ထွန်းလှိုင်(မြိုင်)
နို့စားနွားမွေးမြူရေးလုပ်ငန်းတွင် နို့ပေးချိန် အစာကျွေးမွေးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက်ပေးရမည့်လုပ်ငန်းဖြစ်သည့်အတွက် နို့စားနွားမွေးမြူသူများ အထောက်အကူရရှိစေနိုင်ရန် မွေးမြူရေးပညာရှင် ဆရာဦးထွန်းလှိုင် (မြိုင်) နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ရေးသားတင်ပြလိုက်ရပါသည်။
မေး။ နို့စားနွားမွေးမြူရေးမှာ အစာကျွေးမွေးခြင်းနဲ့ နို့ပေးချိန် ဘယ်လိုဆက်နွှယ်နေပါသလဲ၊ နို့ပိုထွက်အောင် ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်ပါသလဲဆရာ။
ဖြေ။ နို့စားနွားမတစ်ကောင် နို့ထွက်ကောင်းအောင်၊ နို့ထွက်စံချိန် အမြင့်ဆုံးထိန်းထားနိုင်ရန် အစာရဲ့အာဟာရတန်ဖိုး၊ အစာကို လိုသည်ထက် ပိုကျွေးခြင်း၊ လျှော့ကျွေးခြင်းဖြစ်ပါက နို့ထွက်နှုန်းကျပြီး စီးပွားရေးတွက် ခြေမကိုက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွေးမွေးတဲ့အစာမှာ စွမ်းအင်ဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်၊ ရေဓာတ်တွေ ပြည့်ဝစွာ လိုအပ်တယ်။ အဓိကနို့စားနွားမတွေ အသက်ရှင်ရပ်တည်ရေးနဲ့ ထုတ်လုပ်ရေးအတွက် ကိုယ်ဝန်ဆောင်ချိန်၊ နို့ပေးချိန်တွေမှာ အာဟာရဓာတ်တွေ တွက်ချက်ကျွေးဖို့ လိုအပ်ပါတယ်။
မေး။ နို့စားနွားမတစ်ကောင်ဟာ ဘယ်အချိန်မှာ နို့ထွက်အမြင့်ဆုံး စထုတ်ပါသလဲ။ တချို့နွားမတွေမှာ နို့ထုတ်လုပ်မှုမြင့်ရမယ့် အချိန်မှာ ဘာလို့နည်းနေရသလဲဆိုတာ ပြောပြပေးစေလိုပါတယ်။
ဖြေ။ ကျန်းမာသန်စွမ်းတဲ့ နို့စားနွားမတစ်ကောင်ဟာ သားမွေးပြီး ရက်သတ္တပတ် ၁၀ ပတ်တွင် နို့ထုတ်လုပ်မှုစံချိန် အမြင့်ဆုံးရောက်ပါတယ်။ တကယ်လို့ နို့ထုတ်လုပ်မှုစံချိန် အမြင့်ဆုံးရောက်ချိန် နောက်ကျနေပါက နွားမသည် အာဟာရချို့တဲ့နေခြင်း၊ သားအိမ်ရောဂါ၊ နို့အုံရောင်ရောဂါ စသည့်အချက်တွေ ရှိ မရှိ စစ်ဆေးရမယ်။ ဒါ ကြောင့် အစာစားနှုန်းကျလာလျှင် နို့ထွက်လည်း ကျလာပါမယ်။ ကျွေးမွေးတဲ့အစာကို အာဟာရပြည့်ဝဖို့ လိုအပ်ပါတယ်။ နို့စံချိန်မြင့်မားရန် အရည်အသွေးမြင့်မားခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ဒေသတွင် အလွယ်တကူ ရရှိခြင်း၊ တိရစ္ဆာန်များကြိုက်နှစ်သက်တဲ့အစာ စတဲ့အချက်တွေ စဉ်းစားရပါမယ်။
