July 19, 2021

ငါးရံ့မွေးမြူသင့်သည့် အကြောင်းရင်းများ

ပင်လယ်ပြာ (ငါးဦးစီး)

        ငါးရံ့ကိုမွေးမြူသင့်သည့်အကြောင်းအရင်းမှာ စျေးကွက်တွင် လူကြိုက်များသောငါးဖြစ်နေခြင်း၊ ရောဂါမရှိဘဲ အကြမ်းခံနိုင်ခြင်း၊ အစာချေးမများခြင်း၊ အသေအပျောက်နည်းခြင်း၊ ကျွေးသလောက်စားပြီး စားသလောက် အရွယ်အစားကြီးထွားနိုင်သောငါးဖြစ်နေခြင်း၊ ငါးစိုရော၊ ငါးခြောက်ပါ ဝယ်လိုအားကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်သည်။

ငါးရံ့မျိုးစိတ်များ

        တိုင်းရင်းငါးရံ့မျိုးစိတ် မြောက်မြားစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ငါးမျိုးရှိကြပါသည်။ ငါးရံ့အောက်၊ ငါးရံ့ဒိုင်၊ ငါးအုံးမတ်၊ ငါးရံ့ပနော်၊ ငါးရံ့ခေါင်းတိုတို့ဖြစ်ကြပါသည်။

        ထိုအထဲတွင်မှ ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ယခုအခါ ငါးရံ့အောက်ကို ဆေးထိုးသားဖောက်စနစ်ဖြင့် သားပေါက်များ ထုတ်လုပ်နေကြပါပြီ။ သားပေါက်များကို သဘာဝမှ လိုက်လံစုဆောင်းထားခြင်း၊ ရှော့ခ်တိုက်ဖမ်းယူထားခြင်း မဟုတ်သောကြောင့် အစာကျင့်စရာမလိုသလို အချင်းချင်း စားသုံးခြင်း၊ ကိုက်ခြင်းလည်း မရှိကြပေ။

မွေးမြူသင့်သည့်မြေနေရာ

        တစ်နှစ်ပတ်လုံး ရေနေနိုင်ပြီး ရေကိုကောင်းစွာ ထိန်းသိမ်းနိုင်သည့် ရွှံ့စေးမြေ၊ ရွှံ့နုန်းမြေ ဖြစ်ရပါမည်။

ကန်တူးဖော်ခြင်းနှင့် အကျယ်အဝန်း

        ကန်တူးဖော်ရာတွင် တစ်နိုင်တစ်ပိုင်ကန်များ၌ မွေးမြူနိုင်သကဲ့သို့ စီးပွားဖြစ်မွေးမြူလိုပါက ဧကကန်များ၊ ဒသမ ၃၀၊ ဒသမ ၅၀ ကန်များကို တူးဖော်၍ မွေးမြူနိုင်ပါသည်။

        ရေအနက် သုံးပေမှ လေးပေခန့်အထိ တူးဖော်ရမည်။ ရေကို အမြဲထိန်းထားရပါမည်။ မိုးများသည့်အခါ ကန်ရေလျှံပြီး ငါးများဘေးသို့ မထွက်စေရန် ဇာပြာဖြင့် ကာရံပေးထားရပါမည်။

ကန်အခြောက်ခံခြင်း သို့မဟုတ် ကန်ပြုပြင်ခြင်း

        ကန်အခြောက်ခံသည့်အခါတွင် ကန်အောက်ခြေမြေကြီး ပက်ကြားအက်ကွဲသည်အထိ အခြောက်ခံရမည်။ ဖောက်ထုံး Ca(OH)2 ထည့်ရမည်ဖြစ်ပြီး ကန်ပေါင်အပေါ် ပတ်လည်တွင်လည်း ပက်ဖျန်းပေးရပါမည်။

ရေကန်ပြုပြင်ဆောင်ရွက်ခြင်း

        အဓိကအားဖြင့် ငါးရံ့သည် တချို့ မွေးငါးများကဲ့သို့ ရေဩဇာဖြည့်စွက်ရန် မလိုအပ်ပါ။ ကန်ကို သေချာစွာ သန့်စင်ပြီး ရေကောင်းရေသန့် ရရှိရန်သာ လိုအပ်ပါသည်။

