January 3, 2021

ပိုက်ဆံလျှော်စိုက်ပျိုးခြင်းနှင့် ကမ္ဘာကြီး၏ ကျန်းမာရေး

စိုးသိန်း(စိုက်ပျိုးရေး-အသုတ်)

        ယနေ့ကမ္ဘာမြေပေါ်တွင် မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ လူသားတို့ကြောင့်ပင် ပြုန်းတီးလျက်ရှိနေသည်။ ကမ္ဘာ့လူဦးရေသည် နေ့စဉ်တိုးပွားလျက်ရှိရာ မြို့ပြများတွင် လူနေမှုသိပ်သည်းမွန်းကြပ်လာပြီး နေထိုင်ရန် မြို့ကြီးများ၌ နေရာလုံလောက်မှု မရှိသောအခါ လူသားတို့နေထိုင်မှု အဆင်ပြေစေရေးအတွက် မြို့သစ်များ တိုးချဲ့တည်ဆောက်ခဲ့ကြရသည်။

        သစ်တောများပြုန်းတီးမှုကြောင့် မြေဆီလွှာဖွဲ့စည်းမှုပျက်စီးပြီး အပေါ်ယံမြေဆီလွှာများအား ရေတိုက်စား၍ မြေဆီလွှာရှိအာဟာရဓာတ်များ ဆုံးရှုံးခြင်း၊ မြေဆီလွှာသည် မိုးရွာခြင်းမှရရှိလာသောရေကို မထိန်းသိမ်းနိုင်၍ မြစ်ချောင်းများထဲသို့ အလျင်အမြန် စီးဝင်ပြီး မြစ်ရေကြီးခြင်း၊ ဆက်စပ်၍ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ရေကြီးရေလျှံဖြစ်၍ စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများပျက်စီးခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ကုန်းတွင်းပိုင်းသို့ မုန်တိုင်းအမျိုးမျိုး အလွယ်တကူ ဝင်ရောက်ပြီး လူသားတို့ သဘာဝဘေးဒုက္ခအမျိုးမျိုးကို ခံစားနေကြရပါသည်။

        သစ်တောများပြုန်းတီးမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ဝင်ရိုးစွန်းရှိ ရေခဲတောင်များ အရည်ပျော်လာခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့ကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းအမျိုးမျိုးဝင်ရောက်ခြင်းတို့သည် ကမ္ဘာကြီး၏ အားနည်းချို့တဲ့လာသော ကျန်းမာရေးကြောင့်ပင် ဖြစ်သည်။

        အာဟာရဓာတ်ချို့တဲ့ အားနည်းနေသော ကမ္ဘာမြေတွင် စိုက်ပျိုးသောသီးနှံတို့သည်လည်း အာဟာရပြည့်ဝမှုမရှိ၍ ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်မရှိသောကြောင့် ဓာတုပိုးသတ်ဆေးများကို သုံးစွဲရပြီး ဆေးအမျိုးမျိုးတို့၏ ဓာတ်ကြွင်းအာနိသင်များ၊ ထွက်ကုန်သီးနှံများတွင် ကျန်ရှိနေပြီး ၎င်းသီးနှံများကို စားသုံးရသော လူသားတို့တွင်လည်း ရောဂါထူပြောလာခြင်း၊ ကင်ဆာရောဂါဝေဒနာအမျိုးမျိုးခံစားလာရခြင်း၊ ဆေးကုသစရိတ် ကုန်ကျလာခြ င်း စသည့် အထွေထွေ ဒုက္ခဖိစီးမှုများကြောင့် စီးပွားရေးကျဆင်းကာ လူနေမှုဘဝလည်း နိမ့်ကျလာခဲ့ရပေသည်။

