January 10, 2021

ကျောက်ကပ်ကျောက်တည်ခြင်းအတွက် သဘာဝအာဟာရများ

သူဇာသန်း

        ကျောက်ကပ်တွင် ကျောက်တည်ခြင်းသည် အဖြစ်များသည့် ကျန်းမာရေးကို ချို့ယွင်းစေသောပြဿာနာတစ်ရပ် ဖြစ်ပါသည်။ ဆီးအတွင်း ဓာတုပစ္စည်းများဖြစ်သည့် ယူရစ်အက်စစ်၊ ဖော့စဖရပ်၊ ကယ်လ်စီယမ်နှင့် အောက်စီလတ်အက်စစ်များ ပါဝင်ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ၎င်းအပြင် ဗီတာမင် အလွန်စားသုံးခြင်း၊ သတ္တုဓာတ် မမျှတခြင်း၊ ရေသောက်သုံးမှု နည်းပါးခြင်း၊ ဂေါက်ရောဂါ ဖြစ်ပွားခြင်းနှင့် မျှတမှုမရှိသည့် အစားအသောက်ပုံစံများကြောင့်လည်း ဖြစ်ပါသည်။

        ကျောက်တည်မှုကြီးထွားလာပါက ရောဂါလက္ခဏာများမှာ အလွန်နာကျင်စွာ ခံစားရပြီး ဆီးမကြာခဏသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ချွေးအထွက်များခြင်း စသည်တို့ဖြစ်၏။ ကျောက်ကပ်ကျောက်တည်ခြင်းအား သဘာ၀အာဟာရများဖြင့် ကုသနိုင်၏။ သဘာ၀နည်းဖြင့် ကုသခြင်းသည် ကျောက်တည်ခြင်း၊ ကျောက်များကြီးထွားခြင်းကို ကာကွယ်ပေးပါသည်။ ထို့ပြင် နေ့စဉ် ရေများစွာ သောက်ရပါမည်။ ရေတစ်ခွက်မှ ၁၀ ခွက် သောက်သုံးခြ င်း၊ သစ်သီးများ နေ့စဉ်စားသောက်ခြင်းဖြင့် ဆီးများ ကြည်လင်လာပါမည်။

ဓာတ်ပုံ - drmyanmar

ရှောက်သီးဖျော်ရည်နှင့် သံလွင်ဆီ

        ရှောက်သီးရည် လေးဇွန်းနှင့် သံလွင်ဆီ လေးဇွန်း ရောမွှေ၍ သောက်ပါ။ ထို့နောက် ရေများများထပ်သောက်ပါ။ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် သောက်ရပါမည်။ ကျောက်များ ထုထည်ကြီးပါက ထိုနည်းကို မပြုလုပ်သင့်ပါ။ ရှောက်သီးရည်နှင့် သံလွင်ဆီသည် ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသရာတွင် အသုံးဝင်၏။ ရှောက်သီးတွင် စီထရစ်အက်စစ်ပါဝင်သဖြင့် ကယ်လ်စီယမ်အခြေခံဖြစ်သော ကျောက်များကို ပြိုကွဲစေပြီး ကြီးထွားခြင်း မရှိပါ။

ပင်စိမ်း

        ပင်စိမ်းရည် တစ်ဇွန်းကို ပျားရည်ဖြင့် နေ့စဉ်မနက် အစာမစားမီ ရောစပ်သောက်ပါ။ တစ်လမှ ခြောက်လသောက်ရပါမည်။

ပန်းသီးဗီနီကာ

        ပန်းသီးဗီနီကာသည် ကျောက်ကပ်ကျောက်တည်ခြင်းကို ပျော်စေ၏။ သွေးနှင့် ဆီး၏ ပီအိပ်အခြေအနေကို အယ်ကာလိုင်းဘက်သို့ သက်ရောက်စေသည်။ ပန်းသီးဗီနီကာ နှစ်ဇွန်းနှင့် ပျားရည် တစ်ဇွန်းကို ရေနွေးတစ်ခွက်နှင့် ရောစပ်သောက်ရပါမည်။

သလဲသီး

        သလဲသီးစေ့နှင့် သလဲသီးဖျော်ရည်သည် ကျောက်ကပ်ကျောက်ကို ပျော်စေ၏။ နေ့စဉ် သလဲသီးတစ်လုံးစားပါ။ သို့မဟုတ် ဖျော်ရည်သောက်ပါ။ အခြားသစ်သီးဖျော်ရည်ဖြင့် ရောစပ်သောက်နိုင်ပါသည်။ သလဲသီးအစေ့ကို ထုထောင်းးပြီး တစ်ဇွန်းစားနိုင်ပါသည်။

ဖရဲသီး

        ဖရဲသီးသည် ကယ်လစီယမ်ကျောက်၊ ဖော့စဖရပ်ကျောက်၊ကာဗိုနိုဒ်ကျောက်များကို ချေဖျက်နိုင်၏။ ပိုတက်စီယမ်ဓာတ် ဖရဲသီးတွင် ပါဝင်ခြင်းသည် ကျောက်ကပ်ကို ကျန်းမာစေ၏။ ဆီးထဲတွင် အက်စစ်ပါဝင်မှုကို ထိန်းသိမ်းပေး၏။ လျော့ကျစေ၏။ ပိုတက်စီယမ်ဓာတ်ပါဝင်ပြီး ရေများစွာပါဝင်ခြင်းကြောင့် ကျောက်များကို ပျော်ကျစေ၏။ ဆေးကြေေပစ်၏။ ဖရဲသီးကို နေ့စဉ်မှန်မှန်စားခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါသည်။

        ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းများတွင် ကျောက်တည်ခြင်းသည် အဖြစ်များသည့် ရောဂါများဖြစ်သည်။ သို့ပါ၍ ကျောက်တည်မှု မဖြစ်ပွားစေရန် ကာကွယ်သည့် သဘာ၀အာဟာရ များများစားသုံးခြင်း၊ ကျန်းမာစွာဖြင့် အသက်ရှင် ရပ်တည်နေနိုင်ရန် ဘ၀နေထိုင်စားသောက်မှု ပြုပြင်ပြောင်းလဲခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)

No comments:

Popular Posts