အောင်ဆန်း(စိုက်ပျိုးရေး)
“ပိုတက်စီယမ်ဓာတ်ချို့တဲ့ပါက စပါးရွက်အစိမ်းရောင်မှ အစိမ်းရင့်ရောင်သို့ ဖြစ်ပေါ်စေပါသည်။ စပါးရွက်ဟောင်းများပေါ်တွင် ဝါညိုရောင်အစင်း သို့မဟုတ် အညိုရင့်ရောင် အနာကွက်များ ရွက်ထိပ်ဖျားမှ အရွက်နှုတ်ခမ်းတစ်လျှောက် ဆက်လက်ဖြစ်ပေါ်စေပါသည်”
စပါးပင် ရှင်သန်ကြီးထွားရန်နှင့် အထွက်တိုးရန်အတွက် အာဟာရဓာတ် ၁၆ မျိုးကို စုပ်ယူမှီဝဲရသည်။ အပင်ကလိုအပ်သည့် အာဟာရဓာတ် ၁၆ မျိုးမှာ နိုက်ထရိုဂျင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဆာလ်ဖာ၊ သံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ သွပ်၊ ဘိုရွန်၊ မော်လ်ဘိဒီနန်၊ ကလိုရင်းဓာတ်တို့ဖြစ်သည်။ ဤအာဟာရဓာတ် ၁၆ မျိုးတွင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဖော့စ်ပရပ်ဓာတ်တို့ကို မြေဩဇာအဖြစ် ထည့်သွင်းပေးခြင်းဖြင့် အပင်က စုပ်ယူရရှိသည်။ ပျမ်းမျှအားဖြင့် စပါးတစ်တင်းထွက်ရှိရန် စပါးပင်က နိုက်ထရိုဂျင်ဓာတ် သုံးပေါင်၊ ဖော့စ်ဖိတ် နှစ်ပေါင်၊ ပိုတက်စီယမ်ဓာတ် တစ်ပေါင် လိုအပ်သည်။ အဆိုပါ လိုအပ်သည့်ဓာတ်များ၏ ၂၅ ရာခိုင်နှုန်းခန့်ကို မြေတွင်ရှိပြီးဓာတ်များမှ စုပ်ယူပြီး ကျန် ၇၅ ရာခိုင်နှုန်းခန့်ကို ဓာတ်မြေဩဇာအဖြစ် ဖြည့်ဆည်းပေးရသည်။ အဆိုပါဓာတ်များ မြေတွင် နည်းနေပါက လူတို့က ပို၍ သုံးစွဲပေးရခြင်း ဖြစ်ပါသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်ဓာတ်တို့ကိုမူ လေထဲမှ စုပ်ယူရရှိသည်။ အခြားသော အနည်းလို အာဟာရဓာတ်များကို ဖြည့်စွက်မြေဩဇာအဖြစ် ထည့်ပေးခြင်း၊ အချို့မြေဆီလွှာအတွင်းရှိပြီးဖြစ်သော ဓာတ်များကို စုပ်ယူခြင်းဖြင့် ရရှိသည်။
ဤသို့ စပါးပင်အထွက်တိုးရေးအတွက်
လိုအပ်သောဓာတ်များစွာအနက် ပိုတက်စီယမ်ဓာတ်သည် မည်မျှအရေးပါနေသည်ကို စူးစမ်းလေ့လာကြည့်မိပါသည်။ ပိုတက်စီယမ်ဓာတ်သည် စပါးပင်ကြီးထွားရေးအတွက် လိုအပ်သောစွမ်းအင်ဖြင့် ကာဗိုဟိုက်ဒရိတ်ကို ဖြိုခွဲ၍ အပင်တစ်ပင်လုံးဆီသို့ အာဟာရအဖြစ် ပို့ဆောင်ပေးသည်။ ပိုတက်စီယမ်ဓာတ်သည် အပင်၏ ပရိုတိန်းဓာတ်ဖွဲ့စည်းတည်ဆောက်မှုကို အားပေးသည်။ အပင်အတွင်း အဖိုအမ အိုင်းယွန်းများ၏ ညီမျှနေစေမှုကို အထောက်အကူပြုပေးသည်။ သံဓာတ်ကဲ့သို့ Heavy Metals များကို အပင်အတွင်း တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင် ရွှေ့ပြောင်းပေးသည်။ အပင်အတွင်းရှိ