        ကမ္ဘာကြီး၏ ကျန်းမာရေးနှင့် ရာသီဥတုပြောင်းလဲမှုသည် အချိုးညီလျက်ရှိပြီး ရာသီဥတုပြောင်းလဲလာမှုသည် ဆယ်စုနှစ်တစ်ခုမက နှစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်၍ လူသားများ ဂရုပြုမိသည်။ မိခင်ကမ္ဘာမြေ ကြီး၏ ကျန်းမာရေးချို့တဲ့မှု စတင်ခဲ့သည်မှာလည်း ရာသီဥတုပြောင်းလဲမှုနှင့် ထပ်တူထပ်မျှ ရှိနေပြီဆိုလျှင် မမှားနိုင်ပါ။

        လူသားများမှီခိုနေထိုင်ရာ မိခင်ကမ္ဘာကြီး၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် အသိဉာဏ်ရှိသောလူသားများကိုယ်တိုင် ပြန်လည်စောင့်ရှောက်လာရန် တာဝန်ရှိပေသည်။

        ကမ္ဘာကြီးပူနွေးလာမှုသည် ကမ္ဘာကို မှန်လုံအိမ်ဓာတ်ငွေ့များ ဝန်းရံအုံ့ဆိုင်းနေမှုကြောင့် ဖြစ်သည်။ မှန်လုံအိမ်ဓာတ်ငွေ့များ များပြားလာရခြင်းမှာလည်း သစ်တောပြုန်းတီးခြင်း၊ တောပျော်သော တိရစ္ဆာန်များ မျိုးသုဉ်းလာပြီး ဂေဟစနစ်ပျက်စီးလာခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လူသားတို့သည် အပူဒဏ်ခံနိုင်ရေးအတွက် သစ်တောများ၊ သစ်ပင်များ ပြန်လည်အစားထိုးစိုက်ရမည့်အစား ခေတ်မှီနည်းပညာများ အသုံးပြုကာ အအေးခန်းများ၊ ရေခဲသေတ္တာများ အသုံးပြုလာခြင်း၊ သွားလာမှုလွယ်ကူစေရန် ယာဉ်အမျိုးမျိုး အသုံးပြုခြင်း၊ ယာဉ်အမျိုးမျိုးတိုင်းတွင် Aircon များ ပါရှိခြင်း၊ သန့်ရှင်းမှုအတွက် ဖုန်စုပ်စက်၊ အမှုန်စုပ်စက်များ သုံးစွဲခြင်း လူသုံးကုန်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ပစ္စည်းများ၊ ရေမြှုပ်ခွက်အမျိုးမျိုး ထုတ်လုပ်ခြင်း စသည့် ခေတ်မှီ အသုံးအဆောင်များဖြင့် သဘာဝကိုအန်တုပြိုင်ခြင်းမှ ထွက်ပေါ်လာသည့် ဓာတ်ငွေ့များသည် မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်ပြီး ကမ္ဘာကြီးကို ဝန်းရံပတ်၍ ပိုမိုပူနွေးစေပြန်ပါသည်။ ကမ္ဘာကြီး အပူရှိန်မြင့်တက်လာမှုနှင့်သဘာ်ပတ်ဝန်းကျင် ပျက်စီးမှုသည်လည်း တိုက်ရိုက်အချိုးကျလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးရခြင်း၏ အကြောင်းရင်းများကို ဖော်ပြရမည်ဆိုပါက များစွာရှိနေပေသည်။

        ကမ္ဘာကြီးကို ဝန်းရံထားသည့် မှန်လုံအိမ်ဓာတ်ငွေ့ (၆) မျိုးရှိပါသည် -

        (၁) Carbon Dioxide (CO2)

        (၂) Methane (CH4)

        (၃) Nitrous Oxide (N2O)

        (၄) Hydrofluorocarbon (HFC3)

        (၅) Perfluorocarbon (PFC3)

        (၆) Sulphur Hexafluoride (SF6)

