September 17, 2021

ကလေးအရိုးပျော့ရောဂါ မဖြစ်ပွားစေရန် ဆောင်ရန် ရှောင်ရန်များ

ဒေါက်တာလွင်သန့်

        အရိုးပျော့ရောဂါဟာ ကလေးတွေမှာ အတွေ့ရများတဲ့ ရောဂါဖြစ်တယ်။ အရိုးပျော့တာက မိခင်အာဟာရချို့တဲ့လို့ဖြစ်နိုင်သလို၊ ကလေးမွေးဖွားလာပြီး မိခင်နို့ရည်ဖြည့်စွက်စာတို့ကို ပုံမှန်မစားမသောက်ရတာကနေပဲ ဖြစ်တတ်တယ်။ ကလေးအသက် သုံးနှစ်မှ ငါးနှစ်အတွင်း အဖြစ်များတယ်။

        လူတို့ရဲ့ခန္ဓာကိုယ်ဟာ ဇီဝကမ္မဖွဲ့စည်းပုံအရ အရိုးတစ်ခုနဲ့တစ်ခုကြား၊ အရွတ်များ ကြားခံထားတယ်။ အရိုးပျော့သူများဟာ အရိုးအဆစ်များနဲ့ တွယ်ဆက်နေတဲ့အမျှင်များ ပုံမှန်မဖြစ်တဲ့အတွက် သာမန်ထက်ပိုတဲ့ လုပ်ဆောင်ချက်များ လုပ်ဆောင်ကြရပါတယ်။ အရိုးတစ်ခုနဲ့တစ်ခုလုပ်ငန်းများ မဖွံ့ဖြိုး၊ နောက်ကျတဲ့အခါ ဖြစ်တတ်ပါတယ်။ အရိုးပျော့သူများဟာအရိုး အဆစ်များနဲ့ တွယ်ဆက်နေတဲ့ အမျှင်များ ပုံမှန်မဖြစ်တဲ့ သာမန်ထက်ပိုမိုတဲ့ လုပ်ဆောင်ချက်များ လုပ်ရပါတယ်။

        အရိုးပျော့ရောဂါဟာ ရောဂါအဖြစ် မပြင်းထန်ပေမယ့်၊ အသက်အရွယ်ကြီးပါက နောက်ဆက်တွဲရောဂါများ ဖြစ်လာပါတယ်။ အရိုးအဆစ်များ ပျော့လွန်းသူတွေဟာ သာမန်ထက်နှစ်ဆပိုပြီး လှုပ်ရှားရလို့၊ အရိုးအဆစ်များ နှစ်ဆဒဏ်ဖြစ်ကာ၊ အရွယ်မကြီးရင့်မီ အရိုးအဆစ်ပွန်းပြီး အရိုးကျိုးအဆစ်လွဲရောဂါများ ဖြစ်နိုင်ပါတယ်။ နှလုံးအမြှေးပါး ပျော့သူများဟာ နှလုံးအဆို့ရှင်မလုံတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။

        သွေးလွှတ်ကြောမကြီးပျော့သူများအတွက် သွေးတိုးတဲ့ ဒဏ်မခံနိုင်ဘဲ၊ သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်း ဖြစ်စေနိုင်လို့ ဆရာဝန်နဲ့ပြသကာ သွေးကြောထိန်းဆေး၊ သွေးကျဆေးတို့နဲ့ သွေးမတိုးအောင် ထိန်းပေးသင့်တယ်။ မျက်လုံးမှာ ထိန်းထားတဲ့ အမြှေးပါးပျော့နေရင်၊ မျက်လုံးထဲရှိမှန်ဘီလူးကို မထိန်းနိုင်တော့ပဲ၊ မှန်ဘီလူးကျွတ်ထွက်တတ်တယ်။ တစ်ခါတစ်ရံ ရုတ်တရက် လေဖြတ်ပြီး၊ အဆုတ်ထဲ သွေးခဲနေတတ်ပါတယ်။ အရိုးပျော့ရောဂါရှင်ဟာ သာမန်ထက်ပိုပြီး အရပ်ရှည်တတ်ပါတယ်။ အရိုးပျော့ရောဂါကြာရှည်ခံစားရပါက နောက်ဆက်တွဲများ ဖြစ်စေပါတယ်။ မွေးရာပါဗီဇမှာ အရွတ်ကလေးများထဲရှိ အမျှင်များ ပုံမှန်ရှိသင့်တာထက် ပိုရှည်ရင်၊ အရပ်ပိုရှည်တဲ့အပြင် လက်ချောင်းများပါသွယ်ပြီး၊ ရှိသင့်တာထက် ပိုရှည်တတ်ပါတယ်။

