January 2, 2021

ခရမ်းချဉ်သီးရဲ့ ကျန်းမာရေး အကျိုးပြုနိုင်မှုများ

ဒေါက်တာစိန်လှဗိုလ်

        ခရမ်းချဉ်သီးဟာ အာဟာရဓာတ်များနဲ့ ပြည့်ဝနေပြီး လူခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုပေးတဲ့ ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်များက လူသားများရဲ့ အရေပြားကျန်းမာရေး၊ ခန္ဓာကိုယ်အလေးချိန်လျှော့ချရေးနဲ့ နှ လုံးကျန်းမာရေးတို့အတွက်လည်း အကျိုးပြုထောက်ပံ့ကူညီပေးပါတယ်။ ယခုအခါ ခရမ်းချဉ်သီးကို ကမ္ဘာ့နိုင်ငံများမှာ စုံမက်စွာ စားသုံးနေကြပါပြီ။

        သို့သော် ခရမ်းချဉ်ပင်ဟာ အဆိပ်ရှိတဲ့ ပဒိုင်းပင်မျိုးရင်းမှာ ပါဝင်နေတဲ့အတွက် ယခင် နှစ် ၂ဝဝ ခန့်က အမေရိကန်ပြည်ထောင်စုမှာ ခရမ်းချဉ်သီးကို အဆိပ်ရှိတဲ့အသီးအဖြစ် တွေးထင်ခဲ့ကြကြောင်း သိရပါတယ်။ ယခုအခါ ခရမ်းချဉ်သီးဟာ ဟင်းသီးဟင်းရွက်သီးနှံများအနက် ကမ္ဘာ့နံပါတ်(၄)နေရာတွင် ရှိနေပါတယ်။ နံပါတ်(၁)တွင် အာလူး၊ နံပါတ်(၂)တွင် ဆလတ်ရွက်နဲ့ နံပါတ်(၃)နေရာတွင် ကြက်သွန်နီတို့က နေရာယူထားကြပါတယ်။

        ခရမ်းချဉ်သီးကို လတ်ဆတ်စွာ စားသုံးမှုများသော်လည်း ဒေသအလိုက်၊ လူမျိုးအလိုက် စားသုံးနည်းမတူကြတာကိုလည်း တွေ့ရပါတယ်။ ခရမ်းချဉ်သီးတွင် မျိုးများစွာ မွေးမြူထုတ်လုပ်နေကြပြီး ယနေ့စိုက်ပျိုးနေကြသည့် ခရမ်းချဉ်သီးမျိုးအများစုမှာ ‘‘စပ်မျိုး’’များ ဖြစ်နေကြပါပြီ။ နိုင်ငံအလိုက်၊ လူမျိုးအလိုက်၊ ဒေသအလိုက် ခရမ်းချဉ်သီးစားသုံးနည်းများ မတူကွဲပြားကြသကဲ့သို့ စိုက်ပျိုးထုတ်လုပ်နေကြတဲ့မျိုးများမှာလည်း မတူကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ - -i2-prod.irishmirror.ie

        မြန်မာနိုင်ငံမှာလည်း ဒေသအလိုက် ခရမ်းချဉ်သီးစိုက်ပျိုးချိန် မတူညီကြသကဲ့သို့ စိုက်ပျိုးတဲ့ခရမ်းချဉ်မျိုးများလည်း မတူကြပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီးရဲ့ အသီးပုံအရ အဓိကမျိုးအုပ်စုနှစ်မျိုးကို စိုက်ပျိုးထုတ်လုပ်ရောင်းချနေကြတာကို တွေ့ရပါတယ်။ အများဆုံး ရောင်းချစားသုံးနေကြတဲ့ မျိုးအုပ်စုမှာ အသီးလုံးဝိုင်း၊ လုံးဝိုင်းရှည် သဏ္ဌာန်ရှိပြီး အသီးခွံချော၍ မှည့်လျှင် အနီရောင်ရှိကြတဲ့ မျိုးအုပ်စုဖြစ်ပါတယ်။