        ဖော်ပြပါ ဓာတ်ငွေ့အားလုံးသည် ကမ္ဘာကြီးကို မှန်လုံအိမ်သဖွယ် ဝန်းရံလျက်ရှိနေပေသည်။ နေရောင်မှဖြာထွက်လာသော ရောင်ခြည်သည် ကမ္ဘာ့လေထုကိုဖြတ်၍ ကမ္ဘာမြေသို့ ကျရောက်ပြီး ကမ္ဘာမြေမှ အပူဓာတ်ကို စုပ်ယူထားကာ တချို့ကိုလေထုထဲသို့ ဖြာထွက်စေလျက် ပြန်လည်ဖြာထွက်လာသော အပူလှိုင်းကို မှန်လုံအိမ်ဓာတ်ငွေ့များမှ စုပ်ယူပြီး ပတ်ဝန်းကျင်ကို အပူလှိုင်း ပြန်လည်ဖြာထွက်၍ လေထုအောက်လွှာ ပူနွေးကာ ကမ္ဘာကြီးကို ပူနွေးမှုဖြစ်ပေါ်စေပါသည်။

        သိပ္ပံပညာရှင်များ သုတေသနတွေ့ရှိချက်အရ သစ်တောတစ်ဟက်တာသည် ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို တစ်နှစ်လျှင် တန် ၂၀ စုပ်ယူပြီး၊ အောက်ဆီဂျင် ၁၅ တန်ကို ထုတ်လုပ်ပေးသည်ဟု သိရှိရပါသည်။ သစ်တောဆိုသည်မှာ အပင်အကွာအဝေး အတိအကျမရှိ ပျံ့နှံ့ပေါက်ရောက်နေသော သစ်တောကို ဆိုလိုသည်။ ပိုက်ဆံလျှော်သည် မြေနေရာလစ်လပ်မှုမရှိ၊ မြေပြင်တွင်ကြဲပက်၍ အပြည့်စိုက်ပျိုးပေါက်ရောက်သော အပင်များဖြစ်၍ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုနှင့် အောက်စီဂျင်ထုတ်လုပ်ပေးမှုမှာ သစ်တောနှင့်နှိုင်းယှဉ်ပါက ပိုမိုသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး၊ အောက်စီဂျင်ထုတ်လုပ်ပေးသော စက်ရုံကြီးသဖွယ် တင်စားရမည်ဖြစ်ပေသည်။ ကမ္ဘာကြီးကို ပူနွေးစေသော ဓာတ် ၆ မျိုးတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အများဆုံးအပူထုတ်လုပ်သော ဓာတ်တစ်မျိုးဖြစ်ပါသည်။

ဓာတ်ပုံ - Thar Htetsoe soung

        ယနေ့အခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ပညာပေးလျက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ပိုက်ဆံလျှော်မျိုးစေ့အား တောင်သူများသို့ အခမဲ့ဖြန့်ဝေပြီး၊ နည်းပညာပေးခြင်း၊ ထယ်ရေးအတွက် အကူအညီပေးခြင်း၊ တောင်သူများ စိတ်ဝင်စားစေရန်အတွက် အကျိုးဆောင်တောင်သူများ၏ သစ်စိမ်းမြေဩဇာမြေထဲသို့ ထည့်သွင်းပွဲတွင် တိုင်းဒေသကြီး အကြီးအကဲများကိုယ်တိုင် ကြွရောက်အားပေးခြင်း၊ ရှင်းလင်းပြသခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးရာတွင် ၄၅ ရက်သားမှ ၆၀ ရက်သားအတွင်း ထယ်ထိုး၊ ထွန်ယက်၊ မြေမြှုပ်၍ သစ်စိမ်းမြေဩဇာအဖြစ် ဆောင်ရွက်ခဲ့သဖြင့် စိုက်ပျိုးမြေတစ်ဧကလျှင် နိုက်ထရိုဂျင် ၈၆ ပေါင်၊ ဖော့စ်ရပ်စ် ၁၁ ပေါင်၊ ပိုတက်ဆီယမ် ၄၈ ပေါင် ရရှိပြီး၊ ကမ္ဘာကြီးကိုပူနွေးစေမည့် ပုလဲဓာတ်မြေဩဇာ(ယူရီးယား) ထည့်သွင်းရန် မလိုအပ်တော့ပေ။ သီးနှံစိုက်ခင်းများတွင် ပုလဲမြေဩဇာထည့်သွင်းမှုကြောင့် ကမ္ဘာကြီးကို ပူနွေးစေသောမှန်လုံအိမ်ဓာတ်ငွေ့ခြောက်မျိုးမှ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထွက်ပေါ်စေသည့်အတွက် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာပြုလုပ်ခြင်းဖြင့် ပုလဲဓာတ်မြေဩဇာထည့်စရာမလိုသည့်အတွက် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို လျော့ပါးစေပါသည်။

