January 4, 2021

လွတ်လပ်ရေး၏ အနှစ်သာရနှင့် နိုင်ငံသားတို့၏ တာဝန်

သင်းရနံ့

        ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးဟူသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်းနှင့်အတူ မိမိနိုင်ငံ၊ နယ်နိမိတ်အတွင်း နိုင်ငံသားတို့သည် မိမိတို့၏ ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့်ရှိသည်ဟု ဆိုနိုင်သည်။ ထို့ပြ င် သူတစ်ပါး၏ ဖိနှိပ်အုပ်ချုပ်မှုလက်အောက်ခံဘဝမှ ကိုယ့်မင်းကိုယ်ချင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးသားတို့၏ ခေါင်းဆောင်မှုဖြင့် တန်းတူညီမျှတရားမျှတစွာ ရပ်တည်နေထိုင်နိုင်ခြင်းလည်း ဖြစ်သည်။

        ကိုလိုနီနယ်ချဲ့တို့သည် မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် နယ်မြေသစ်ရှာဖွေခြင်း၊ သူတစ်ပါး တိုင်းပြည်ကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကိုလိုနီနယ်မြေများမှ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရုံမျှမက ရနိုင်သည့် အကျိုးအမြတ်မျိုးစုံကို ယူကြသည်။ ထို့ပြင် ကိုလိုနီလက်အောက်ခံနယ်မြေအတွင်းရှိ ပြည်သူများ၏ လုပ်အားကို အဓမ္မစေခိုင်း၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ကြသည်။ ထိုသို့ နည်းမျိုးစုံဖိနှိပ်ချုပ်ချယ်မှုများကို ခံကြရသောအခါ ပြည်သူလူထုသည် မခံမရပ်နိုင်ဖြစ်ပြီး ကိုလိုနီလက်အောက်ခံဘဝမှ လွတ်မြောက်ရန် တိုက်ပွဲဝင်ကြိုးပမ်းခဲ့ကြသည်။ တိုင်းတစ်ပါး၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်သောနေ့၊ တိုင်းပြည်၊ နိုင်ငံများအတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်၍ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိသောနေ့သည် တစ်မျိုးသားလုံး၏ လွတ်လပ်ရေးနေ့ပင် ဖြစ်သည်။

ဓာတ်ပုံ - IPRD Photo

        လွတ်လပ်ရေးသည် နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အသက်သွေးကြော ဖြစ်သည်။ လွတ်လပ်ရေး၏ အနှစ်သာရကို လွတ်လပ်ရေးဆုံးရှုံးဖူးသူတိုင်း ခံစားသိရှိနိုင်သည်။ ရှေးက မြန်မာလူမျိုးများ စည်းလုံးညီညွတ်မှုရှိခဲ့၍ အင်အားကြီးသော မြန်မာနိုင်ငံတော်ကြီးကို အကြိမ်ကြိမ် တည်ထောင်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းကာလများတွင် စည်းလုံးညီညွတ်မှု လျော့နည်းခဲ့၍ အချုပ်တန်းဆရာဖေ ရေးဖွဲ့သည့် ကဗျာပိုဒ်တွင်ပါသည့် “မြန်မာတွေ စည်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီ”ဆိုသည့်အတိုင်း မြန်မာလူမျိုးအချင်းချင်း စည်းကမ်းဖောက်ခဲ့မှုကြောင့် အချုပ််အခြာအာဏာ ဆုံးရှုံးခဲ့ရပါသည်။

