January 6, 2021

ဘေးကင်းလုံခြုံမှုမရှိသော စားသုံးဆီများကို သုံးစွဲခြင်းနှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

ကျော်နိုင်တင့်

        အစားအစာသည် ဘဝတစ်ခု ရှင်သန်ရန်အတွက် အရေးကြီးသော ကဏ္ဍတစ်ရပ်မှ ပါဝင်နေပါသည်။ လူသားတို့ အသက်ရှင်နေထိုင်နိုင်ရေး၊ လူ့ဘဝတိုးတက်ဖွံ့ဖြိုးရေး၊ လူနေမှုပတ်ဝန်းကျင် သာယာလှပ စိုပြည်ရေးတို့အတွက် အစားအစာကို မရှိမဖြစ် အမှီသဟဲပြုကြရသည်။ လူတို့အသက်ရှင်နေနိုင်မှုနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုတို့ကို တာဝန်ထမ်းဆောင်နေရသော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော စွမ်းအင်ကို အစားအစာမှ ရရှိသည်။

        တစ်နေ့တခြား လူဦးရေ တိုးပွားလာနေသည့် ကမ္ဘာကြီးတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေသကဲ့သို့ သေဆုံးမှုနှုန်းမှာလည်း မြင့်မားနေပါသည်။ သေဆုံးမှုများထဲတွင် ဘေးကင်းလုံခြုံမှုမရှိသော အစားအသောက်များ စားသုံးရာမှ ဖြစ်ပွားသည့်ရောဂါများကြောင့် သေဆုံးရခြင်းသည်လည်း အဓိက အကြောင်းအချက်တစ်ခု ဖြစ်ပါသည်။ ဘေးကင်းလုံခြုံမှု မရှိသောအစားစာဟုဆိုရာတွင် စာရေးသူတို့ နေ့စဉ်စားသုံးနေသည့် စားသုံးဆီလည်း အပါအဝင်ဖြစ်သည်။

        မြန်မာတို့သည် ဆီကိုကြိုက်တတ်သည်။ စားစရာထဲတွင် ဆီများများပါလေ ကောင်းလေဟု အထင်ရှိတတ်သည်။ လက်ဖက်သုပ်ဆိုလျှင်လည်း ဆီရွှဲရွှဲလေးဆမ်းမှ၊ ငါးခြောက်ဖုတ်ဆိုလည်း ဆီများများထည့်ကာ နှပ်ထားမှ၊ ပဲပြုတ်တွင်လည်း ဆီများများထည့်လိုက်ရမှ စားကောင်းတတ်သည်။ မြိန်တတ်ကြသည်။

        မြန်မာဟင်းအများစုတွင်လည်း ဆီပြန်ဟင်းများကို ဟင်းကောင်းအဖြစ် နေရာယူထားသည်။ ဆီနည်းသည်ဆိုလျှင် ‘ဟင်းက ဆီတောင်မပါဘူး’ဟု ဆိုတတ်ကြပြန်သည်။ စားစရာမဟုတ်သည့် ဖွဲနုကိုပင်လျှင် ဆီဆမ်းစားက စားလို့ကောင်းသည်ဟု အဆိုရှိသည်။ ထို့ကြောင့် မြန်မာ့စားစရာဟင်းလျာများတွင် ဆီက မပါမဖြစ်ဆိုသလို ပါနေပြီး လိုသည်ထက်ပင် ပိုမိုစားဖြစ်နေကြသည်။

        ထို့ကြောင့် ဘေးကင်းလုံခြုံမှုမရှိသော စားဆီများကို သုံးစွဲခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးးသက်ရောက်မှုမှာ ကြီးမားသည်။ ဆီစားသုံးမှုနှင့် ဆက်နွယ်နေသော ကျန်းမာရေးပြဿနာများကို လေ့လာပါက အခြေခံအချက် နှစ်ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေးနှင့် မသင့်လျော်သည့် ဆီများကို စားသုံးမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သုံးစွဲသင့်သည်ထက် ပိုမိုစားသုံးမိနေခြင်းတို့ ဖြစ်သည်။