        ပိုက်ဆံလျှော်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာသုံးစွဲခြင်းကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ခြောက်မျိုးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရပ်အောက်ဆိုဒ် လျှော့ချပေးသဖြင့် ကမ္ဘာကြီးပူနွေးမှုကို သက်သာစေပြီး လူသားတို့၏ အခြားသော ဇိမ်ခံပစ္စည်းများ သုံးစွဲခြ င်းမှ လျှော့ချနိုင်ပါသောကြောင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသည့် အိုဇုန်းလွှာကိုပျက်စီးစေသော Hydrofluorocarbon (HFC3)ကို လျော့ပါးစေပြန်ပါသည်။ မှန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပေးခြင်းကြောင့် အိုဇုန်းလွှာပျက်စီးမှုကို လျော့ပါးစေပြီး လူသားတို့နှင့် ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေမည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကို ကာကွယ်ပေးခြင်း၊ ခရမ်းလွန်ရောင်ခြည်ကြောင့် လူသားတို့တွင်ဖြစ်ပေါ်လာမည့် အရေပြားကင်ဆာ၊ မျက်စိအကြည်လွှာ ပျက်စီးခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိစေသည့်အပြင် ကမ္ဘာကြီးကို မှီတင်းနေထိုင်နေကြပါသော လူသားနှင့် တိရစ္ဆာန်တို့အတွက် လိုအပ်သော အောက်ဆီဂျင်ကိုလည်း ပိုမိုရရှိ၍ မွန်းကျပ်နေသော ကမ္ဘာကြီး၏ ကျန်းမာရေးကို ကယ်တင်ရာရောက်ပေသည်။

        ပိုက်ဆံလျှော် (Sun hemp)သည် ပဲမျိုးရင်း (Leguminous) ဖြစ်ပြီး မျိုးနွယ်စုအနေဖြင့် Crotalarias သိပ္ပံအမည် Crotalaria juncea ဖြစ်၍ မူရင်းဒေသအဖြစ် အိန္ဒိယနိုင်ငံဖြစ်ပါသည်။ မျိုးကွဲအနေနှင့် ခုနစ်မျိုးရှိပြီး Narendrasanai 1, PAU 1691, Ankur, Swastik, Shailesh, T6, K12 စသည်တို့ဖြစ်ပါသည်။ ပိုက်ဆံလျှော်ကိုတောင်သူများအတွက် သစ်စိမ်းမြေဩဇာ (Green manure) အသုံးပြုပါက ကြဲပက်စိုက်ပျိုးနိုင်ပြီး တစ်ဧကမျိုးလေးပြည် (20 kg) နှုန်းသုံး၍ မျိုးစေ့ထုတ်နှင့် လျှော်အတွက် အသုံးပြုပါက တစ်ဧက နှစ်ပြည် (10 kg) အတန်းစနစ်ဖြင့် တန်းကြား (45 cm)၊ ပင်ကြား (3-4 cm) စိုက်ပျိုးရပါသည်။ သစ်စိမ်းမြေဩဇာသုံးစွဲပါက ၄၅ ရက်သားမှ ၆၀ ရက်သားအတွင်း အသုံးပြုရပြီး အစိုအလေးချိန် တစ်ဧက ခြောက်တန်မှ ၁၀ တန်အထိ ထွက်ရှိပြီး၊ မျိုးစေ့ထုတ်ပါက ရက် ၁၅၀ သားတွင် ရင့်မှည့်ပြီးဖြစ်၍ ရိတ်သိမ်းမျိုးစေ့ ထုတ်ယူနိုင်ပါသည်။ တစ်ဧကလျှင် မျိုးစေ့အဖြစ် ခြောက်တင်းမှ ၁၀ တင်းအထိ ထွက်ရှိနိုင်ပါသည်။ လျှော်အဖြစ် အသုံးပြုပါက ရက် ၁၀၀ မှရက် ၁၂၀ ခန့်တွင် ခုတ်သိမ်း၍ ဂုန်လျှော်ကဲ့သို့ လျှော်ထုတ်နိုင်ပြီး လူသုံးကုန်ပစ္စည်းများ ရက်လုပ်နိုင်ပါသည်။