အင်ဇိုင်းမျိုး ၆၀ ၏ လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ပေးသည်။ အရွက်များအတွင်းရှိ လေရှူပေါက်များ၏ ဖွင့်ခြင်း၊ ပိတ်ခြင်း
လုပ်ငန်းများကို ကူညီအားပေးသည်။ အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်းကို ပိုမိုအားကောင်းစေပါသည်။
ပိုတက်စီယမ်ဓာတ်သည် စပါးပင်၏ ဆဲလ်များအတွင်းရှိနေပြီး ပင်စည်တောင့်တင်းခိုင်မာမှု၊ မာကြောမှုကို ဖြစ်ပေါ်စေသည်။ သို့အတွက် စပါးပင်ပျော့၍ ယိုင်လဲခြင်းမှ ကာကွယ်ပေးပါသည်။ ပိုးမွှားများကျရောက်မှုကို တားဆီးပေးထားပါသည်။ စပါးရွက်ညိုပျောက်ရောဂါ၊ စပါးရွက်ခြောက်ရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ၊ ဂုတ်ကျိုးရောဂါ၊ ပင်စည်ပုပ်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးထားပါသည်။ ပိုတက်စီယမ်ဓာတ်၏ အထူးပြု အကျိုးကျေးဇူးမှာ မြေဆီလွှာအတွင်းရှိ အာဟာရများကို အမြစ်ကစုပ်ယူပြီးသောအခါ ပိုတက်စီယမ်ဓာတ်က အဆိုပါ အာဟာရဓာတ်များကို ကျောကုန်းပေါ်ပိုး၍ သယ်ပေးသည့်အလား အပင်၏ အပေါ်ဘက် အစိတ်အပိုင်း အားလုံးဆီသို့ ပို့ပေးပါသည်။ တစ်ဖန် အရွက်မှ ရောင်ခြည်ဖြင့် ချက်လုပ်ပြီးသော အစာများကိုလည်း ကုန်းပိုးသယ်ယူ၍ အပင်အစိတ်အပိုင်းအားလုံးဆီသို့ ပို့ပေးပါသည်။ ဤလုပ်ငန်းစဉ်မှာ စပါးပင်သန်မာကြီးထွား ဖွံ့ဖြိုးပြီး အထွက်များစေရန်အတွက် အလွန်အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။
ပိုတက်စီယမ်ဓာတ်သည် စပါးနှံခက်လောင်းအတွင်း စပါးစေ့များဖြစ်ပေါ်စေမှု၊ စပါးစေ့အောင်မြင်မှု၊ စပါးစေ့၏အရောင် ဝင်းဝါတောက်ပြောင်စေမှုကိုလည်း စွမ်းဆောင်ပေးနိုင်ပါသည်။
တောင်သူလယ်သမားကြီးများသည် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်ဓာတ်သာ အရေးပါသည်ဟု ယူဆကြပြီး ပိုတက်စီယမ်ဓာတ်ကို အသုံးပြုမှုအလေ့အထ မရှိကြသည်ကိုလည်း တွေ့ရသည်။
မြေဆီလွှာအတွင်း အစိုဓာတ်နှင့်
အခြားအာဟာရဓာတ်များ မည်မျှပေါကြွယ်ဝစွာ ရှိနေစေကာမူ အမြစ်ကစုပ်ယူသော အဆိုပါအာဟာရများကို သယ်ပို့ပေးမည့် ကုန်ကားများနှင့်တူသော ပိုတက်စီယမ်ဓာတ် မရှိပါက အပင်က အာဟာရများကို မရရှိတော့ဘဲ အပင်ကျုံလှီနေမည်ဖြစ်သည်။ ကုန်ပစ္စည်းပို့သည့် ကားဂိတ်တွင်