        နောက်မျိုးအုပ်စုကတော့ အသီးပုံ အနည်းငယ်ပြားနေပြီး အသီးခွံမှာ မချောဘဲအချိုင့်များ ပါနေပါတယ်။အရပ်ဒေသအခေါ်ကတော့ ‘‘ကျားခြေရာသီး’’ဖြစ်ပြီး စျေးကွက်များမှာမူ ‘‘ကိုင်းသီး’’လို့လည်း ခေါ်ဆိုရောင်းချနေကြတာကို တွေ့ရပါတယ်။ ထမင်းစားပြီး အချိုတည်းတဲ့ ‘‘ချယ်ရီခရမ်းချဉ်’’မျိုးကိုမူ  စိုက်ပျိုးထုတ်လုပ်မှု နည်းနေသေးတာကို တွေ့ရပါတယ်။ ယခုအခါ နိုင်ငံတကာမှာ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများစားသုံးမှု ခေတ်စားလာနေပါတယ်။

        အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးရန်အတွက် စပ်မျိုးခရမ်းချဉ်မျိုးများထက် သဘာဝအတိုင်း ဝတ်မှုန်ကူးမျိုးစေ့ရယူထားတဲ့ ခရမ်းချဉ်မျိုးများကို အသုံးပြုရန် တိုက်တွန်းလာနေကြပါတယ်။ ထို့ကြောင့် ရှေးကာလကတည်းက စိုက်ပျိုးလာခဲ့ကြတဲ့ ခရမ်းချဉ်မျိုးများကို ပြန်လည်ရှာဖွေဖော်ထုတ် စိုက်ပျိုးလာကြတာကိုလည်း တွေ့ရပါတယ်။

        မြန်မာနိုင်ငံမှာလည်း ယခင်က နာမည်ကြီးပြီး အသုံးများခဲ့ကြတဲ့ သဘာဝအရ ဝတ်မှုန်ကူးမျိုးစေ့ချယူကြတဲ့ ပျဉ်းမနားယိုမျိုး၊ ကျောက်မဲခေါင်းစိန်၊ သာစည်ကျားခြေရာ၊ ဘောလုံးမျုိးစတဲ့ ဒေသမျိုးဟောင်းများကို ပြန်လည်ရှာဖွေဖော်ထုတ်ကာ အော်ဂဲနစ်စနစ် စိုက်ပျိုးရေးတွင် အသုံးပြုသင့်ပါတယ်။

        အစားအစာများတွင် ခရမ်းချဉ်သီး ပါဝင်စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်ရာတွင် ကူညီပေးနိုင်ကြောင်း၊ ကျန်းမာနေစေရန် သွေးဖိအားကို ထိန်းသိမ်းပေးထားနိုင်ခြင်းနဲ့ သွေးချိုဆီးချိုရောဂါ ရှိနေသူများအတွက် သွေးတွင်းဂလူးကို့စ် သကြားပမာဏကို လျှော့ချပေးစေနိုင်ကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးတွင် လူတိန်းနဲ့ လိုက်ကိုပင်းတို့ကဲ့သို့သော အဓိကကျတဲ့ ကယ်ရိုတီနွိုက်များ ပါဝင်နေတဲ့အတွက် အလင်းရောင်ကြောင့် မျက်စိကို ဒဏ်ရာမဖြစ်စေရန် ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းလိုက်စားသုံးမှုအပြင် ဘာဂါ၊ ပေါင်မုန့် အသားညှပ် ခေါ် ဆင်းဒဝစ် တို့တွင်လည်း ထည့်သွင်းစားသုံးလေ့ ရှိသကဲ့သို့ ဆော့စ်များ၊ ဖျော်ရည်များ ပြုလုပ်ပြီးလည်း စားသုံးကြပါတယ်။

