January 31, 2021

မိဘနှင့် သားသမီးချစ် (၂)

လယ်တွင်းသားစောချစ်

        ကိုမျိုးနှင့် ညီမလေးကို ဖေဖေ လုံးဝစကားမပြောဘဲ ရှောင်နေသည်။ ကိုမျိုးနှင့် ညီမလေး အနေရကျပ်နေသည်။ ငါးရက်အထိ ဖေဖေ ဘာမျှမပြော။ ကိုမျိုးလည်း အိမ်မကပ်ဝံ့။ မေမေနှင့် ကျွန်တော်ပါ အနေရ ခက်လာသည်။

        "မေမေရာ ဖေဖေ့ကို ပြောပါဦး။ ဘာလို့များ ဒီလောက်တောင် တင်းနေရတာလဲ သားဖြင့် နားမလည်တော့ဘူး"

        ကျွန်တော်က ကိုယ်ပြောရဲသော မေမေ့ကိုသာ အပူကပ်ရသည်။ မေမေက ဖေဖေ့ကို အမျိုးမျိုးဖျောင်းဖျ၊ နားချရသည်။ နောက်ဆုံးတော့ ဖေဖေ လက်ခံသွားပါသည်။

        သို့သော် ခြွင်းချက်နှင့်။

        နှစ်ယောက်လုံး ယခုလက်ရှိအတိုင်း မောင်နှမလိုဆက်ပြီးနေကြရန်၊ သမီးလည်း ဘွဲ့ရ၊ ကိုမျိုးလည်း နိုင်ငံခြားက ပြန်ရောက်ပြီးမှ လက်ထပ်ရန် ဖေဖေက ပြောသည်။ ညီမလေးနှင့် ကိုမျိုးက ဝမ်းသာအားရ ကတိပေးကြသည်။

        ကျွန်တော်တို့ မိသားစုလေး ပုံမှန် ပြန်လည်အေးချမ်းသွားပါသည်။

        ယခုအခါတော့ ဖေဖေ့အဆိုးမဟုတ်။ ညီမလေးနှင့် ကိုမျိုးတို့အဆိုး။

        ကိုမျိုး နိုင်ငံခြားသွားရန် တစ်လခန့်အလိုတွင် ကိုမျိုးနှင့် ညီမလေးတို့ ခိုးပြေးသွားကြသည်။ ကိုမျိုးက ခိုးသည်လား။ ညီမလေးက ခိုးသည်လားတော့မသိ။ သေချာသည်ကတော့ ဒေါသကြီးနေသော ဖေဖေ့ကို မေမေ လည်း ဖျောင်းဖျ၍ မရတော့ပါ။ ဧည့်ခန်းထဲမှာ ထုသံ ရိုက်သံ ပေါက်ခွဲသံများ ဆူညံသွားသည်။

        "နှစ်ယောက်စလုံး ငါ့အိမ်ရိပ်တောင် မနင်းစေနဲ့ သူတို့မျက်နှာမမြင်ချင်ဘူး..."

        ဧည့်ခ့န်းထဲမှာ ကုလားထိုင်တစ်လုံး အပါအဝင် ရှိုးကေ့စ်မှန်နှစ်ချပ်၊ ကြွေထည် ပစ္စည်းအချို့နှင့် စားပွဲတင်ပန်းအိုးကြီးတစ်လုံး ပျက်စီးသွားသည်။ ညီမလေးအခန်းကိုလည်း သော့ခတ်လိုက်သည်။

        "ဒီအထဲက ကျန်တဲ့ပစ္စည်း ဘာမှမယူစေနဲ့..."