        အစားအသောက် ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ လမ်းဘေးစျေးသည်များအား ကျန်းမာရေးအသိမြှင့်တင်ခြင်းဖြင့် အစားအသောက်ဘေးအန္တရာယ် ပိုမိုကင်းရှင်းရန်၊ ကျန်းမာရေးအသိပေးခြင်းများကို ဆက်လက်လုပ်ဆောင်ရန်၊ Target တစ်ခုပြီးတစ်ခု ပြီးမြောက်အောင်ဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိနိုင်ရန် ဦးစားပေးအဆင့်များ သတ်မှတ်ကာ လုပ်ထုံးလုပ်နည်းများဖြင့် စနစ်တကျဖြစ်စေရေး လမ်းဘေးစျေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရန် နှီးနွယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - theladiesnewsjournal.com

        ဘေးကင်းလုံခြုံမှုမရှိသည့် စားသုံးဆီများ စျေးကွက်ထဲရောက်နေခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ်ရေးအသင်း၏ ပညာပေးမှုများအား အသင်းဥက္ကဋ္ဌ္ ဦးဗအုပ်ခိုင်ကို မေးမြန်းကြည့်ရာတွင် ‘‘ကျွန်တော်တို့အသင်း တည်ထောင်ပြီး တစ်နှစ်လောက်ကတည်းက အဲဒီကိစ္စကို ပညာပေးတာ လုပ်ခဲ့ပါတယ်။ ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမတွေကို ပညာပေးဟောပြောတာတွေ ရှိပါတယ်။ ရုပ်သံမီဒီယာတွေရော၊ သတင်းစာ၊ ဂျာနယ်စတဲ့ ပုံနှိပ်မီဒီယာတွေရော မစားသုံးသင့်တဲ့ဆီတွေ နဲ့ ပတ်သက်ပြီး ပညာပေးတော်တော်များများ လုပ်ပါတယ်။ အခု အွန်လိုင်းမီဒီယာခေတ်စားလာတော့ အွန်လိုင်းမီဒီယာတွေရောပေါ့။

        လက်တွေ့ပိုင်းမှာတော့ စျေးကွက်ထဲမှာ ပြန်ကြော်ဆီတွေ နဲ့ ကြော်လှော်ချက်ပြုတ်နေတာ တော်တော်တွေ့ရတယ်။ ဥပမာ အာလူးကြော်တစ်ထုပ်ဝယ်ပြီးတော့ လက်မှာဖျစ်ကြည့်လိုက်တယ်ဆိုလျှင်ပဲ ပဲဆီနဲ့ကြော်တာလား၊ စားအုန်းဆီနဲ့ကြော်တာလား၊ ပြန်ကြော်ဆီတွေနဲ့ ကြော်တာလားဆိုတာ ပေါ်ပါတယ်။ ပြန်ကြော်ဆီတွေ ကြော်လှော်ချက်ပြုတ်ထားတာတွေက Acid value တွေ မြင့်တက်နေတယ်။ ကျောင်းမုန့်စျေးတန်းတွေမှာ တံဆိပ်ပေါင်းစုံနဲ့ ထုတ်နေတဲ့ လေဖောင်းမုန့်တွေ၊ သရေစာမုန့်တွေပေါ့။ အာလူးကြော်၊ ကြက်သွန်ကြော်၊ ဗယာကြော်၊ အာလူးချောင်းကြော်စတဲ့ မုန့်တွေမှာ Acid value မြင့်တာ တွေ့ရတယ်။ နောက်တစ်ချက် လူတိုင်းစားနေတဲ့ အီကြာကွေး၊ အဲဒါကတော့ ရှင်းပါတယ်။ စားသောက်ဆိုင်တွေ လိုက်စစ်တဲ့အခါမှာ ကြော်တဲ့ဆီတွေ က မည်းနက်နေတာမျိုးတွေ၊ စက်ရုံတွေ လိုက်စစ်တဲ့အခါမှာ စက်ရုံတွေမှာ ခုနပြောတဲ့အာလူးကြော်၊ သရေစာမုန့်များအဖြစ်ကြော်တဲ့ စက်ရုံကြီးတွေမှာကိုပဲ ကြော်တဲ့ဆီတွေက ကတ္တရာစေးရောင်ပေါက်နေတာမျိုးတွေပေါ့ဗျာ။ ဒါကတော့ ပြည်ပကသွင်းတာ မဟုတ်သေးဘူး၊ ပြည်တွင်းမှာလုပ်တဲ့သူတွေ မေးကြည့်တဲ့အခါ အကြိမ် ၅ဝ ထက်မနည်း ကြော်တာဆိုတာ သိရတယ်။ အဲဒါ ဂျပန်တို့ ကိုရီးယားတို့နဲ့ ဘာကွာလဲဆိုတော့ ဒီကိုလာတဲ့ ကိုရီးယားတွေကို မေးကြည့်တဲ့ အခါကျတော့ သူတို့ဆီမှာ FDA က နေ့တိုင်းစစ်တယ်။ တစ်နေ့ကြော်ပြီးသားဆီကို တစ်နေ့သွန်ပစ်ရတယ်ဗျ။ နောက်နေ့ ဆက်ကြော်လို့မရဘူး။ ကျွန်တော်တို့ ဒီမှာကတော့ လိုက်စစ်ပြီး သွန်ခိုင်းတဲ့အခါကျတော့ တစ်ဦးတလေလောက်ပဲသွန်တယ်။ ကျန်တဲ့ဆိုင်တွေက မသွန်ဘူး။ မသွန်တဲ့အခါကျတော့ကိုယ်ကလည်း ဇွတ်သွန်လို့ မရဘူးလေ။ ဇွတ်သွန်ပြန်လျှင်လည်း တစ်ယောက်နဲ့ တစ်ယောက်က အဖုအထစ်လေးတွေ ဖြစ်ကုန်မှာ။ အဲတော့ စားသုံးသူရဲ့အန္တရာယ်ကတော့ ကင်ဆာပေါင်းစုံဖြစ်စေနိုင်တာပါပဲ။ ပန်ကရိယကင်ဆာတို့၊ အသည်းကင်ဆာတို့၊ အစာအိမ်လမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်နိုင်တာပေါ့။

