မှူးဝတ်ရည်
ငုံးများကို အစာအာဟာရ ကျွေးမွေးရာ၌ စနစ်တကျရှိဖို့ လိုအပ်ပေသည်။ အစာကျွေးရာ၌ စနစ်တကျ သူ့အချိုးအစားနှင့်သူ ရောစပ်ထားသော အစားအစာတို့ကို ကျွေးမွေးပါက အာဟာရဖြစ်ထွန်းပြီး ဥနှုန်းလည်း မြင့်မားကာ အသက်လည်း ရှည်ပေလိမ့်မည်။
ငုံးတို့အတွက် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများမှာ ပြောင်းဖူးမှုန့်၊ ငါးကြီးဆီ၊ ဆန်ကွဲ၊ ခရုမှုန့်၊ ပဲဖတ်မှုန့်၊ အုန်းခြောက်မှုန့်၊ ဖွဲနု၊ ပုစွန်မှုန့်၊ နှမ်းဖတ်မှုန့်၊ ငါးမှုန့် စသည်တို့ ဖြစ်ကြလေသည်။
ငုံးတို့စားသောက်မည့် အစာထဲ၌ အစာအာဟာရဖြစ်စေမည့် ဓာတ်သတ္တုများနှင့် ဗီတာမင်များသည် မပါမဖြစ် အရေးကြီးလှပေသည်။ ငုံးများ ဗီတာမင်ဓာတ်ချို့တဲ့လာပါက ငုံး၏ ဥဥနှုန်းကို ဟန့်တားသလို ဖြစ်လာသည့်အပြင် ငုံး၏သက်တမ်းမှာလည်း တိုတောင်းလာပြီး အသေအပျောက်လည်း များပေသည်။ အနာရောဂါတို့လည်း ဝင်လာတတ်ပေသည်။ သို့ဖြစ်၍ ငုံးတို့၏ အစားအစာများထဲတွင် ဗီတာမင်ဓာတ်များကြွယ်ဝအောင် အချိုးကျ ထည့်သွင်း ကျွေးသင့်သကဲ့သို့ ကန်စွန်းရွက်၊ ဆလတ်ရွက် အစရှိသော အရွက်တို့ကိုလည်း ထည့်သွင်းကျွေးသင့်ပေသည်။
ငုံး၏ အသက်တစ်ရက်သားမှ ၁၄ ရက်သားရှိသော ငုံးများအား အစာကျွေးမည်ဆိုပါက ပဲဖတ်မှုန့် လေးပေါင်၊ ဖွဲနု ၁၅ ပေါင်၊ ခရုမှုန့် ၁/၄ ပေါင်၊ ဆန်ကွဲ ၅ ပေါင်၊ ငါးမှုန့် သုံးပေါင်၊ ပြောင်းဖူးစေ့မှုန့် နှစ်ပေါင် စသည်တို့ကို ရောစပ်၍ ကျွေးသင့်ပါသည်။
![]() |
ဓာတ်ပုံ - my.pastureone.com |
ခေတ်မီငုံးမွေးမြူရေး
၁၄ ရက်သားမှ ၂၈ ရက်သားရှိသော ငုံးများအား အစာကျွေးမည်ဆိုပါက ပဲဖတ်မှုန့် ၁၀ ပေါင်၊ ပြောင်းဖူးစေ့မှုန့် ၅ ပေါင်၊ ဆန်ကွဲ ၁၈ ပေါင်၊ တစ်နံပါတ် ဖွဲနု ၁၅ ပေါင်၊ ခရုမှုန့် ၃ ပေါင်၊ ပုစွန်မှုန့် ၆ ပေါင်၊ ငါးမှုန့် ၆ ပေါင်စသည်တို့ကို ရောစပ်၍ ကျွေးသင့်ပါသည်။
အလားတူ ၂၈ ရက်သားမှ ၄၅ ရက်သားရှိသော ငုံးများအား အစာကျွေးမည်ဆိုပါက ထုံးခြောက်မှုန့် လေးပေါင်၊ ဆန်ကွဲ ၁၅ ပေါင်၊ ခရုမှုန့် လေးပေါင်၊ တစ်နံပါတ် ဖွဲနု ၂၀ ပေါင်၊ ပုစွန်မှုန့် လေးပေါင်၊ နှမ်းဖတ်မှုန့် ၁၀ ပေါင်၊ ငါးမှုန့် ငါးပေါင်၊ ပဲဖတ်မှုန့် ၁၀ ပေါင်၊ ပြောင်းဖူးစေ့မှုန့် လေးပေါင် စသည်တို့ကို ရောစပ်၍ ကျွေးသင့်ပါသည်။ ထိုထိုသော ရောစပ်အစာများထဲသို့ ငါးကြီးဆီကိုပါ ထည့်သွင်းကျွေးလျှင် လွန်စွာကောင်းမွန်လိမ့်မည်။
![]() |
ဓာတ်ပုံ - chem-kormit.com |
ငုံးများ၏ အစားအစာများ၌ မပါလျှင်မပြီးဟု ဆိုနိုင်သောအရာမှာ သတ္တုဓာတ်များ ဖြစ်ပေသည်။ သာဓကအားဖြင့် အချို့သော ငုံးများ ဥဥရာ၌ ၎င်းတို့၏ ဥခွံများ ပါးပြီးပျော့နေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ အစာထဲ၌ ထုံးဓာတ်နည်းပါးသောကြောင့် ဖြစ်ပေ၏။ သို့ဖြစ်၍ သတ္တုဓာတ်များ ကြွယ်ဝစေရန်အလို့ငှာ ချိန်ဆထည့်သွင်း၍ ကျွေးမွေးသင့်ပေသည်။ ထို့အတူ ငုံးတို့အတွက် သောက်ရေ၏ အခန်းကဏ္ဍသည်လည်းအရေးကြီးပေသည်။ ငုံးအိမ်အတွင်း ထားရှိသော ရေခွက်များအတွင်း၌ သန့်ရှင်းသောသောက်ရေကို ပြတ်လပ်မသွားစေရန် ဂရုစိုက်ရပေမည်။ သောက်ရေ၏ အာနိသင်ကား အစာကိုကြေညက်စေရုံသာမက ခန္ဓာကိုယ်၏ အပူချိန်ကိုလည်း ထိန်းမတ်ပေးပေသည်။ သို့ဖြစ်၍ သောက်ရေကို နေ့စဉ်လဲလှယ်ပေးရမည်။ သောက်ရေခွက်နှင့် သောက်ရေသည် သန့်ရှင်းဖို့ အရေးကြီးလှပေ၏။ ထို့ကြောင့် ငုံးများမွေးမြူရာတွင် ငုံးစာကျွေးမွေးခြင်းနှင့် ပတ်သက်၍ သိရှိနိုင်စေရန် ရေးသားလိုက်ရပါသည်။
မှူးဝတ်ရည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၃)
No comments:
Post a Comment