သယ်ယူမည့် ကုန်ကားများမရှိ၍ ကုန်ပစ္စည်းများ ကားဂိတ်တွင် စုပုံနေသည့် အလားပင်ဖြစ်နေမည် ဖြစ်ပါသည်။
မြေဆီလွှာအတွင်း ပိုတက်စီယမ်ချို့တဲ့နေလျှင် စပါးပင်သည် မည်သို့သောဒုက္ခများ ခံစားနေရမည်နည်း။ လေ့လာကြည့်စေချင်ပါသည်။
ပိုတက်စီယမ်ဓာတ်ချို့တဲ့ပါက စပါးရွက်အစိမ်းရောင်မှ အစိမ်းရင့်ရောင်သို့
ဖြစ်ပေါ်စေပါသည်။ စပါးရွက်ဟောင်းများပေါ်တွင် ဝါညိုရောင်အစင်း သို့မဟုတ် အညိုရင့်ရောင်အနာကွက်များ ရွက်ထိပ်ဖျားမှ အရွက်နှုတ်ခမ်းတစ်လျှောက် ဆက်လက်ဖြစ်ပေါ်စေပါသည်။ အစိမ်းနှင့် အဝါရောင်အစင်းများ အရွက်ကြောများဖြင့်
အပြိုင်ဖြစ်ပြီး အရွက်ဖျားများ သိမ်သွားစေပါသည်။ စပါးပင်ပုခြင်း၊ အပင်ညှိုးခြင်း၊ ရင့်မှည့်မှုစော၍ အဖျင်းများစေခြင်း၊ အမြစ်များမကျန်းမာဘဲ ဖွံ့ဖြိုးမှုနည်းသဖြင့် အစာအာဟာရစုပ်ယူမှု ညံ့စေပါသည်။ အရွက်သေးငယ်ခြင်း၊ ပင်စည်သေးငယ်၍ ပျော့ခြင်း၊ ပင်ပွားနည်းစေခြင်း၊ အပင်ယိုင်လဲစေခြင်းများ
ခံစားရပါသည်။ အပူချိန်ပြင်းခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ ဒဏ်မခံနိုင်သဖြင့် စပါးရွက်ညှိုးခြင်း၊ အရွက်အိုမင်းရင့်ရော် လွယ်ခြင်းများ ဖြစ်ပေါ်စေသည်။
ပိုတက်စီယမ်ချို့တဲ့ပါက အဖိုမြုံစေခြင်း၊ စပါးပန်းခိုင်သန္ဓေမအောင် အဆန်မတည်ခြင်း၊ ကာဗိုဟိုက်ဒရိတ် ရွေ့လျားသယ်ပို့မှု ရပ်တန့်စေခြင်းကြောင့် ဝတ်မှုန်ကူးသန္ဓေအောင်၊ အဆန်တည်မှုကို ညံ့စေသည်။ စပါးစေ့၏ အလေးချိန် လျော့ကျသွားစေသည်။ သံဆိပ်သင့်ခြင်း၊ ဓာတ်တိုးမှု(Oxidation)
မကောင်းသဖြင့် အဆိပ်သင့်မှုခံနိုင် ရည်စွမ်းအား ကျဆင်းစေသည်။ အဆုံးတွင် ပိုတက်စီယမ်ဓာတ် ချို့တဲ့ခြင်း၏ နောက်ဆက်တွဲဒုက္ခမှာ
စပါးထွက်ကျဆင်းသွားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ မြေတော်တော်များများတွင် ပိုတက်စီယမ်ချို့တဲ့လေ့ရှိသည်ကို သုတေနသစာတမ်းများက ထောက်ပြလျက်ရှိသည်။
ပိုတက်စီယမ်ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ရသည်။ ဆန်းစစ်ကြည့်ရန် လိုပါသည်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရခြင်းမှာ တောင်သူလယ်သမားကြီးများသည် ပိုတက်စီယမ်ဓာတ်မြေဩဇာအသုံးပြုမှု