        ခုနကပြောတဲ့ ဆီအတုပေါ့၊ စားအုန်းဆီကို ပဲဆီအနံ့ထည့်ထားတဲ့ဆီကျတော့ ကျွန်တော်တို့ ဘာပြဿနာရှိလဲဆိုတော့ သွေးတိုး၊ ဆီးချို၊ လေငန်း၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်၊ လေတစ်ခြမ်းဖြတ်၊ လေးဘက်နာစတဲ့ ရောဂါတွေ ဖြစ်နိုင်တာပေါ့။ သူတို့ကို စားအုန်းဆီကို မခဲအောင် ဟိုက်ဒရောဆိုဒ်ပါတဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်ပေါ့ဗျာ။ ဆပ်ပြာခဲတို့ဘာတို့ ထည့်တာတွေ ရှိတယ်၊ ဆီတွေက ရေခဲသေတ္တာထဲ ထည့်ထားလည်း မခဲတော့ဘူး။ ၂၇ လမ်းမှာ အနံ့ပေါင်းစုံ ဝယ်ထည့်လို့ရတယ်။ အဲဒီမှာ ပဲဆီအနံ့ Chemical ဝယ်ထည့်လိုက်လို့ရှိလျှင် စားအုန်းဆီတွေကို ပဲဆီဆိုပြီး ရောင်းနေကြတယ်။ အဲဒါတော့ ခုနပြောတဲ့ လေးဘက်နာတို့၊ သွေးတိုးတို့၊ လေဖြတ်တာတို့၊ နှလုံးတို့ အဲဒါတွေ ထိတာပေါ့’’ဟု ပြောသည်။