        ကိုလိုနီနယ်ချဲ့တို့သည် မြန်မာလူမျိုးတို့ စည်းလုံးမှုပြိုကွဲနေသည့် အချိန်ကို အခွင့်ကောင်းယူ၍ ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဆုံးရှုံးခဲ့ရ၍ သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့သောအခါ သူ့ကျွန်မခံလိုသည့် မြန်မာတိုင်းရင်းသားခေါင်းဆောင်တို့သည် ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် လက်နက်အင်အား၊ လူအင်အား ကွာခြားသဖြင့် မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် နောက်ပိုင်း ပညာတတ်မျိုးချစ်လူငယ်များ ပါဝင်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု ပြ င်းထန်လာခဲ့သည်။ သခင်အောင်ဆန်းခေါင်းဆောင်သည့် မျိုးချစ်လူငယ်များသည် ရဲဘော်သုံးကျိပ်အဖြစ် ဖွဲ့စည်းပြီး ဂျပန်ပြည်သို့ စစ်ပညာသွားရောက်သင်ယူခဲ့သည်။ ထိုမှတစ်ဖန် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ သူ့ကျွန်မခံလိုသောကြောင့် ဇာတိသွေး၊ ဇာတိမာန်တက်ကြွကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့နှင့် အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးပြီး နိုင်ငံလွတ်လပ်ရေးကို အရယူခဲ့ကြသည်။

        အတိတ်ကာလသမိုင်းက ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကြီးကို ပြန်လည်ရယူကြရာတွင် များစွာခက်ခဲခဲ့သည်။ သို့ဖြစ်ရာ ယနေ့မျက်မှောက်ကာလတွင်လည်း ရရှိပြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာ မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရန်မှာ အလွန်အရေးကြီးပါသည်။ နိုင်ငံ၏ လွတ်လပ်ရေးကို မိမိနိုင်ငံရှိ ကိုယ်ပိုင်အင်အားဖြင့်သာ ကာကွယ်နိုင်မည်။ ကိုယ်ပိုင်အင်အားတည်ဆောက်နိုင်ရန်အတွက် နိုင်ငံသားတိုင်း မျိုးချစ်စိတ်ဓာတ်၊ ပြ ည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်များနှင့် ပြည့်စုံနေရမည်။

        မြန်မာ့သမိုင်းစဉ်တစ်လျှောက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးခြင်းမဖြစ်ရလေအောင် အစဉ်သတိပြုကြစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ နှစ်စဉ် လွတ်လပ်ရေးနေ့ကျရောက်တိုင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အလံတင်အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံအတွက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဘွဲ့ထူး၊ ဂုဏ်ထူး ချီးမြှင့်ခြင်းကိုလ်ည်း လွတ်လပ်ရေးရပြီး ကာလမှစ၍ အထင်အရှားပြုလုပ်လာခဲ့သည်။ ထိုသို့ ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် အသိအမှတ်ပြုတံဆိပ်များ ချီးမြှင့်ခြင်းဖြင့် အနာဂတ်တွင် တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် စွမ်းဆောင်နိုင်သော လူတော်လူကောင်းများ နှစ်စဉ်ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့အခမ်းအနားများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုကြား လွတ်လပ်ရေးကို ထိန်းသိမ်းလိုသောစိတ်ဓာတ်များ၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ရှင်သန်တိုးပွားစေနိုင်ပါသည်။

ဓာတ်ပုံ - IPRD Photo

        နိုင်ငံလွတ်လပ်ရေးရရန်အတွက် အသက်စွန့်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်တို့ ရယူပေးခဲ့သည့် လွတ်လပ်ရေးကြီး မဆုံးရှုံးစေရန်နှင့် လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးအဖြစ် အစဉ်ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ကြရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။

        ယနေ့ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီးအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ပြီး ကြုံတွေ့ရမည့် စိန်ခေါ်မှုအခက်အခဲများကို ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကျော်လွှားကြရမည် ဖြစ်သည်။ သို့မှသာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးသို့ အလျင်အမြန် ရောက်ရှိနိုင်ပြီး ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားခြင်းနှင့်အတူ လွတ်လပ်ရေး၏ အနှစ်သာရနှင့် အသီးအပွင့်များကို နိုင်ငံသားပြည်သူများ ရရှိခံစားနိုင်ကြမည် ဖြစ်ပေသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၈) အမှတ် (၁)

No comments:

Popular Posts