        မွေးရာပါအရိုးပျော့ရောဂါမှတစ်ပါး၊ အခြားအရိုးပျော့ရောဂါများမှာ ကြိုတင်ကာကွယ်ခြင်းနဲ့ နောက်ဆက်တွဲရောဂါများ တားဆီးနိုင်ပါတယ်။ ငယ်ရွယ်စဉ်အခါကတည်းက အရိုးပွန်းစားခြင်းမှ ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ပြသသင့်တယ်။ အရိုးပျော့ရောဂါရှင်များ၊ အရိုးပွန်းစားခြင်းမှ ကာကွယ်နိုင်ဖို့ ဂလူကိုဆမင်းနဲ့ ကွန်ဒရိုတင် (Glucosamine, Chondroitin) နှစ်မျိုးပါတဲ့ဆေး သောက်သုံးသင့်ပါတယ်။

ဓာတ်ပုံ - gaiaeducation.org

        နှလုံးသွေးတိုးရောဂါမဖြစ်အောင် ဂရုပြုသင့်ပါတယ်။ မိသားစုဆရာဝန်နဲ့ ပြသသင့်တယ်။ နှလုံးထိန်းဆေး၊ သွေးတိုးကျဆေးများသောက်သုံးသင့်ပါတယ်။ အရပ်ရှည်တဲ့ရောဂါရှိသူများဟာ ဖောလစ်အက်ဆစ်သောက်သင့်တယ်။ ဖောလစ်အက်ဆစ်ဓာတ်ပါဝင်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်ကြမ်း၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အသားနဲ့ငါး မျှတအောင် စားသုံးသင့်ပါတယ်။ အရိုးပျော့ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေဟာ အရိုးပျော့ရောဂါရှင်များ မလွဲမသွေခံစားရမယ့်ရောဂါဖြစ်လို့ သင့်တင့်တဲ့အစားအစာ၊ သင့်တင့်တဲ့နေထိုင်မှုပုံစံတို့နဲ့ နေထိုင်စားသောက်သင့်သလို၊ မသင့်တဲ့ပုံစံအမှားများ ရှောင်ကြဉ်သင့်ပါတယ်။

        အရိုးပျော့သူများဟာ ပုံမှန်လှုပ်ရှားမှုထက် လွန်လွန်ကဲကဲ မလုပ်သင့်ပါဘူး။ လက်လှန်ချိုးခြင်း၊ ခြေထောက်နှစ်ချောင်းကြား ခေါင်းဝင်ပြခြင်း၊ ခါးလှန်ချိုးပြခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုများ ရှောင်ကြဉ်သင့်ပါတယ်။ အားကစားလုပ်ရင် ပေါ့ပါးတဲ့အားကစားဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်းပြုလုပ်သင့်တယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီပေါ့ပါးတဲ့ အားကစားပြုလုပ်သင့်ပါတယ်။ မတန်တဆလုပ်မိရင်၊ အရိုးနုများပွန်းလာပြီး၊ အသက်အရွယ်မကြီးရင့်မီ အရိုးရောဂါများ ရနိုင်ပါတယ်။ ဘောလုံးကန်ခြင်း၊ ဘတ်စကတ်ဘော၊ ဂျူဒို၊ ကရာတေးစတဲ့ လုပ်ရှားမှုလွန်ကဲတဲ့ အားကစားနည်းများနဲ့ တွန်းတွန်းတိုက်တိုက် ပြိုင်ဆိုင်ရတဲ့ အားကစားနည်းမျိုး မပြုလုပ်သင့်ပါဘူး။ ရေကူးခြင်း၊ ဂေါက်ရိုက်ခြင်း၊ လမ်းလျှောက်ခြင်း စတဲ့လေ့ကျင့်ခန်း အပေါ့စားပြုလုပ်သင့်ပါတယ်။ အရိုးပျော့ရောဂါရှင်တွေဟာ ကျောက်ကပ်လည်း မကောင်းတတ်ပဲ၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အားနည်းခြင်းမျိုး ဖြစ်တတ်ပါတယ်။