        ပညာပေးမှုကြောင့် စားသုံးသူများအတွင်း သိသာသည့်တိုးတက်မှု ရှိ၊ မရှိ မေးမြန်းကြည့်ရာတွင် သူက ‘‘ပညာပေးတယ်ဆိုတာ ဆီတစ်ခုတည်းတော့ မဟုတ်ဘူး။ အခြား ဆိုးဆေးကိစ္စ၊ ဘာကိစ္စ တခြားဟာတွေ လည်း ပညာပေးရတယ်။ အသင်းပေါ်ပေါက်ပြီးကာလမှာ ပြည်သူလူထုအတွင်း Survey လုပ်ကြည့်တဲ့အခါမှာတော့ တချို့လည်း အချိုမှုန့်ပြတ်သွားတာမျိုးရှိတယ်။ တချို့လည်း ကွမ်းယာပြတ်သွားတာမျိုးလည်းရှိတယ်။ ပညာပေးလိုက်တဲ့အတွက် အီကြာကွေး မစားတော့တာမျိုးပေါ့။ အီကြာကွေးကို ကြောက်သွားတယ်။ အီကြာကွေးကို ပြန်ကြော်ဆီနဲ့ပဲကြော်တယ်။ အမိုးနီးယားပွဆေးတွေ သုံးပြီး အကြီးကြီးဖြစ်အောင် လုပ်တယ်၊ အီကြာကွေးကို ချိုးကြည့်လိုက်ရင် အီကြာကွေးက သေးစော်နံနေတာမျိုးတွေကြောင့် ရွေးချယ်ဝယ်ယူစားသုံးလာကြတာမျိုးတွေ တွေ့ရတယ်။ ဒါကတော့ လူလတ်တန်းစား ပညာတတ်တွေပေါ့။ ကျွန်တော်တို့ ရွေးချယ်ခွင့်မရှိတဲ့ ဆင်းရဲသားလူတန်းစားကတော့ ကျွန်တော်တို့ ပညာပေးတာ သိချင်လည်း သိမယ်၊ မသိချင်လည်းမသိဘူး။ သူတို့က စာဖတ်ချင်လည်းဖတ်မယ်၊ ရုပ်ရှင်နဲ့ ဗွီဒီယိုတွေကိုကြည့်ပြီးတော့ ကျွန်တော်တို့ ပညာပေးအစီအစဉ်တွေ၊ Talk Show တွေ ကြည့်တာတွေလည်း ရှိမှာပေါ့။ ဆင်းရဲသားလူတန်းစားကတော့ ရွေးချယ်ခွင့် မရှိတဲ့အခါကျတော့ စားအုန်းဆီမကောင်းမှန်းသိပေမယ့်လည်း ပဲဆီဝယ်မစားနိုင်တော့ စားအုန်းဆီပဲ စားကြတာပေါ့။

        လူလတ်တန်းစားကတော့ ဘာပဲပြောပြော ပဲဆီမစားနိုင်လျှင်တောင် နေကြာဆီလေး ဝယ်စားတာမျိုးပေါ့။ စားသုံးသူဘက်က ရွေးချယ်ဝယ်ယူလာတဲ့ ပြုပြင်မှုလေးတွေတော့ တွေ့တယ်ဗျာ။ ဆိုးဆေးပါလျှင် မစားတော့တာတို့။ ဟင်းသီးဟင်းရွက်ဝယ်ရင် ပိုးပေါက်ပါတာကို ရွေးဝယ်တာတို့၊ သိပ်လှတာ မမက်တော့တာတို့ပေါ့နော်။ ဒါမျိုးလေးတွေတော့ တွေ့ရပါတယ်’’ဟု ဆိုသည်။

        ဘေးကင်းလုံခြုံမှုမရှိသော စားဆီများ သုံးစွဲခြင်း၊ ပြန်ကြော်ဆီများ သုံးစွဲခြင်းကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပုံနှင့်ပတ်သက်ပြီး နေပြည်တော် မြို့မစျေးတွင် အကြော်စုံကြော်ရောင်းနေသည့် လမ်းဘေးစျေးသည်တစ်ဦးဖြစ်သည့် ဒေါ်ချိုကို မေးကြည့်ရာတွင် ‘‘ကျွန်မတို့ကတော့ တစ်နေ့ဆီ တစ်နေ့ပဲ သုံးတယ်၊ မဟုတ်တာမလုပ်ဘူး။ သူများဒုက္ခ ကိုယ့်ဒုက္ခပဲ’’ဟု ပြောပြသည်။

        မြန်မာနိုင်ငံတွင် အစားအသောက်နှင့်ပတ်သက်၍ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ၊ အမျိုးသားအစားအသောက်ဥပဒေ (၁၉၉၇)၊ အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂ဝ၁၃)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂ဝ၁၉)တို့ကို ပြဋ္ဌာန်းထားကြောင်းလည်း သိရှိရသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)

No comments:

Popular Posts