        ဖေဖေ၏ ပြင်းထန်သောရာဇသံ။ နောက်တစ်နေ့ကစပြီး ဖေဖေ လုံးဝစကားမပြောတော့။ ရုံးပြန်လာလျှင် ခါတိုင်း ညီမလေးက အိတ်ဆွဲကြိုနေကျ။ ညီမလေး မရှိတော့၍ ကျွန်တော် သွားကြိုသည်။ ဖေဖေ့လက်မှအိတ်ကို ကျွန်တော်လှမ်းယူသော်လည်း ဖေဖေက မပေး။ သူ့ဘာသာ ဆွဲယူပြီး အိမ်ထဲဝင်သွားသည်။

        ညနေ ထမင်းစားချိန်မှာလည်း မေမေ့ကို ဘာမျှမပြော သူ့ဘာသာခူးပြီး တစ်ယောက်တည်း စားနေသည်။ မေမေနှင့် ကျွန်တော် အလိုက်တသိ ဝိုင်းကူခူးပြီး ဖေဖေနှင့်အတူ စားကြသည်။ သို့သော် ဖေဖေ ကျွန်တော်တို့ကို စကားမပြောပါ။


        ယခင်ကဆိုလျှင် ဖေဖေ့ရုံးမှ အတွေ့အကြုံများ၊ အလျဉ်းသင့်သလို ပညာပေးဆုံးမစကားများနှင့် သာယာစိုပြည်ခဲ့သော ထမင်းဝိုင်းလေးမှာ ဝမ်းနည်းစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

        "ထမင်းယူဦးမလား"

        မေမေက ထမင်းထပ်ထည့်ပေးရန် မေးသော်လည်း ဖေဖေ ဘာမျှ မဖြေပါ။ သူ့ဘာသာထည့်ထားသော ထမင်းတစ်ပန်းကန်ကုန်သည်နှင့် ထမင်းဝိုင်းမှ ထသွားသည်။ မေမေ့ပါးပေါ်မှာ မျက်ရည်များ စီးကျနေပါသည်။ ကျွန်တော့် မျက်လုံးများပါ ဝေဝါးစိုစွတ်လာကြသည်။

        ကိုမျိုးနဲ့ ညီမလေးတို့လည်း ဖေဖေ့ကို သိပ်ကြောက်၍လား၊ သူတို့ဘာသာ ပျော်မြူးမေ့လျော့နေ၍လား မသိ။ အိမ်ကို လာရောက်ဆက်သွယ်ခြင်း လုံးဝမလုပ်ကြပါ။ ကြည့်မြင်တိုင်ဘက်မှာ အိမ်တစ်လုံးငှားပြီးနေ ကြောင်း သိရသည်။ ဖေဖေကတော့ ထူးထူးခြားခြားကို စကားနည်းသွားသည်။

        မေမေသာ သူ့သမီးကို သတိရတိုင်း မျက်ရည်ကျခြင်း၊ ကျွန်တော့်ကို ပြောခြင်းဖြင့် ထွက်ပေါက်ရှာနေပါသည်။ တစ်လအကြာတွင် ကိုမျိုး နိုင်ငံခြားကို ထွက်သွားသည်။ မေမေက ညီမလေးနှင့် သွားတွေ့ရန် ကျွန်တော့်ကို လွှတ်လိုက်ပါသည်။ သူ့သမီးတစ်ယောက်တည်း မျက်စိသူငယ်နှင့် အားငယ်နေမည်စိုး၍ ဖြစ်သည်။

        ကျွန်တော် သွာတွေ့တော့ ညီမလေးတစ်ယောက်တည်း မဟုတ်ပါ။ အဒေါ်ကြီးတစ်ယောက် အဖော်ရှိသည်။ ကိုမျိုးက သူနိုင်ငံခြားမသွားမီ ဇာတိရွာမှ သူ့အဒေါ်တစ်ယောက်ကို ညီမလေး အဖော်ရအောင် ခေါ်ပေးထားခဲ့ခြင်း ဖြစ်သည်။

        ညီမလေးက ကျွန်တော့်ကို တွေ့သည်နှင့် ဖေဖေနှင့် မေမေကို မေးပြီး ရှိုက်ကြီးတငင်ငိုပါသည်။ တွေ့လျှင် အပြစ်တင်လိုက်မည်ဟု စဉ်းစားထားသည်များပင် သူငိုသည်ကို မြင်ပြီး ပျောက်ကွယ်သွားရသည်။

