မောင်ငြိမ်းအောင်(တန့်ဆည်)
မြန်မာနိုင်ငံမှာ ပဲမျိုးစုံသီးနှံကို မိုးစိုက်၊ ဆောင်းစိုက်၊ မိုးကြိုစိုက်အဖြစ် ဧကအတော်များများ စိုက်ပျိုးလျက်ရှိပါတယ်။ စပါးသီးနှံပြီးရင် စိုက်ဧကအများဆုံးဖြစ်တာ တွေ့ရပါတယ်။ ပဲမျိုးစုံသီးနှံဟာ ပြည်တွင်းစားသုံးမှုမှာ အဓိကမရှိမဖြစ်တဲ့ ရိက္ခာဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ်လည်း အဓိကနေရာမှာ နေရာယူထားတဲ့ သီးနှံဖြစ်တာ တွေ့ရပါတယ်။
ပဲမျိုးစုံသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ထောပတ်ပဲ၊ ပဲရာဇာ၊ ပဲနီလေး၊ ပဲကတ္တီပါစတဲ့ ပဲတွေ စိုက်ပျိုးတာ တွေ့ရပါတယ်။ စိုက်ပျိုးတဲ့ဒေသတွေကတော့ မြန်မာပြည်အောက်ပိုင်းဒေသများဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်အလယ်ပိုင်းဒေသများဖြစ်တဲ့ မကွေး၊ နေပြည်တော်၊ အထက်ပိုင်းဒေသများဖြစ်တဲ့ စစ်ကိုင်း၊ ကချင်၊ ကုန်းမြင့်ဒေသများဖြစ်တဲ့ ရှမ်း၊ ရခိုင်၊ ချင်းဒေသတွေမှာ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - amazonaws.com |
မြေချဉ်ငန်ကိန်း (၇)ထက်နိမ့်တဲ့ မြန်မာပြည်အောက်ပိုင်းဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်ဒေသများနဲ့ မြေချဉ်ငန်ကိန်း (၇)ထက်မြင့်တဲ့ အလယ်ပိုင်းဒေသများ၊ အထက်ပိုင်းဒေသများမှာ ဖော့စဖိတ်ဓာတ် အလွန်နည်းတဲ့မြေဆိုရင် မော်လစ်ဒီနန်ဓာတ် ချို့တဲ့တတ်တာ တွေ့ရပါတယ်။ မော်လစ်ဒီနန်ဓာတ်ချို့တဲ့ရင် ပဲပင်ဖြစ်ထွန်းကြီးထွားမှုညံ့ပြီး အသီးအပွင့်များလည်း နည်းစေပါတယ်။ ဒါ့ကြောင့် အထွက်လည်း နည်းစေပါတယ်။
ပဲမျိုးစုံအထွက်အပေါ် မော်လစ်ဒီနန်ဓာတ်ရဲ့ အကျိုးသက်ရောက်မှုကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ၁၉၉၆-၁၉၉၈ ခုနှစ်ထိ နှစ်နှစ်၊ မုံရွာမြို့နယ် ဇလုပ်ခြံတွင်လည်းကောင်း၊ ကလောမြို့နယ် အောင်ပန်းခြံတွင်လည်းကောင်း သုတေသနစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
မုံရွာ၊ ဇလုပ်ခြံမှာ တစ်ဧကအထွက် ပဲတီစိမ်းမျိုးစေ့ကို မော်လစ်ဗဒိတ်အမှုန့် ၁၁ ဂရမ်နဲ့ လူးနယ်စိုက်ပျိုးစမ်းသပ်ခဲ့ရာ တစ်ဧက ၂၂ ရာခိုင်နှုန်း (၃ တင်း)၊ ကုလားပဲတွင် ၃၉ ရာခိုင်နှုန်း (၃ ဒသမ ၂ တင်း) ထွက်ရှိတယ်လို့ ဆိုပါတယ်။ ကလောမြို့နယ် အောင်ပန်းခြံမှာ ပဲပုပ်တစ်ဧက မျိုးစေ့ကို မော်လစ်ဗဒိတ်အမှုန့်နဲ့ လူးနယ်၍ စိုက်ပျိုးသုတေသနပြု စမ်းသပ်ခဲ့ရာ အထွက်နှုန်း ၄၀ ရာခိုင်နှုန်း (၃ တင်း) အထွက်ပိုလာတယ်လို့ ဆိုပါတယ်။ မျိုးစေ့နဲ့ မော်လစ်ဗဒိတ်အမှုန့်နဲ့ လူးနယ်စိုက်ပျိုးရာမှ မစိုက်ပျိုးမီ ကြိုတင်၍ မျိုးစေ့ကို ရေအနည်းငယ် (သို့မဟုတ်) ထမင်းရည်ကျဲကျဲနဲ့ အနည်းငယ် စွတ်စိုအောင် ပြုလုပ်ပြီးမှသာ မော်လစ်ဗဒိတ်အမှုန့်နဲ့ လူးနယ်၍ တစ်ညသိပ်ထားပြီးမှ စိုက်ပျိုးရန် ဖြစ်ပါတယ်။
သို့ပါ၍ တောင်သူလယ်သမားကြီးများအနေနဲ့ ပဲမျိုးစုံအထွက်တိုးစေရန်အတွက် မော်လစ်ဒီနန်အမှုန့်ကို ပဲမျိုးစေ့နဲ့ မဖြစ်မနေ လူးနယ်စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါတယ်ဗျား။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆)
No comments:
Post a Comment