မေး။ အစာကျွေးပါတယ် ဆရာ။ ဒါပေမဲ့ မွေးပြီးစအချိန်မှာ ဘာလို့အစာစားနှုန်း မူလထက်ကျသွားတာလဲ ဆရာ။
ဖြေ။ ဒီလိုရှိတယ်ဗျ။ နွားမကြီးတွေ ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေကြီးထွားမှုသည် ဝမ်းဗိုက်တွင်နေရာယူမှု ကြီးမားလာတော့ ရူမင်အစာအိမ်ထုထည်ပမာဏကို လျော့နည်းစေတယ်။ သဘောကတော့ အစာအိမ်ကျုံ့သွားတာပေါ့ဗျာ။ ရူမင်ရှိတဲ့ အမြှေးပါးများရဲ့ သိပ်သည်းမှုနဲ့ အရွယ်အစားလျေ့ာနည်းပြီး အစာအိမ်သေးငယ် သွားပါတယ်။ အဲဒီအချိန်မှာ နို့ထွက်ချင်ဇောနဲ့ အစာနုတွေ လွန်ကဲစွာမကျွေးမိဖို့ လိုပါတယ်။ နွားမွေးပြီး ၁၂ ပတ်ကြာမှ ရူမင်အစာအိမ်က ပုံမှန်ပြန်ဖြစ်ပါတယ်။ ၁၂ ပတ်ပြည့်ပြီးမှ နွားမကြီးကို အရည်အသွေးမြင့်မားတဲ့အစာကြမ်း၊ အစာနု ကျွေးမွေးရပါမယ်။ အခြားလိုအပ်တဲ့ ဗီတာမင်နဲ့ ကယ်လ်စီယမ်ဓာတ်ပါတဲ့ ဆေးဝါးတွေ ကျွေးရပါမယ်။
![]() |
ဓာတ်ပုံ - greenwaymyanmar |
မေး။ နို့ပေးနှုန်းမြင့်မားပြီး နွားမကြီး ပိန်သွားခြင်းမျိုး မဖြစ်အောင် ဘယ်လိုကျွေးမွေးရမလဲ။
ဖြေ။ နို့စားနွားမကြီး မွေးစမှ ရက် ၇၀ အထိ နို့အမြင့်ဆုံး ရောက်တာဆိုတော့ အစာလည်း အမြင့်ဆုံးစားမယ်၊ နို့မှာလည်း အဆီနဲ့ အသားဓာတ်ကျဆင်းမယ်၊ ကိုယ်အလေးချိန်လည်း ကျဆင်းမယ်။ မွေးမြူသူအများစုဟာ နို့သာလိုချင်တာ အစာတော့ ကောင်းကောင်း မကျွေးကြဘူး၊ အစာကြမ်းသာ အဝကျွေးပြီး အစာကျွေးနည်းတယ်။ အဲဒီအချိန်မှာ အစာနုကို ရောစပ်ရာမှာ မွေးစ ၅၀ ကျပ်သား၊ တစ်ပတ် ၇၅ ကျပ်သားမှ တဖြည်းဖြည်း တိုးကျွေးရမယ်။ နို့ငါးပိဿာအထက် ကျော်လွန်ထွက်ရှိနေပါက နို့ပေးနှုန်းရဲ့ထက်ဝက် အ လေးချိန်ရှိ အစာနုအ လေးချိန်ကို နေ့စဉ်ကျွေးရမယ်။ မွေးပြီးပြီးခြင်း အစာနုကျွေးမွေးခြင်းကို မြန်မြန်တိုးကျွေးရင်လည်း နွားမကြီးအစာမစားတော့ဘဲ ရူမင်အစာအိမ်မှာ အချဉ်ပေါက်ခြင်း (Acidosis) ရောဂါ၊ အဘိုမေဆန် နေရာမှား ရောက်ခြင်း(Displaced)များ ဖြစ်နိုင်ပါတယ်။
မေး။ နို့ပေးကာလမှာ နောက်တစ်သားကိုယ်ဝန်ဆောင်လျှင် ဘယ်ရက်လောက်အထိ နို့ထွက်နှုန်းလျော့သွားမလဲဆရာ။
ဖြေ။ နို့ပေးကာလ ရက် ၇၁ ရက်မှ ၁၄၀ ရက်တွင် နို့တဖြည်းဖြည်းလျော့သွားပါမယ်။ ကိုယ်ဝန်ဆောင်နေပြီဖြစ်၍ သန္ဓေသားအားနို့ပေးနှုန်းအတွက် အစာကိုစနစ်တကျ ကျွေးရပါမယ်။ အစာကိုလုံလောက်စွာ မကျွေးပါက ခန္ဓာအလေးချိန် ကျဆင်းလာမယ်။ နောက်တစ်သားအတွက် မြိုင်လာမှုနောက်ကျမယ်။ သားအောင်နှုန်းနည်းလာမယ်။ နွားမကြီးဟာ နို့ပေးကာလဖြစ်တဲ့ ၁၄ ရက်မှ ၃၀၅ ရက်အတွင်း နို့ပေးနှုန်း တဖြည်းဖြည်းကျဆင်းလာမယ်။ အဲဒီအချိန်မှာ နွားမရဲ့ခန္ဓာ ပြန်လည်ဖြည့်တင်းရန်ဖြစ်ပေမယ့် လိုအပ်သည်ထက် ပိုမကျွေးပါနဲ့၊ နွားမ ဝဖြိုးလာတတ်ပါတယ်။
