အာဇာနည်ဆိုသည်မှာ အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ
အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ လက်ရုံးရည်၊ နှလုံးရည် (သတ္တိ၊ ဗျတ္တိ) ပြည့်စုံပြီး အမြော်အမြင်ကြီးကြီး၊ ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်
ရှိန်းမြသင်း
ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ
၁၉ ရက်နေ့သည် (၇၄) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အတွက် တစ်နိုင်ငံလုံး စည်းလုံးညီညာစွာ
စုပေါင်းကြိုးစားနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အမျိုးသားခေါင်းဆောင်ကြီးများသည် မသမာသောသူသတ်သမားတို့၏ လက်ချက်ဖြင့်
ကျဆုံးခဲ့ရသည်။ မြန်မာ့သမိုင်းတွင်
မြန်မာတို့၏ စည်းလုံးမှုအင်အား အခိုင်မာဆုံးအချိန်တွင် ပြည်သူလူထု ကြည်ညိုအားထားရသော အမျိုးသားခေါင်းဆောင်ကြီးများ
သွေးမြေကျခဲ့ရသည့် မေ့နိုင်ဖွယ်မရှိသော
နေ့ရက်တစ်ရက်ကို ကျော်ဖြတ်ခဲ့ရသည်။ ထိုနေ့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ဖြစ်သည်။ ရဟန်းရှင်လူ
ပြည်သူများ ရင်တွင်းလှိုက်ကြွေ၍ မျက်ရည်မသိမ်းနိုင်အောင် အပူမီးတောက်လောင်ခဲ့ရသည်။
တိုင်းပြည်လွတ်လပ်ရေးအတွက်
အသက်စွန့်ဆောင်ရွက်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို
အောက်မေ့ဖွယ်အဖြစ် အာဇာနည်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အာဇာနည်နေ့သည် နယ်ချဲ့တို့၏
သွေးခွဲလုပ်ကြံမှုနှင့် ပြည်တွင်းပုဆိန်ရိုးတို့၏ လုပ်ကြံမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့ရသည်။ နယ်ချဲ့တို့သည်
မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးဘဲ ကိုလိုနီအဖြစ် ဆက်လက် အုပ်ချုပ်နိုင်ရန် မြန်မာတိုင်းရင်းသားအချင်းချင်း သွေးခွဲသပ်လျှိုခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးကို တောင်းဆိုလာကြသဖြင့် မြန်မာနိုင်ငံကို
မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မည့်အနေအထားသို့ ရောက်ရှိလာသည်။ လန်ဒန်တွင် “အောင်ဆန်း-အက်တလီစာချုပ်” အရ မြန်မာနိုင်ငံကို မကြာမီပင်
လွတ်လပ်ရေးပေးရတော့မည်ဖြစ်သည်။ တောင်တန်းပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို တစ်ပြေးညီရရှိစေရန် ဗိုလ်ချုပ်နှင့် ဝန်ကြီးများက ကြိုးစားအားထုတ်ခဲ့သည်။
လွတ်လပ်ရေးမပေးမီအချိန်အတွင်း
ဗြိတိသျှဘုရင်ခံချုပ် ဆာရယ်ဂျီဒေါ်မန်စနစ်ခေါင်းဆောင်သော မြန်မာဝန်ကြီးများ ပါဝင်သည့် အဖွဲ့က တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။
“အောင်ဆန်း-အက်တလီစာချုပ်” ချုပ်ဆိုပြီးသည့်နောက်တွင် ဒေါ်မန်စမစ်သည် ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိတော့ဘဲ
ဗိုလ်ချုပ်ကသာဦးဆောင်၍ အစည်းအဝေးပွဲ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ
၁၉ ရက် စနေနေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးဟောင်း၌ ဝန်ကြီးများအစည်းအဝေးကို
ကျင်းပခဲ့ကြသည်။ ထိုနေ့အစည်းအဝေးတွင် နိုင်ငံခြားသို့ရောက်ရှိနေသော ဝန်ကြီးများမှလွဲ၍
ဝန်ကြီးများအစုံအညီ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးကို နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စတင်သည်။
မိုးရာသီဖြစ်သည့်အားလျော်စွာ ထိုနေ့နံနက်ပိုင်းကား ရန်ကုန်မြို့မှာ မိုးရွာနေသည်။ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းညိုမှောင်နေသည်။ ထိုအချိန်တွင်
လူငါးယောက်စီးနင်းလိုက်ပါသော ဂျစ်ကားတစ်စီးသည် အတွင်းဝန်ရုံးကြီးအတွင်းသို့
မောင်းနှင်ဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် စစ်ယူနီဖောင်းအပြည့် ဝတ်ဆင်ထား၍ စစ်သားအယောင်ဆောင်ထားပြီး