        အိမ်ပြန်ရောက်တော့ ညီမလေး နေထိုင်ရသည်မျာ အဆင်ပြေကြောင်းပြော၍ မေမေ စိတ်အေးသွားသည်။ သို့သော် သုံးရက်အကြာတွင် ဖေဖေရုံးသွားနေစဉ် ညီမလေးကို သွားခေါ်ရန် ကျွန်တော့်ကို လွှတ်ပြန်သည်။

        ညီမလေး ဝမ်းသာအားရ လိုက်လာသည်။ အိမ်ရောက်သည်နှင့် သားအမိနှစ်ယောက် ဖက်ပြီးငိုကြသည်။ အိမ်မှာ ညီမလေး ရှိနေစဉ်က မေမေနှင့် ညီမလေး သိပ်မချစ်ဟုထင်ခဲ့သည်။ ခုမှ မေမေနှင့် ညီမလေး သိပ်ချစ်ကြသည်ကို မြင်ရ၍ ကျွန်တော် ကြည်နူးမိသည်။

        ထိုနေ့က မေမေက ညီမလေးကို အကောင်းဆုံးတွေ ချက်ကျွေးသည်။ ညီမလေးကြိုက်သော လက်ဖက်သုပ်ကို ပန်းကန်ကြီးနှင့် အပြည့်သုပ်ပေးသည်။ သားအမိချင်းချစ်ခင်မှုအပြင် အိမ်ရှင်မချင်း ဧည့်ခံနေပုံမျိုးကိုလည်း တွေ့ရ၍ ကျွန်တော် ပြုံးမိသည်။ ညနေ ၃ နာရီလောက်တွင် ဖေဖေပြန်မလာမီ ညီမလေး သုတ်သုတ်ပြာပြာ ပြန်သွားရပုံက သနားစရာ။

        "သမီး ကိုကိုလာမခေါ်နိုင်ရင်လည်း တစ်ပတ်နှစ်ခါလောက်တေ့ာ လာနော်..."

        အိမ်ပေါက်မှာထွက်ပြီး မှာနေတာ မေမေ။

        "လာမယ်... မေမေ... သမီးလာခဲ့မယ်"

        ညီမလေး၏ အဝင်အထွက်လမ်းကြောင်း ပြန်ကောင်းသွားပါပြီ။

        ကျွန်တော်တို့ ညီမလေးနှင့် ဆက်သွယ်၍ အိမ်ကိုပြန်ပြီး ဝင်ထွက်နေကြောင်း ဖေဖေ မသိပါ။ သို့မဟုတ် မသိချင်ယောင် ဆောင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ ဖေဖေ့ခမျာ သနားစရာကောင်းလောက်အောင်ပင် တစ်ယောက်တည်း အထီးကျန်ဖြစ်နေရှာသည်။ မေမေနှင့် ကျွန်တော်က သတိထားပြီး ဖေဖေ လိုအပ်မည့် အကူအညီများကို ဖြည့်ဆည်းပေးရသည်။

        "ကိုအောင်နိုင်ရယ်... ကိုယ်လည်း ငယ်ရာက ကြီးလာတာပဲ။ ကလေးတွေကို ခွင့်လွှတ်လိုက်ပါ..."

        မေမေက ထမင်းစားရင်းပြောတော့ ဖေဖေ ဘာမျှပြန်မပြောပါ။ ထမင်းကိုသာ ငုံ့စားနေသည်။ သို့သော် စားပုံက ထမင်းမှာ အာရုံမရှိသလို။

        "ကိုအောင်နိုင်နဲ့ မြတို့ ခိုးပြေးတုန်းက ကိုအောင်နိုင် အရာရှိတောင် မဖြစ်သေးပါဘူး။ စာရေးပဲရှိပါသေးတယ်။ မြတို့ တောင်းပန်တော့ ဖေဖေနဲ့ မေမေ ခွင့်လွှတ်ခဲ့တာပဲ မဟုတ်လား..."

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆)

No comments:

Popular Posts