ဒေါက်တာနိုက်တင်ဂေးလ်
စာရေးသူတို့ပြည်သူတွေဟာ ကိုဗစ်ကာကွယ်ရေးအတွက် အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေနေကြရပါတယ်။ Stay at Home အိမ်ထဲမှာပဲ နေနေကြရင်း အလုပ်လုပ်သူများကဖြစ်စေ၊ သင်တန်းပို့ချသင်ကြားခြင်းအတွက်ဖြစ်စေ၊ ရုံးများနဲ့ အသင်းအဖွဲ့များက အစည်းအဝေးပြုလုပ်ခြင်းအတွက်ဖြစ်စေ၊ ယုတ်စွအဆုံး တရားနာ၊ သီလယူဖို့အတွက်ဖြစ်စေ Zoom Meeting နဲ့ ဆုံတွေ့ကြရတဲ့အတွက် ကွန်ပျူတာ၊ လက်တော့ပ်၊ မိုဘိုင်းဖုန်းတို့ကို ပိုမိုအသုံးများလာကြသလို ရုပ်မြင်သံကြားစက် ကြည့်ရှုမှုလည်း များလာကြရပါတယ်။ အဲဒီကထွက်တဲ့ ဓာတ်ရောင်ခြည်လှိုင်းနဲ့ ဖန်သားပြင်က အလင်းဒဏ်တွေ ပိုမိုထိခိုက်ခံစားလာရတာကြောင့် မျက်လုံးထိခိုက်မှုတွေ များလာတာမို့ ဘ၀ရှင်သန်ဖို့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်လုံးတစ်စုံ ကျန်းမာနေဖို့ လိုအပ်တဲ့အတွက် မျက်လုံးကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားသင့်သလို သတိထားသင့်တဲ့ အသိပညာအချက်အလက် တချို့ကို မျှဝေပေးချင်မိပါတယ်။
ကွန်ပျူတာ၊ လက်တော့ပ်၊ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြားစက်တို့ရဲ့ ဖန်သားပြင်ကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေရတဲ့အတွက် မျက်လုံးနဲ့ အမြင်အာရုံ ထိခိုက်မှုပြဿနာတွေ များပြားလာပါတယ်။ အမြင်မှုန်ဝါးလာခြင်း၊ အမြင်နဲ့ မြင်နိုင်စွမ်းရည် ကျဆင်းလာခြင်း၊ မျက်လုံးပင်ပန်းနွမ်းနယ်ပြီး မျက်လုံးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့အပြင် ရေတိမ်စွဲခြင်းဝေဒနာကိုလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ နိုင်ငံနဲ့အဝန်း အင်တာနက် ခေတ်ရေစီးကြောင်းနဲ့အညီ ဂိမ်းစွဲနေသလို သက်လတ်ပိုင်းနဲ့ တချို့ သက်ကြီးပိုင်းများလည်း အင်တာနက်စွဲလမ်းမှုရောဂါ စွဲကပ်နေကြပါတယ်။ အဲဒီလို အသုံးများတာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့လာပြီး မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျော နာကျင်ခြင်း စသဖြင့် မျက်စိကို ဒဏ်ပိစေခြင်းများ ဖြစ်စေပါတယ်။
![]() |
ဓာတ်ပုံ - cloudfront.net |
ဒါ့အပြင် နောက်ဆက်တွဲဝေဒနာများအဖြစ် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းနဲ့ အရိုးကျီးပေါင်းရောဂါများ ဖြစ်စေနိုင်ပါတယ်။
အခုဆိုရင် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံမှာ လူငယ်အများစုဟာ မျက်လုံးအိမ်ခြောက်သွေ့ခြင်း၊ မျက်လုံးကင်ဆာဖြစ်ခြင်း စတဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ ကြောက်စရာကောင်းလှတဲ့ ရောဂါတွေ ကြုံတွေ့ခံစားနေရတယ်လို့ ကြားသိရပါတယ်။ အဓိကအချက်ကတော့ လက်ကိုင်ဖုန်းတွေကို အသုံးများခြင်းရဲ့ အကျိုးဆက်ပါပဲ။ လက်ကိုင်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာကို အမြဲလိုလို ကြည့်နေတဲ့သူ အသက် ၄၀ နှစ်အရွယ် လူတစ်ယောက်ဟာ သူ့မျက်လုံးမှာ အရောင်တွေသန်းနေလို့ ဆရာဝန်ကိုပြရင်းနဲ့ မျက်လုံးကင်ဆာ ဖြစ်နေတယ်ဆိုတာ တုန်လှုပ်ချောက်ချားစွာ သိလိုက်ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူပညာရှင်များက လက်ကိုင်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာသုံးစွဲမှုများကို အချိန်ကြာမြင့်စွာ မသုံးစွဲဖို့၊ ညဖက်အလင်းရောင် မရှိတဲ့အချိန်မှာ မိုဘိုင်းဖုန်းတက်ဘလက်၊ ကွန်ပျူတာတွေရဲ့ အလင်းရောင်တစ်ခုတည်းနဲ့ လုံး၀မသုံးစွဲဘဲ မီးအလင်းရောင်အလုံအလောက်ရတဲ့ နေရာအောက်မှာသာ သုံးစွဲကြဖို့ အကြံပြုထားပါတယ်။ ကြောက်ခမန်းလိလိ မျက်လုံးကင်ဆာ၊ မျက်လုံးခြောက်သွေ့မှုကြောင့် ဖြစ်ပေါ်လာမယ့်ရောဂါတွေကနေ ကင်းဝေးစေဖို့အတွက် အင်တာနက်သုံးချိန်၊ ဂိမ်းကစားချိန်တွေကို တတ်နိုင်သလောက် လျှော့ချဖို့လည်း သတိပေးထားပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုတွေ့ရှိချက်အရ မိုလ်ဘိုင်းဖုန်းတွေကနေ ဖြာထွက်နေတဲ့ အစိမ်းရောင်အလင်းတန်းတွေဟာ လူရဲ့အမြင်အာရုံကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ညဖက်မှာ ဖုန်းတွေကို ညမီးအလင်းလေးနဲ့ တိုက်ရိုက်အကြာကြီး အသုံးပြုကြတဲ့အခါ ဖုန်းရဲ့ အလင်းတန်းဟာ မျက်စိကို တိုက်ရိုက် ရောက်ရှိလို့ မျက်လုံးအိမ်ကို ခြောက်သွေ့စေပြီး မျက်လုံးကင်ဆာကနေ မျက်လုံးကန်းတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
![]() |
ဓာတ်ပုံ - myanmar health directory.com |
အဲဒီမျက်လုံးအိမ်ခြောက်သွေ့မှုကနေ ဖြစ်ပေါ်လာတဲ့ မျက်လုံးရောဂါဝေဒနာအတွက် မြင်လွှာအစားထိုးကုသခြင်းလုပ်တာက လက်ရှိဆေးလောကမှာ အရမ်းကို အခက်အခဲဖြစ်ပြီး ကုသရခက်တဲ့ အခြေအနေ တစ်မျိုးလို့လည်း ဆိုပါတယ်။
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏”ဆိုတဲ့စကားအတိုင်း ဖြစ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်နိုင်ကြဖို့အတွက် အချက်အလက် တချို့ကို အကြံပြုပါရစေ။ မျက်စိကို မျက်စိအထူးကုဆရာဝန်များနဲ့ အနည်းဆုံး ခြောက်လ တစ်ကြိမ် စမ်းသပ်စစ်ဆေးသင့်ပါတယ်။ မျက်စိတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးအမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင်လိုမျိုး အလင်းရောင်ဖြာ ထွက်လာသလို ခံစားရခြင်း၊ ရွေ့လျားနေတဲ့ ရောင်စုံအစက်အပြောက်များ တစ်ခါတလေ အမဲစက်တွေကို နေရာတိုင်းမှာ တွေ့နေရခြင်း၊ ရုပ်၀တ္ထုတွေကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက် နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ခံစားနေရတယ်ဆိုရင် တတ်ကျွမ်းနားလည်သူ ဆရာဝန်ထံ အမြန်ဆုံး စစ်ဆေးမှု ခံယူသင့်ပါတယ်။