        အရိုးပျော့ရောဂါရှိသူတွေဟာ အရိုးပါတဲ့ငါးကလေးများ တစ်ပတ် သုံးရက် ချက်စားသင့်ပါတယ်။ တိရစ္ဆာန်ရဲ့ အရိုးနုများကို ပြုတ်ပြီး သို့မဟုတ် စွပ်ပြုတ်လုပ်ပြီး သောက်သင့်ပါတယ်။ ဗီတာမင်ဘီဓာတ်ကြွယ်ဝတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညိုစားသင့်ပါတယ်။ ဗီတာမင်စီပါဝင်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ဆီးဖြူသီး၊ ချဉ်ပေါင်ရွက် စားသင့်တယ်။ ဗီတာမင်အီးကြွယ်ဝတဲ့အခွံမာအသီးများ၊ ပဲပင်ပေါက်၊ နှမ်းဆီ၊ ဝါစေ့ဆီ၊ နေကြာဆီသုံးပေးသင့်ပါတယ်။ သွပ်ဓာတ်ကြွယ်ဝတဲ့ ကိုကိုး၊ ရွှေဖရုံသီးနဲ့ ရွှေဖရုံစေ့များ၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံ၊ ကိုက်လန်တို့ စားသင့်တယ်။

        မစားသင့်တဲ့အစာတွေက ပြုပြင်ထားတဲ့ အသင့်အမြန်စား အစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ ငါးသေတ္တာများ၊ အချိုရည်ဘူး၊ ဆီကြော်မုန့်အမျိုးမျိုး၊ ချောကလက်အမျိုးမျိုး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်ကောင်း၊ ဝက်အူချောင်းနဲ့ ကြက်အူချောင်းတို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

        အရိုးပျော့နဲ့သင့်တင့်တဲ့ ဗီတာမင်အုပ်စုတွေက ဗီတာမင်ဘီကွန်ပလက်၊ ဗီတာမင်ဘီဝမ်း သုံးဂရမ် နေ့စဉ်စားပေးသင့်တယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်အားဆေး၊ အိုမီဂါ(၃)၊ အိုမီဂါ (၆) ငါးကြီးဆီစားပေးသင့်တယ်။ တိရစ္ဆာန်အရိုးနုများမှထုတ်တဲ့ ဂလူဆမင်း၊ ကွန်ဒရိုတင် (Glucosamine, Chondroitin)သုံးသင့်ပါတယ်။

        အရိုးပျော့ကလေးတွေအတွက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ကလေးအရွယ်စတင်ဖြစ်ပွားလေ့ရှိခြင်း၊ အသက်အရွယ်ကြီးလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါဝင်ကာ အသက်အန္တရာယ်ဖြစ်တဲ့ထိ ခံရတယ်။

        အရိုးပျော့ရောဂါရှင်ဟာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါရောဂါမျိုးဖြစ်တတ်တယ်။ မိခင်အစားမရှောင်သင့်ဘူး။ နွားနို့နဲ့ အရိုးပါတဲ့ ငါးကလေးများ၊ မိခင်ရောကလေးပါ ကျွေးသင့်ပါတယ်။ မွေးရာပါ အရိုးပျော့ရောဂါရှင်ကလေးများဆောင်ရန်၊ ရှောင်ရန်တို့ အလေးထား လိုက်နာဖို့ လိုအပ်ပါတယ်။ နောက်ထပ်ကိုယ်ဝန်မှာလည်း ဖြစ်နိုင်လို့ ကလေးမယူသင့်ပါဘူး။ 

ဒေါက်တာလွင်သန့် 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၅)

No comments:

Popular Posts