နည်းပါးခြင်းအချက်က ထိပ်ဆုံးကဖြစ်သည်။ တစ်ဖန် ထည့်သွင်းသော ပိုတက်စီယမ်ဓာတ်မြေဩဇာတွင် ပိုတက်စီယမ်ဓာတ်များပါဝင်မှု (အာဟာရတန်ဖိုး) အပြည့်အဝပါဝင်ခြင်းလည်း တရားခံဖြစ်နေသည်။ တောင်သူလယ်သမားကြီးများသည် စပါးခင်းမှ ကောက်ရိုး၊ ရိုးပြတ်များ လုံးဝဖယ်ရှားပစ်ခြင်း၊
မီးရှို့ပစ်ခြင်းများကလည်း ပိုတက်စီယမ်ပျောက်ဆုံးမှုကို အားပေးသလိုဖြစ်နေသည်။ မြေဆီလွှာအတွင်း
ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်၊ အော်ဂင်းနစ်အက်စစ်၊ ဖရဲပ်စ်ဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်ဓာတ်တို့ လွန်ကဲစွာ ပါဝင်နေမှုကြောင့် ပိုတက်စီယမ်ဓာတ် ထိန်းချုပ်ထားခံရပြီး ပိုတက်စီယမ်ဓာတ်ကို အပင်က စားသုံး၍ မရရှိဘဲ ချို့တဲ့မှုဖြစ်စဉ် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မိုးများသောဒေသများတွင် မိုးရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်တို့ ပေါင်းစပ်ပြီး ဟိုက်ဒရော့ဆိုဒ်များ ဖြစ်သွားသဖြင့် ပိုတက်စီယမ်ချို့တဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပေါ်ပါသည်။
သဲဆန်သောမြေ၊ စေးလွန်းသောမြေများတွင် ဓာတ်ဖလှယ်မှုစွမ်းအား ကျဆင်းနေသဖြင့် ပိုတက်စီယမ်အိုင်းယွန်းသည် မြေထဲစိမ့်ဝင်ပျောက်ဆုံး၍ ချို့တဲ့မှုဖြစ်စဉ်လည်း ဖြစ်ပေါ်ပါသည်။ ကုန်းမြင့်၊ အချဉ်ပေါက်မြေ၊ မြေအိုမြေပျက်နှင့် ရာသီဥတုပြင်းထန်သော ဒေသများတွင် ပိုတက်စီယမ် ပိုမိုချို့တဲ့လေ့ ရှိပါသည်။
ပိုတက်စီယမ်ချို့တဲ့သော စပါးစိုက်လယ်မြေများကို ပြန်လည်ကုစားရာတွင် ပိုတက်စီယမ်ချို့တဲ့မှု ဖြစ်စေသော အကြောင်းရင်းများကို ပိုတက်စီယမ်ဓာတ်ပါသော မြေဩဇာ၊ ပစ္စည်းနှင့် အခြားနည်းလမ်းများ အသုံးပြု ထည့်သွင်းခြင်းသည်သာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။ ပထမနည်းလမ်းမှာ ပိုတက်စီယမ်ဓာတ်ပါသော မြေဩဇာကို ထည့်သွင်းခြင်းဖြစ်ပါသည်။ ပိုတက်ရှ်မြေဩဇာကို ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ကျောက်ဆည်ခြံ၊ လက်ပံတန်းခြံ၊ မြောင်းမြ (စကားများခြံ)၊ လွိုင်ကော်ခြံတို့၌ မြေပြင်ချိန်တွင် တစ်ကြိမ်တည်း တစ်ပါတည်း ထည့်ခြင်းထက် စိုက်ပျိုးချိန်၊ ပင်ပွားချိန်၊ မှို့ကပ်ချိန်တို့တွင် သုံးကြိမ်ခွဲထည့်ပေးခြင်း