ကားမောင်းသူမှအပ ကျန်သူများက ဝန်ကြီးများအစည်းအဝေးကျင်းပရာ ရုံးပေါ်သို့တက်သွားကြသည်။
မကြာမီအချိန်မှာပင် အစည်းအဝေးခန်းမမှ သေနတ်သံများ ဆူညံစွာကြားလိုက်ရသည်။
ညည်းညူသံများနှင့်အတူ သေနတ်သမားတို့ ပြေးဆင်းသွားသောအသံများ ရှုပ်ထွေးသွားသည်။ ထိုပစ်ခတ်လုပ်ကြံမှုကြောင့်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သေနတ်ကျည်ဆန် ၁၃
ချက်ထိမှန်ကာ ထိုနေ့နံနက်တွင်ပင် နေရာ၌ ကျဆုံးခဲ့ရရှာသည်။ ဗိုလ်ချုပ်နှင့်အတူ သခင်မြ
၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊
ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့သည်လည်း ထိုနေ့မှာပင် ကျဆုံးခဲ့သည်။ မိုင်းပွန်စော်ဘွားစဝ်စံထွန်းသည်ကား
နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ရှာသည်။ ဗိုလ်ချူပ်နှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ခြင်းအတွက် မြန်မာပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ယူကျုံးမရဖြစ်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင်လည်း
အရုပ်ဆိုး အကျည်းတန်ဆုံးဖြစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် ကြီးမားသောဆုံးရှုံးရမှုကြီး
ဖြစ်ခဲ့သည်။
အာဇာနည်ဆိုသည်မှာ အကြောင်း
ဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ
ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ လက်ရုံးရည်၊ နှလုံးရည်
(သတ္တိ၊ ဗျတ္တိ) ပြည့်စုံပြီး အမြော်အမြင်ကြီးကြီး၊ ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်ဖြစ်၏။ တိုင်းပြည်နှင့်
လူမျိုးအပေါ် အသက်ပေးကျေပွန်ခဲ့၍ နိုင်ငံအတွက် အားကိုးလောက်သော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
အမျိုးသားခေါင်းဆောင်ကြီးများသည် ထူးကဲမြင့်မြတ်ပြီး အာဇာနည်စိတ်ဓာတ်ရှိသည့် အာဇာနည်များပင်ဖြစ်သည်။ အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများအား ဆုံးရှုံးခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ကျိုးမဖက်မှု၊အနစ်နာခံမှုတို့က တိုင်းရင်းသားပြည်သူတို့၏ နှလုံးအိမ်တွင် အောက်မေ့စွဲထင်ကျန်ရစ်လျက်ရှိပါသည်။
အာဇာနည်ခေါင်းဆောင်ကြီးများကို မသိမီလိုက်သူ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များအားလည်း မမေ့အပ်သည့် အာဇာနည်စိတ်ဓာတ်
အမျိုးသားအားမာန်တို့ကို ဂဃနဏ သိရှိနိုင်စေရန် လက်ဆင့်ကမ်းပုံဖော်ပေးကြရမည်။
ဗိုလ်ချုပ်၏လမ်းစဉ်ကိုနားလည်နိုင်ရန်နှင့် ဗိုလ်ချုပ်၏ဘဝ၊ ဗိုလ်ချုပ်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို မှန်မှန်ကန်ကန်
လေ့လာသုံးသပ်နိုင်ရမည်။ သို့မှသာဗိုလ်ချုပ်၏ ဆန္ဒကိုအမှန်အတိုင်း သဘောပေါက်နိုင်မည်ဖြစ်သည်။
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို မြင်မသွားရပါ။ သို့သော် ဗိုလ်ချုပ်သည် ကတိစကားဆိုခဲ့သည့်အတိုင်း တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည်။ ထိုမျှမက လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန် မိန့်ခွန်းများဖြင့် အမြော်အမြင်ကြီးမားစွာ သတိပေး လမ်းညွှန်ခဲ့သည်။ သို့ပါ၍ နိုင်ငံသားတိုင်း ဗိုလ်ချုပ်၏ဆန္ဒကို အလေးအနက်ထားကျင့်သုံးရင်း နှလုံးအိမ်ထက်တွင် မမေ့အပ်သော အာဇာနည်နေ့နှင့် အာဇာနည်စိတ်ဓာတ်အားမာန်များ၊ နိုင်ငံချစ်စိတ်များ အစဉ်ရှင်သန်ခြင်းမှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကြီးဖြစ်စေရန် ထုဆစ်ပုံဖော်ကြရမည်ဖြစ်သည်။
ရှိန်းမြသင်း
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁၄)
![]() |
ဓာတ်ပုံ - UTA |
No comments:
Post a Comment