September 15, 2021

ငှက်ပျောသီးအရည်အသွေးကောင်းအောင် အစာဖြင့်ထိန်းကွပ်ခြင်း

အောင်ဆန်း (စိုက်ပျိုးရေး)

        တောင်သူလယ်သမားကြီးများကို ဒီတစ်ခါ ဆွေးနွေးအကြံပြုလိုတဲ့အချက်ကတော့ ငှက်ပျောပင်အောင်မြင်ဖြစ်ထွန်းပြီး အသီးအရည်အသွေးကောင်းအောင် အစာကျွေးပြီး ဘယ်လိုထိန်းကျောင်းရမလဲလို့ဆိုတဲ့ အချက်ကလေးပါပဲ။

        ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်က ငှက်ပျောစိုက်ပျိုးတဲ့ တောင်သူလယ်သမားကြီး ဦးတင်အောင်က စာရေးသူဆီကို ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့ သူ့မှာ သီးမွှေးခွံဝါ ငှက်ပျောသုံးဧက စိုက်ထားပါတယ်။ သူ့ငှက်ပျောပင်တွေဟာ အပင်ကြီးထွားနှုန်းလည်း နှေးတယ်။ အရွက်ဟောင်းတွေကလည်းဝါလိုက်လာတယ်။ ငှက်ပျောသီးတွေကလည်း အရည်အသွေးညံ့လာတယ်။ အဲဒါဘာဖြစ်နေတာလဲ၊ ဘယ်လို ကုစားရမလဲလို့ ဆိုပါတယ်။

        ငှက်ပျောပင် အဲဒီလိုဖြစ်နေတာကို အစာစနစ်တကျကျွေးခြင်းနဲ့ ပြုပြင် ထိန်းကွပ်လို့ ရပါတယ်။ ငှက်ပျောပင်ဟာ ပိုတက်စီယမ်ဓာတ် အလွန်စားသုံးတဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်။ ငှက်ပျောစိုက်ခင်း တစ်ဟက်တာမှာ နိုက်ထရိုဂျင် ၃၈၈ ကီလိုဂရမ်၊ ဖော့စ်ဖရပ် ၅၂ ကီလိုဂရမ်၊ ပိုတက်စီယမ် ၁၄၃၈ ကီလိုဂရမ်၊ ကယ်လ်စီယမ် ၂၂၇ ကီလိုဂရမ်နဲ့ မဂ္ဂနီစီယမ် ၁၂၅ ဂရမ် စားသုံးတယ်လို့ သုတေသနမှတ်တမ်းများအရ သိရပါတယ်။ (N:P:K) နဲ့ ပြောရလျှင် (၈:၁:၂၉)နဲ့ စားသုံးတာကို တွေ့ရပါတယ်။ ပိုတက်စီယမ် လိုအပ်ချက်အတွက် အစာကျွ်းမယ်ဆိုလျှင် ပိုတက်စီယမ်ဆာလ်ဖိတ်ကို ကျွေးခြင်းဟာ အထွက်နှုန်းကောင်းပြီး အရည်အသွေးလည်း ထူးကဲတာကို တွေ့ရပါတယ်။ ဒါကြောင့် ငှက်ပျောပင်မှာ ပိုတက်စီယမ်ဓာတ် ထည့်မကျွေးလို့ ပိုတက်စီယမ်ဓာတ်ချို့တဲ့လျှင် ရောဂါအမျိုးမျိုးဝင်လာပြီး ငှက်ပျောခြံပါပြုတ်သွားနိုင်ပါတယ်။ ငှက်ပျောရဲ့ နောက်ထူးခြားတဲ့ အချက်တစ်ချက်ကတော့ ဆိုဒီယမ်ဓာတ် အနည်းငယ်စားသုံးမှုရှိခြင်းပါပဲ။ ဆိုဒီယမ်အတွက် ငှက်ပျောတစ်ပင်မှာ အိမ်သုံးဆားတစ်ဇွန်း ကျွေးပေးဖို့ လိုပါတယ်။ မဂ္ဂနီစီယမ်ဓာတ်အတွက် မဂ္ဂနီစီယမ်ဆာလ်ဖိတ်(ဆားခါး) တစ်ပင်လျှင် တစ်ဇွန်းကျွေးပေးဖို့ လိုပါတယ်။

ဓာတ်ပုံ - plantcelltechnology.com

        ငှက်ပျောပင်ကို တစ်နှစ်မှာ မြေဩဇာနှစ်ကြိမ်ကျွေးသင့်ပါတယ်။ နိုက်ထရိုဂျင်အတွက် ယူရီးယားကို ကျွေးမယ်ဆိုရင် လေလွင့်ပျက်စီးမှုနည်းအောင် ငှက်ပျောရုံပတ်ပတ်လည်မှာ သုံးလက်မအကျယ်၊ ခြောက်လက်မ သို့မဟုတ် ခုနစ်လက်မအနက် ကျင်းများတူးပြီး ငှက်ပျောတစ်ရုံ ယူရီးယားနို့ဆီတစ်ဘူး ကျွေးပေးရပါမယ်။ ပိုတက်စီယမ်ဓာတ်အတွက် သဘာဝမြေဩဇာအဖြစ် စက်ဖွဲပြာ၊ ထင်း၊ သစ်ရွက်ခြောက်များကို ငှက်ပျောတစ်ရုံလျှင် လေးပြည်နှုန်း ကျွေးပေးရန်လိုပါတယ်။ ငှက်ပျောအူလျှောက်ပိုး မဝင်စေရန်အတွက် ငှက်ပျောတစ်ရုံလျှင် ဖြူရာဒယ် သုံးကီလိုဂရမ်ကို ငှက်ပျောရုံအလယ်မှာ ကျင်းပေါက် ကျွေးပေးဖို့ လိုပါတယ်။

        ငှက်ပျောပင်စိုက်ပြီး နှစ်လသားမှာ အစာစကျွေးရန် လိုပါတယ်။ နောက်ကျမှကျွေးလျှင် ငှက်ပျောပင်ကြီးထွားမှု နှေးကွေးပြီး အထွက်နှုန်းရော အရည်အသွေးပါ ကျဆင်းစေပါတယ်။ ငှက်ပျောကို ပိုတက်စီယမ်ဓာတ် အစားများသော အပင်များနဲ့ သီးညှပ်မစိုက်သင့်ပါ။

မောင်ငြိမ်းအောင် (တန့်ဆည်)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၄)

No comments:

Popular Posts