        ပိုက်ဆံလျှော်မြေဩဇာသုံးစွဲခြင်းဖြင့်လည်း ကမ္ဘာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိပြန်ပါသည်။ ပိုက်ဆံလျှော်မှ သစ်စိမ်းမြေဩဇာအဖြစ် ရရှိလာသော အာဟာရတန်ဖိုးမှာလည်း နိုက်ထရိုဂျင် ၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ် သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ ပိုတက်ရှ် ၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၅၆ ရာခိုင်နှုန်း ရရှိစေပါသည်။ မြေဆီလွှာရေတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး သစ်ဆွေးဓာတ်များစွာရရှိသောကြောင့် မြေတွင်းရှိ အာဟာရဓာတ်များကို တာရှည်စွာထိန်းသိမ်းထားနိုင်ခြင်း၊ မြေတွင်းရှိအကျိုးပြု Effective microbe များကို ပွားများစေနိုင်ခြင်း၊ မြေအောက်ရှိ အာဟာရဓာတ်များကို မြေပေါ်သို့ဆွဲယူစေပြီး စိုက်ပျိုးသီးနှံများ အလွယ်တကူစားသုံးစေနိုင်ခြင်း၊ မြေဆီလွှာတွင်း လေဝင်လေထွက် ကောင်းမွန်စေခြင်းတို့အပြင် ပိုက်ဆံလျှော်သည် မြေဆီလွှာမရွေးကြီးထွားသော အပင်ဖြစ်၍ လျင်မြန်စွာကြီးထွားမှုနှင့်အတူ မြေပြင်ရှိပေါင်းပင်များကို ဖုံးအုပ်ပြီး ပေါင်းပင်များကို နေရောင်ခြည်ရရှိမှုမှ ကာကွယ်ပေးသည့်အတွက် ပေါင်းပင်များ မကြီးထွားနိုင်ခြင်း၊ သေကြေပျက်စီးရခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု နည်းပါး၍ ထွက်ကုန်သီးနှံများတွင် ဓာတ်ကြွင်းအန္တရာယ်ကင်းရှင်းပြီး သီးနှံအရည်အသွေးမြင့်မားခြင်း၊ စားသုံးမှုအန္တရာယ် ကင်းရှင်းခြင်း၊ သီးနှံဈေးကောင်းရရှိခြင်း၊ ထုတ်လုပ်မှုစရိတ်သက်သာ၍ စီးပွားရေးအရတွက်ခြေကိုက်ခြင်း၊ ပိုက်ဆံလျှော်၏ပန်းပွင့်သည် အဝါရောင်ရှိပြီး ပန်းနှမ်းခင်းကဲ့သို့ တစ်ခင်းလုံး တစ်ပြိုင်တည်းပွင့်သောကြောင့် ပန်းဝတ်ရည်စုပ် ပျားပိတုန်းများကို ဆွဲဆောင်မှုရှိပါ၍ ပျားမွေးမြူရေးအတွက်လည်း အသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီး၏ ကျန်းမာရေးကို ကယ်တင်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)

No comments:

Popular Posts