်း၊ နို့အုံရောင်ရောဂါ၊ သားအိမ်ရောဂါများရှိခြင်း၊ ရာသီဥတု ပူလွန်းခြင်း၊ အေးလွန်းခြ င်း စသည့်အခါများတွင် ဖြစ်ပွားတတ်ပါသည်။

        ထိုသို့ ဝက်မများ နို့ခန်းရောဂါဖြစ်၍ ဝက်ကလေးများအား နို့မတိုက်နိုင်ပါက ဝက်မွေးမြူသူများအနေဖြင့် စီးပွားရေးအရ နစ်နာမှုများရှိနိုင်သည်။ သို့ပါ၍ ဝက်မများကိုယ်ဝန်ဆောင်နေစဉ်တွင် အာဟာရပြည့်၀သော အစားအစာကို ဂရုစိုက်ကျွေးမွေးရမည်။ မွေးခါနီးတွင် အစာပြောင်းလဲကျွေးမွေးခြင်း မပြုလုပ်သင့်ပါ။ မမွေးခင် နှစ်ရက်၊ သုံးရက်အလိုတွင် ဝက်မများအား တက်ထရာဆိုင်ကလင်းဆေး ကျွေးထားပါက နို့အုံရောင်ရောဂါကို ကာကွယ်နိုင်သည်။ နို့အုံများတင်း၍ နို့ရှိသော နို့ခန်းဝက်မများအား တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသပေးသင့်ပြီး ဂရုစိုက်သင့်ကြောင်း တင်ပြအပ်ပါသည်။

လွင်ကိုလတ်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၆)

No comments:

Popular Posts