သုတေသနပြုရလဒ်အရ တစ်ဧက စပါးအထွက်နှုန်း ၅ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး စပါးအောင်စေ့များပြီး စပါးစေ့အရောင်လည်း တောက်ပကြောင်း ဆိုထားပါသည်။ တစ်ဖန် ပိုတက်ရှ်မြေဩဇာကို စပါးမှို့ကပ်ချိန်နှင့် ဖုံးတုံးလုံးတုံးချိန်များတွင် တစ်ဧက ပိုတက်ရှ်မြေဩဇာ သုံးကီလိုဂရမ်ဖြင့် ရေဖျော်ဖျန်းသုတေသနပြုခြင်းဖြင့် မိုးရာသီ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကို ၃၂ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။
ပိုတက်စီယမ်ချို့တဲ့သည့် လယ်မြေကို ပြန်လည်ကုစားရမည့် နောက်နည်းလမ်းတစ်ခုမှာ နှမ်းရိုးကို ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ နှမ်းရိုးကို မီးရှို့မပစ်ဘဲ လယ်မြေထဲထည့်ပေးလျှင် သဘာဝမြေဆွေးမြေဩဇာလည်း ရရှိပါသည်။ ပိုတက်စီယမ်ဓာတ်လည်း ဖြည့်ဆည်းပေးသလိုဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်နှင့် ဖော့စ်ပရပ်ဓာတ်လည်း ရရှိနိုင်ပါသည်။
နှမ်းရိုးတစ်တန်ကို လယ်မြေတစ်ဧကထဲတွင် ထည့်ပေးမည်ဆိုပါလျှင် စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ပိုထွက်မည်ဟု ဆိုပါသည်။ ၎င်းအပြင် စိမ့်ဆွဲနေသောမြေ၊ ဒုံပေါက်နေသောမြေများကို ပြုပြင်ရာမှာလည်း နှမ်းရိုးကို နှစ်စဉ်ဆက်တိုက်ချပေးခြင်းဖြင့် ကုစားနိုင်ပါသည်။ နှမ်းရိုးကို စပါးစိုက်ခင်းထဲ တမန်းပြင်ပြီး မစိုက်မီထည့်၍ ရေမြှုပ်နှပ်ထားလျှင် နှမ်းရိုးမဆွေးမီ ထည့်ပြီး သုံးရက်အတွင်းမှာပင် နှမ်းရိုးထဲတွင်ပါဝင်သော ပိုတက်စီယမ်ဓာတ်၏ ၄၀ ရာခိုင်နှုန်းသည် ရေတွင် ပျော်ဝင်ပြီး စပါးပင်က စားသုံးရနိုင်သည့်အဆင့် ရောက်ရှိသွားပါသည်။
စပါးခင်းထဲတွင် နှမ်းရိုးတစ်တန် ဆွေးမြည့်သွားလျှင် နှမ်းရိုးမှာ ယူရီးယား ၂၅ ပေါင်၊ ပိုတက်စီယမ် ၃၅ ပေါင်နှင့် ညီမျှသောဓာတ်များ ရရှိပါသည်။ နှမ်းရိုးတွင် နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်း ဖော့စ်ပရပ်ဓာတ်သည် သုည ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ကာဗွန်နိုက်ထရိုဂျင် ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၅ ရာခိုင်နှုန်း ပါဝင်ပါသည်။ နှမ်းရိုးကို မီးရှို့ပစ်လျှင် ၎င်းဓာတ်များအားလုံး ဆုံးရှုံးသွားပါသည်။ နှမ်းခင်းတစ်ဧကနှင့် နှမ်းရိုး ၁ ဒသမ ၅ တန်ရရှိသည့်အတွက် စပါးတစ်ဧကအတွက် လုံလောက်ပါသည်။