နောက်တစ်ချက် သတိထားသင့်တာက စာရေး၊ စာဖတ်ပြုလုပ်တဲ့အခါ လုံလောက်တဲ့ အလင်းရောင်ရတဲ့ နေရာများမှာသာ ပြုလုပ်ရမှာပါ။ ဖန်သားပြင်ပေါ်မှာပဲ အာရုံစူးစိုက်နေပြီး မျက်တောင် ခတ်ဖို့ မေ့လျော့နေတတ်တာကြောင့် မျက်တောင်ကို မကြာခဏ အဖွင့်အပိတ် လုပ်ပေးသင့်ပါတယ်။ (သတိထားပြီး မကြာခဏ မျက်တောင်ခတ် ပေးရမှာပါ)။ သင့်ရဲ့မျက်လုံးကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ မျက်စိနဲ့ပတ်သက်ပြီး အာရုံစိုက် အလုပ်လုပ်ပြီးချိန်တိုင်း စိမ်းစိုတဲ့အရာတွေ (ဥပမာ- သစ်ပင်စိမ်းစိမ်း၊ သစ်ရွက်စိမ်းစိမ်း)ကို မကြာခဏကြည့်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာ၊ တက်ဘလက်၊ လက်ကိုင်ဖုန်း၊ ရုပ်မြင်သံကြားစက်တို့ကို အသုံးပြုတိုင်း မျက်စိနဲ့ နီးကပ်စွာ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မျက်လုံးလေ့ကျင့်ခန်းကိုလည်း နေ့စဉ် အခါအားလျော်စွာ ပုံမှန်လုပ်ပေးရမှာပါ။ အင်တီအောက်စီးဒင့် (Antioxidants)၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးဓာတ် စသဖြင့် မျက်လုံး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်၀တဲ့ အစားအစာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဂရုတစိုက် စားသုံးပေးသင့်ပါတယ်။ ဥပမာအားဖြင့် ငါးကြင်းဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ ပုစွန်၊ ကဏန်း၊ ကင်းမွန် (ပြည်ကြီးငါး)၊ ရေဘဝဲ၊ ဂုံးကောင် စတဲ့ ပင်လယ်စာများ၊ ဇင့်ဓာတ်ပါရှိတဲ့ ကမာကောင် (မုတ်ကောင်)၊ အိုမီဂါသုံး၊ ဖက်တီးအက်ဆစ်ကြွယ်၀တဲ့ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး ခေါ် ငါးသလောက်ယောက်ဖ၊ ငါးမည်းလုံး၊ ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ၊ ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီသီး၊ စပျစ်သီး၊ ဆီး(ဇီး)သီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ သခွားမွှေး၊ ထောပတ်သီး၊ မက်မွန်သီး၊ သင်္ဘောသီး၊ သစ်အယ်သီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ မြေပ၊ ဗာဒံစေ၊ ဂျုံ၊ အစေ့အဆန်တွေကို မပါမဖြစ်၊ မကြာခဏ စားသုံးပေးဖို့ လိုပါတယ်။
မျက်လုံးနှစ်လုံးနဲ့ အမြင်အာရုံဟာ လူတစ်ယောက်ရဲ့ဘ၀ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တာမို့ အစားထိုးမရတဲ့အချိန်တွေ လွန်သွားမှ နောင်တမရရလေအောင် မပေါ့ဆစေချင်ပါဘူး။ ချစ်သောစာဖတ်သူ၊ ပြည်သူများအနေနဲ့ မိမိတို့ရဲ့ဘ၀နဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးနှစ်လုံးကို ထိခိုက်ဆုံးရှုံးခြင်းဘေးမှ ကာကွယ်နိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ရတယ်။
ဒေါက်တာနိုက်တင်ဂေးလ်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၆)
No comments:
Post a Comment