သားပေါက်ထည့်သွင်းနှုန်း

        ငါးရံ့သားပေါက်ကို တစ်ဧက ၈၀၀၀ မှ ၁၀၀၀၀ နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်ပါသည်။ ငါးရံ့ငါးမှာ အသားစားများဖြစ်ကြသဖြင့် တခြားငါးများနှင့် တွဲဖက်ရောနှောမွေးမြူရန် မသင့်တော်ပေ။

        သားပေါက်များကို အတတ်နိုင်ဆုံး အရွယ်အစားညီအောင် ဆိုဒ်များကို စနစ်တကျ သန့်စင်ပေးထားရပါမည်။ ဆေးထိုးသားဖောက်ခြင်းဖြင့် ပြုစုပျိုးထောင်သော ငါးသားပေါက်များသည် အဖတ်တင်နှုန်း ကောင်းမွန်ပြီး ကြီးထွားနှုန်းကောင်းပါသည်။ အစာကျင့်စရာမလိုပေ။ အစာတောင့်များကို အခြားမွေးမြူရေးငါးများကဲ့သို့ ကျွေးနိုင်ပါသည်။ ငါးရံ့များသည် အသားစားငါးများဖြစ်ကြသဖြင့် ကြီးထွားနှုန်း ပိုမိုကောင်းမွန်စေသည့် Protein ၃၀၊ ၃၅ ရာခိုင်နှုန်းပါသော အစာအမျိုးအစားများကိုသာ ကျွေးရပါမည်။

မွေးမြူကာလ

        မွေးမြူကာလမှာ စျေးကွက်အလိုက် သုံးလ၊ လေးလ၊ ငါးလ၊ ခြောက်လ၊ ရှစ်လအထိ မွေးမြူနိုင်ပါသည်။

အစာကျွေးနှုန်း

        သားပေါက်များကို ပထမတစ်လနှင့် ဒုတိယလတွင် ပရိုတိန်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါသော အစာတောင့်များကို ကျွေးသင့်ပါသည်။ ဖွဲနု ၃၀ ရာခိုင်နှုန်း၊ ငါးအကြေမှုန့် ၄၀ ရာခိုင်နှုန်း၊ ပဲဖတ် ၃၀ ရာခိုင်နှုန်းစပ်၍လည်း ကျွေးနိုင်ပါသည်။

ကြီးထွားနှုန်း

        ကြီးထွားနှုန်းမှာ ၂၀ ကျပ်သားမှ ၈၀ ကျပ်သားအထိ လအလိုက် မွေးမြူသူ၏ အသုံးပြုသောနည်းပညာနှင့် အစာပေါ်မူတည်၍ ကြီးထွားနှုန်းကောင်းမွန်စေပါသည်။

ငါးရံ့၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံများ

        ငါးရံ့သည် ချိုဆိမ့်၏။ ခါး၏။ ဖန်၏။ လေ၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ နှုတ်ကို မြိန်စေတတ်၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေ၏။ ငါးရံ့အသားကို စားသုံးခြင်းဖြင့် အူရောင်၍ ဝမ်းဗိုက်ကြီးသောရောဂါ၊ အစာမစားခြင်း၊ နှုတ်မမြိန်သောရောဂါ၊ ကလေးသူငယ်ပျို့အန်သောရောဂါ၊ ကျောက်ပေါက်သောရောဂါ၊ ငှက်ဖျားရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုကြသည်။

        အစာချေအားနည်းသူနှင့် နာလန်ထလူနာများအတွက် ငါးရံ့ကို ပြုတ်၍ အသားဖယ်ယူပြီး ဆန်ပြုတ်နှင့် ရောကာ ငါးရံ့ဆန်ပြုတ်အဖြစ် ဓာတ်စာပြုလုပ်ပေးနိုင်ပါသည်။ အစားအသောက်ပျက်၍ ခံတွင်းမတွေ့သူများကို ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူတို့နှင့်ရောပြီး ငါးရံ့ဆန်လှော်ဟင်း ချက်ကျွေးလေ့ရှိကြသည်။

        ငါးရံ့ကို အစိုအဖြစ် စားသုံးသလို အခြောက်လှန်းပြီးလည်း ငါးရံ့ခြောက်အဖြစ် မီးကင်ပြီး စားသုံးလေ့ ရှိကြသည်။ နှမ်းဆီစစ်စစ် ဆမ်းထားသော ငါးရံ့ခြောက်ဖုတ်သည် သက်ကြီးရွယ်အိုများနှင့် အလွန်သင့်တော်ပေသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၄)

ဓာတ်ပုံ - greenway myanmar.com


No comments:

Popular Posts