ပိုတက်စီယမ်ချို့တဲ့သော လယ်မြေကို ပြန်လည်ပြုပြင်ရန် နောက်နည်းလမ်းတစ်ခုမှာ ပိုတက်စီယမ်နိုက်ထရိတ် (KNO3) ခေါ် ယမ်းစိမ်းကို ရေဖျော်ဖျန်းခြင်းဖြစ်ပါသည်။ ပိုတက်ရှ်မြေဩဇာသည် ပိုတက်စီယမ်ကလိုရိုဒ်ဖြစ်သဖြင့် ရေဖျော်ဖျန်း၍ မရရှိနိုင်ပါ။ အပင်အဆိပ်သင့် လောင်စေနိုင်ပါသည်။ ပိုတက်ရှ်မြေဩဇာကို မြေထဲတွင်ထည့်ပါက အခြားဓာတ်များက ထိန်းချုပ်ထားခံရသဖြင့် အပင်က လွယ်လွယ်မစုပ်ယူနိုင်ပါ။ ပိုတက်စီယမ်နိုက်ထရိတ်ကို ရေဖျော်ဖျန်းပါက အရွက်များ လွယ်ကူလျင်မြန်စွာဖြင့် စုပ်ယူနိုင်ပါသည်။ ပိုတက်စီယမ်နိုက်ထရိတ်တွင် နိုက်ထရိုဂျင် ၁၃ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၄၀ ရာခိုင်နှုန်း ပါဝင်ပါသည်။ ရေတွင် လွယ်ကူစွာပျော်ဝင်နိုင်ပါသည်။ ပိုတက်စီယမ်နိုက်ထရိတ်ကို ပရဆေးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါသည်။
အသုံးပြုပုံမှာ စပါးခင်းအပင်ဖြစ်ထွန်းချိန် တစ်ကြိမ်၊ မှို့ကပ်ချိန် တစ်ကြိမ်၊ ပန်းပွင့်ချိန်နောက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဖျန်းပေးရမည်ဖြစ်ပါသည်။ ဤသို့ အသုံးပြုခြင်းသည် ပိုတက်ရှ်မြေဩဇာ
အိတ်ဝက်သုံးစွဲခြင်းနှင့် ညီမျှသည်ဟု သုတေသနပညာရှင်များက ဆိုထားပါသည်။ သုည ဒသမ ၅ ရာခိုင်နှုန်း ပြင်းအားရှိသည့် ဖျော်ရည်ရရှိရနေအတွက် တစ်ဧကလျှင် ပိုတက်စီယမ်နိုက်ထရိတ် ၂၅ ကျပ်သားနှုန်းဖြင့် သုံးကြိမ်အတွက် ၇၅
ကျပ်သား၊ ရေကို တစ်ကြိမ်လျှင် ဂါလန် ၂၀ ဖြင့် သုံးကြိမ်အတွက် ဂါလန် ၆၀ ဖြင့် ရောမွှေ၍
ပက်ဖျန်းရန် ဖြစ်ပါသည်။ ပိုတက်စီယမ်နိုက်ထရိတ်တန်ဖိုးနှင့် လုပ်အားခအပါအဝင် တစ်ဧက ၆၀၀၀ ကျပ်သာ
ကုန်ကျသဖြင့် စျေးနှုန်းသက်သာပြီး အလွန်တွက်ခြေကိုက်သော နည်းလမ်းဖြစ်ပါသည်။ ပြင်ပတွင် ပိုတက်ရှ်မြေဩဇာတစ်အိတ် ၃၀၀၀ ကျော်စျေးရှိသဖြင့်
စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရန်အတွက်လည်း သုံးသင့်ပါသည်။ ဤနည်းလမ်းများဖြင့် ပိုတက်စီယမ်ချို့တဲ့မှုပြဿနာကို ကုစားကြပါစို့။
အောင်ဆန်း(စိုက်ပျိုးရေး)
ဒို့ကျေးရွာဂျာနယ်
အတွဲ (၁၇) အမှတ် (၁၃)
No comments:
Post a Comment