အုပ်မှူးဇော်
ဆိတ်မွေးမြူသူများအနေနှင့် ဆိတ်များတွင် အဖြစ်များသော ဝဲစွဲခြင်းရောဂါအကြောင်းကို သိထားသင့်ပေသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်းများအနေဖြင့် ဝဲမှာ မွှားအငယ်လေးများကြောင့် ဖြစ်ရပါသည်။ စားမြုံ့ပြန်သောတိရစ္ဆာန်အားလုံးတွင် ဖြစ်တတ်သော်လည်း ဆိတ်များတွင် အဖြစ်များပါသည်။
ထို့ပြင် တိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်များဆီသို့ လွယ်ကူစွာ ပျံ့နှံ့သည်။ လူကိုလည်း ကူးစက်နိုင်ပါသည်။ ဝဲရောဂါဖြစ်ပါက ဆိတ်၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဝဲစွဲခြင်းကြောင့် ယားယံသဖြင့် ပွတ်တိုက်ထားသော ဒဏ်ရာများ ရှိနေတတ်ပေသည်။
ဆိတ်က ဝဲယားသဖြင့် မိမိကိုယ်ကို ပွတ်တိုက်သည်။ ကုတ်ဖဲ့သည်။ ဆိတ်ခန္ဓာကိုယ်မှ အမွှေးများ ကျွတ်ကျပြုတ်ကျသည်။ ဆိတ်မှာ အားနည်းသည့်လက္ခဏာ ပေါ်နေသည်။
ကာကွယ်ခြင်း
ရောဂါကာကွယ်ခြင်းအနေဖြင့် ဆိတ်၏ နေထိုင်ရာ နေရာအနှံ့ကို သန့်ရှင်းအောင်ထားပေးခြင်း၊ ခြောက်သွေ့အောင် ထားပေးခြင်း၊ ဝဲစွဲသော ဆိတ်အား အခြားဆိတ်များနှင့် ခွဲထားပေးခြင်း၊ ဝဲစွဲနေသောဆိတ်ကို မျိုးပွားခြင်းအတွက် အသုံးမပြုခြင်းတို့ကို အထူးဂရုပြုပေးရန် လိုအပ်ပါသည်။ ဝဲမှာ လူတို့အား လွယ်ကူစွာ ကူးစက်တတ်သောကြောင့် ရောဂါဖြစ်နေသော ဆိတ်ကို ကုသပေးစဉ်ကာလ၌ပင် သတိပြုရန် အထူးလိုအပ်ပေသည်။
![]() |
ဓာတ်ပုံ -pcdn.agrilifetoday.tamu.edu |
ကုသခြင်း
ကုသခြင်းအနေဖြင့် ဝဲစွဲနေသောဆိတ်ကို ကုသစဉ် လက်ကိုပလတ်စတစ်စွပ်ထားခြင်းသာမက ဘရပ်(ရှ်)ဖြင့်ဆေးကို သုတ်လိမ်းပေးပါ။ ဆိတ်တစ်ကောင်အတွက် အသုံးပြုထားသော ဆေးကို အခြားတစ်ကောင်သို့ ဆက်မသုံးသင့်ပါ။ ဆေးများကို အသုံးမပြုမီ လိုသလောက်သာ သီးသန့်ခွဲထားရန်လိုအပ်ပါသည်။
ထို့နောက် အုန်းမှုတ်ခွက်ကို ပြာချပြီး အုန်းသီးဖြင့် ရောမွှေ၍ ဝဲစွဲနေသော နေရာကို နေ့စဉ်တစ်ကြိမ် သုတ်လိမ်းပေးပါ။ ဝဲပျောက်သည်အထိ ပြုလုပ်ပေးခြင်း၊ ကန့်မှုန့်ကို စားဆီတစ်မျိုးမျိုးဖြင့် လူးပြီး တိရစ္ဆာန်၏ ဝဲစွဲနေသောနေရာကို ပွတ်ပေးခြင်း၊ ရောဂါပျောက်သည်အထိ နေ့စဉ်တစ်ကြိမ် ပွတ်ပေးခြင်း ဆောင်ရွက်ပေးရမည်။
ကန့်မှုန့် ၃၀ ဂရမ်ကို အင်ဂျင်ဝိုင် ၁၀၀ စီစီနှင့်ရောပြီး ဝဲစွဲသည့်နေရာကို နေ့စဉ်တစ်ကြိမ် ဝဲပျောက်သည်အထိ ဆောင်ရွက်ရပါမည်။ ၎င်းအပြင် တမာရွက်နု သိုမဟုတ် ရွက်ရင့်လက်တစ်ဆုပ်ကို အခြောက်ခံပြီး ထောင်း၍ ရေအနည်းငယ်ရောပြီး ဝဲစွဲသည့်နေရာများကို ဝဲပျောက်သည်အထိ နေ့စဉ်ပွတ်ပေးခြင်း၊ သင်္ဘောမဲဇလီ (ပွေးကိုင်းကြီး) ရွက် လက်တစ်ဆုပ်ကို ထောင်းပြီး ရေသင့်ရုံဖျော်၍ ဝဲစွဲသည့်နေရာကို နေ့စဉ်တစ်ကြိမ်ကျ လူးပေးပါ။ ဝဲလုံးဝပျောက်သည်အထိ ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။
သတိပြုရန်အချက်အနေဖြင့် ဆိတ်၏ ကိုယ်တွင် ဝဲများ စွဲကပ်သည့်နေရာများလွန်းပါက ဆေးလိမ်းရာတွင် နံနက်၌ တစ်ဝက်ကို လိမ်းပေးပြီး ကျန်တစ်ဝက်ကို ညနေတွင် လိမ်းပေးခြင်းကို ဂရုပြုဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဆရာဦးဇော် (dof) ၏ အစိမ်းရောင်လမ်းမွေးမြူရေးဆောင်းပါးမှ ကောက်နုတ်တင်ပြလိုက်ရပါသည်။
အုပ်မှူးဇော်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၇)
No comments:
Post a Comment