မှူးမှူး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်ပစ္စည်းများနှင့်ဆိုးဆေးအန္တရာယ်ကင်းဝေးစေရန် မူဝါဒသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မူဝါဒသုံးရပ်မှာ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါ်လုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပေည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် ငါးလုပ်ငန်းစဉ်ဆက်မပြ တ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့်အညီ ငါးလုပ်ငန်းကဏ္ဍနှင့် ဆီလျော်သည့် ဥပဒေနှင့် စီမံကိန်းလုပ်ငန်းများရေးဆွဲခြင်း၊ အရည်အသွေးပြည့်မီသော ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရန်နှင့် စာရင်းအင်း ကိန်းဂဏန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကောက်ယူဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုနှင့် ဂေဟစနစ် မထိခိုက်စေသော ငါးလုပ်ငန်းစီမံခန့်ခွဲမှုအား စနစ်တကျ မြှင့်တင်ဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အပါအဝင် ခေတ်မီနည်းစနစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ငါးသယံဇာတများ ရေရှည်ထုတ်ယူအသုံးချနိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စျေးကွက်လိုအပ်ချက်နှင့်အညီ ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစားအသောက် ဘေးကင်းရေးဆိုင်ရာ ထိန်းချုပ်မှုစနစ်သည် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ အပင်၊ တိရစ္ဆာန်၊ သားငါး၊ သက်ရှိသက်မဲ့တို့ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ သဘောတူညီချက်များကို လိုက်နာခြင်း၊ အီးယူမှ ထုတ်ပြန်ထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ အာဆီယံမှထုတ်ပြန်ထားသော အစားအသောက်သန့်ရှင်းရေးထိန်းချုပ်မှုစနစ်နှင့် အညွှန်းတပ်ဆင်ရေး ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့် ဓာတုဓာတ်ကြွင်းထိန်းချုပ်မှုအစီအမံကို အီးယူတင်ပို့မည့် ငါးကန်များတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စက်ရုံအနေဖြင့် GMP, SSOP, HACCP စနစ်ဖြင့် ISO22000, ISO 9001-2008 စနစ်များနှင့်အညီ လိုက်နာဆောင်ရွက်စေခြင်းတို့အပြင် တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အရောင်ဆိုးဆေးအန္တရာယ်နှင့်ပတ်သက်၍ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ အဓိကအားဖြင့် ဆိုးဆေးနှစ်မျိုးရှိရာ သစ်ပင်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များမှရသော သဘာ၀ဆိုးဆေး(Natural Colour)နှင့် ဓာတုပစ္စည်းများဖြင့် စီမံထုတ်လုပ်ထားသည့် ဓာတုဆိုးဆေး (Synthetic Colour) တို့ဖြစ်ပါသည်။
![]() |
ဓာတ်ပုံ - harvard.edu |
အဆိုပါဆိုးဆေးများ သုံးစွဲရသည့် အဓိကအကြောင်းရင်းမှာ စားသုံးသူကြိုက်နှစ်သက်အောင် အရောင်ဆွဲဆောင်မှုအနေဖြင့် အစားအသောက်တွင် ထည့်သွင်းအသုံးပြုနေကြခြင်း ဖြစ်သည်။ အရောင်ဆိုးဆေးအား အစားအသောက်များတွင် Food Colour Dye များကိုသာ သုံးစွဲခွင့်ပြုထားပြီး အခြားအန္တရာယ်ရှိသော Textile Dye များကို သုံးစွဲခွင့်မပြုပေ။ ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းတွင် လက်ရှိသုံးစွဲလျက်ရှိသော ခွင့်ပြုဓာတုပစ္စည်းများမှာ ဆိုဒီယမ်မက်တာဘိုင်ဆာလဖိတ်၊ ထရိုင်ပေါ်လီဖော့စဖိတ်၊ ဆား၊ ကလိုရင်းတို့ ဖြစ်ပါသည်။ ခွင့်မပြုဓာတုပစ္စည်းများမှာ နိုက်ထရိုဖျူရမ်၊ ကလိုရမ်ဖယ်နီကော၊ တလစိုက်ဂရင်းတို့ဖြစ်သည်။
အစားအသောက်များတွင် သုံးစွဲရန်နှင့် ခွင့်မပြုသည့် ဆိုးဆေးများသည် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေသဖြင့် အရည်အသွေးစစ်ဆေးရေးနှင့် သုတေသနစစ်ဆေးရေး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးဌာနစိတ်မှ ခွင့်ပြုဆိုးဆေးများမှာ အနီရောင်ဆိုးဆေး (Ponceau 4R, Erythrosine)၊ အဝါရောင်ဆိုးဆေး (Tartrazine)နှင့် အစားအသောက်အမျိုးအစားပေါ်မူတည်၍ ကိုဒတ်ကော်မရှင် (Codex Alimentarius)က သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် နှိုင်းယှဉ်သုံးစွဲခွင့်ပြုထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ရေထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဆိုးဆေးအန္တရာယ်ကင်းဝေးစေရန် အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် ငါးသယံဇာတရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို ငါးသယံဇာတများဖြင့် နိုင်ငံခြားငွေ ရရှိ ရေးအတွက် ပြည်ပနိုင်ငံများသို့လည်း အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဓိကတင်ပို့လျက်ရှိသော နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ ဗြိတိန်၊ မလေးရှား၊ ဂျပန်၊ ကူဝိတ်၊ ဟောင်ကောင် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး တင်ပို့သော ရေထွက်ကုန်ပစ္စည်း အများစုမှာ ငါးမြစ်ချင်း၊ ရွှံ့ကဏန်းအရှင်၊ ငါးပေါင်မှုန့်၊ ကဏန်းပျော့၊ ငါးရှဉ့်အရှင်၊ ပုစွန်၊ ငါးသလောက်၊ ငါးတံခွန်၊ ပုစွန်ဖြူ၊ ပုစွန်ခွံကြမ်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ရေထွက်ကုန်ပစ္စည်းတင်သွင်းနိုင်ရန် ပြဋ္ဌာန်းချက်များနှင့်အညီ တင်ပို့ခွင့်ရရှိသည့်စက်ရုံ ၁၇၁ ရုံရှိပြီး ပြည်ပသို့ အဓိကတင်ပို့ရသော ရေထွက်ပစ္စည်းများသည် ရေငန်ပုစွန်၊ ရေချိုပုစွန်(ရေခဲရိုက်)၊ ရေငန်ငါး၊ ရေချိုငါး၊ ကျောက်ငါး၊ ငါးရှဉ့်၊ ကဏန်း၊ ကျောက်ပုစွန်၊ ပုစွန်(အရှင်)၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးဆားနယ်၊ ငါးကြိတ်သား၊ ရေမှော်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို တင်ပို့လျက်ရှိပြီး ပြည်တွင်းစားသုံးသူများအတွက် ဆိုးဆေးအန္တရာယ် ကင်းဝေးစေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ထားချက်များမှ ကောက်နုတ်ရေးသား တင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)
No comments:
Post a Comment