မေး။ ဘယ်အချိန်မှာ နို့ဖြတ်ရမလဲ၊ နို့မဖြတ်ဘဲ နို့ထွက်နေလျှင် ဆက်ညှစ်နေလျှင် ရပါသလား။ ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်လာနိုင်သလဲဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ နို့စားနွားမကြီး ကိုယ်ဝန်ရင့်ပြီး မွေးချိန် ရက် ၆၀ အလိုမှာ နို့ညှစ်ခြင်းကို ရပ်ရပါမယ်။ အစာကြမ်းစားနိုင် သလောက်ကျွေးပြီး အစာနုကို တစ်ပိဿာငါးဆယ်သားမှ နှစ်ပိဿာအထိ ကျွေးရပါမယ်ေ နို့ညှစ်ခြင်းရက် ၆၀ ရပ်နားခြင်းမရှိပါက နောက်တစ်သားမွေးချိန်မှာ နို့ထွက်နှုန်းနည်းပါတယ်။ နို့အုံပြင်ဆင်ရန်အတွက် ရပ်နားခြင်းဖြစ်ပါတယ်။
မေး။ နို့စားနွားမကြီး နို့ထုတ်လုပ်ရန်အတွက် ရေဘယ်လောက် လိုအပ်ပါသလဲဆရာ။
ဖြေ။ နို့စားနွားမကြီး တစ်ကောင်ကို ခန္ဓာကိုယ်ထိန်းသိမ်းရန် တစ်ရက်ကို သောက်ရေ ၁၃ ဂါလန်မှ ၁၆ ဂါလန် လိုအပ်ပါတယ်။ နို့တစ်လီတာ(၆၂ ကျပ်သား) ထုတ်လုပ်ရန်အတွက် သောက်ရေ ၆ လီတာမှ ၈ လီတာ (၁ ဒသမ ၅ ဂါလန်)နှုန်း ထပ်မံလိုအပ်ပါသည်။ နွေရာသီတွင် နို့ပေးနွားမကြီးများသည် တစ်ရက် ၃၃ ဂါလန်မှ ၄၄ ဂါလန်ထိ သောက်သုံးပါတယ် ။ နို့နှစ်ကြိမ်ညှစ်သော နွားမများသည် နို့တစ်ကြိမ်ညှစ်သော နွားမများထက် သောက်ရေပိုမိုလိုအပ်ပါတယ်။
မေး။ နို့စားနွားမကြီး တစ်နှစ်တစ်ကြိမ် သားပေါက်ရန်အတွက် ဘယ်လိုသားစပ်ပေးရမလဲဆရာ။
ဖြေ။ သားမွေးပြီး ရက်ပေါင်း ၆၀ တွင် မြိုင်လာချိန် သားစပ်ပေးရမယ်၊ မအောင်မြင်ပါက နောက်ထပ် ၂၁ ရက်အကြာ မြိုင်လာချိန် ဒုတိယအကြိမ် သားစပ်ပေးရမယ်။ ကိုယ်ဝန်ရသွားပါမယ်။ တစ်နှစ်တစ်သားပေါက် ပါမယ် ။ (ဥပမာ- သားမွေးပြီး ရက် ၆၀ ပထမအကြိမ် သားတင်ပေး၊ မအောင်မြင်ပါက ၂၁ ရက်ကြာ ဒုတိယအကြိမ်သားစပ်၊ ကိုယ်ဝန်ရသည့် ကြာသည့်အချိန် ၆၀ + ၂၁ = ၈၅ ရက် + ကိုယ်ဝန်ဆောင်ရက် ၂၈၀ = ၃၆၅ ဖြစ်ပါသည်။ နို့ရပ်နားသည့်ကာလ ၆၀ ရက်ဖြစ်သည့်အတွက် ၃၆၅ ရက် -၆၀ ရက် = ၃၀၅ ရက် ဖြစ်ပါတယ်။)
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)
No comments:
Post a Comment