ဓာတ်ပုံ - myanmarprivat

        ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် ရောဂါများမဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။ သို့သော် ရရှိစေနိုင်တဲ့ အကျိုးကျေးဇူး အနည်းအများဟာ စားသုံးတဲ့ ခရမ်းချဉ်သီးအမျိုးအစားအပေါ် မူတည်နေတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးစားသုံးခြင်းက အဝလွန်မှုကို ကာကွယ်ပေးနိုင်သလို ဗီတာမင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်ဓာတ်များစွာ ပါဝင်နေတဲ့အတွက် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ‘‘ဖရီးရာဒီကယ်’’ (Free radicals) များ ဖြစ်ပေါ်မှုကို တိုက်ဖျက်ချေမှုန်းပေးစေနိုင်ပါတယ်။

        မကြာမီက ရေးသားဖော်ပြခဲ့တဲ့ သုတေသနစာတမ်းအဆိုအရ ဘီတာကယ်ရိုတင်းဓာတ် ပမာဏများစွာစားသုံးပေးခြင်းဖြင့် ယောက်ျားများတွင် သုက်ရည်လွှတ်ပေးသော အကျိတ်ကင်ဆာမဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ထို့အပြင် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုက်ကိုပင်းဓာတ်ဟာလည်း ပရော့စတိတ်ကင်ဆာကို ကာကွယ်ပေးနိုင်မှုနဲ့ ဆက်စပ်နေကြောင်း သိရှိရပါတယ်။ လိုက်ကိုပင်းဓာတ်ဟာ ခရမ်းချဉ်သီးမှည့်လာသော် အနီရောင်ဖြစ်လာစေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနအရ ဘီတာကယ်ရိုတင်းဓာတ်ပါတဲ့ အစားအစာများကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာမဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

        ဆားဓာတ်ကို လျှော့စားခြင်းဖြင့် သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။ ထို့အတူ ပိုတက်စီယမ်ဓာတ်များနေခြင်းဖြင့်လည်း သွေးကြောလေးများကို ချဲ့ပေးစေနိုင်တဲ့အတွက် ဆားဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ကို ချိန်ညှိစားသုံးခြင်းဖြင့် သွေးဖိအားကို ထိန်းပေးစေနိုင်မှာဖြစ်ပါတယ်။ လူတစ်ဦး တစ်နေ့ ပိုတက်စီယမ်ဓာတ်ပမာဏ ၄၇ဝဝ မီလီဂရမ်ခန့်ထိ စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

        ချယ်ရီခရမ်းချဉ်သီးတွင် ဗီတာမင်စီဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်နဲ့ ခိုလင်းဓာတ် (Choline)တို့ ပါဝင်နေတဲ့အတွက် နှလုံးကျန်းမာရေးကို အားပေးစေနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကို စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်မှု လျော့နည်းသက်သာစေနိုင်တဲ့အပြင် ကြွက်သားများ မပျက်စီးစေရန် ကာကွယ်ပေးခြင်း၊ အရိုးတွင်း သတ္တုဓာတ်ပမာဏကို ထိန်းညှိပေးခြင်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

        ခရမ်းချဉ်သီးတွင် ဖိုးလိတ်ဓာတ် (Folate)လည်း ပါဝင်နေပါတယ်။ ပရိုတိန်းဓာတ်ပြိုကွဲရာမှ ရရှိလာတဲ့ ဟိုမိုစစ်စတိန်း (Homocysteine) ခေါ် အမိုင်နိုအက်ဆစ်ဓာတ်ဟာ နှလုံးကို ထိခိုက်ကာ လေဖြတ်စေနိုင်သည့်အတွက် ဖိုးလိတ်ဓာတ်ဖြင့် ဟိုမိုစစ်စတိန်းဓာတ်ပမာဏကို ထိန်းညှိပေးနိုင်တဲ့အတွက် နှလုံးရောဂါရရှိစေ မှု၊ လေဖြတ်စေမှုကို ကာကွယ်ပေးစေနိုင်ပါတယ်။

        အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာများကို စားသုံးခြင်းဖြင့် အမျိုးအစား(၁) သွေးချိုဆီးချိုရောဂါရဲ့ သွေးတွင်းဂလူးကို့စ်သကြားပမာဏကို လျှော့ချပေးစေနိုင်သကဲ့သို့ အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါသမားများရဲ့ သွေးတွင်းသကြားဓာတ်၊ လိုက်ပစ်ဓာတ် (Lipid) နဲ့ အင်ဆူလင်ပမာဏများ တိုးတက်ကောင်းမွန်စေနိုင်ကြောင်း သိရပါတယ်။ 

        ချယ်ရီခရမ်းချဉ် လက်တစ်ဆုပ်စာတွင် အမျှင်ဓာတ် နှစ်ဂရမ်ပါဝင်ပါတယ်။ အာဟာရပညာရှင်များ အဆိုပြုထားတဲ့ တစ်နေ့စားသုံးရန် အမျှင်ဓာတ်ပမာဏမှာ အမျိုးသားများ ၃၈ ဂရမ်နဲ့ အမျိုးသမီးများ ၂၅ ဂရမ်ဖြစ်ပါတယ်။ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုများတဲ့ ခရမ်းချဉ်သီးကဲ့သို့ အစားအစာများကို စားခြင်းဖြင့် ဝမ်းချုပ်မှု မဖြစ်စေနိုင်ပါ။ ခရမ်းချဉ်သီးကို ဝမ်းချူသီးအဖြစ်ပင် ဖော်ပြကြပါတယ်။

        ခရမ်းချဉ်သီးတွင် ပါဝင်မှုများတဲ့ လိုက်ကိုပင်းဓာတ်၊ လူတိန်းဓာတ်(Lutein)နဲ့ ဘီတာကယ်ရိုတင်းဓာတ်များဟာ စွမ်းရည်ထက်မြက်တဲ့ အင်တီအောက်ဆီးဒင့်ဓာတ်များဖြစ်ကြပြီး အလင်းရောင်ကြောင့် မျက်စိထိခိုက်စေမှုနဲ့ အတွင်းတိမ်ဖြစ်မှုများမှ ကာကွယ်ပေးနိုင်သကဲ့သို့ အသက်ကြီးလာခြင်းကြောင့် မျက်စိမှုန်လာမှုကိုလည်း လျော့နည်းသက်သာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်စီဓာတ်လည်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်တွင်း ‘‘ကိုလာဂျင်’’ (Collagen) ဓာတ် ထုတ်လုပ်ပေးရန် ဗီတာမင်စီဓာတ်အပေါ် တည်မှီနေပါတယ်။

        ကိုလာဂျင်ဓာတ်ဟာ အသားအရေ၊ ခြေသည်းလက်သည်းနဲ့ ဆံပင်များရဲ့ ကျန်းမာရေးအတွက် လိုအပ်ပါတယ်။ ဗီတာမင်စီဓာတ်ဟာ အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့် ဖြစ်ပါတယ်။ ဗီတာမင်စီစားသုံးပေးတဲ့အတွက် လေ၊ ရေနဲ့ မီးခိုးများကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုနဲ့ နေရောင်ကြောင့် ဖြစ်လာရတဲ့ ပျက်စီးမှုများကိုလျော့နည်းစေနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ချို့တဲ့သော် အသားအရေတွန့်ခြင်း၊ အသားအရေအိတွဲကျနေခြင်းနဲ့ အမည်းကွက်များဖြစ်ခြင်းစတဲ့ အသားအရေပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

        ကိုယ်ဝန်ဆောင်မိခင်များဟာ ဖိုးလိတ်ဓာတ်ကို မှီဝဲကြရန် လိုပါတယ်။ သို့အတွက် ဖိုးလစ်အက်ဆစ်အဖြစ် လူသားများ ဖန်တီးထုတ်လုပ်ထားတဲ့ ဆေးများကို ဖိုးလိတ်ဓာတ်အစားထိုးအဖြစ် စားသုံးနေကြရပါတယ်။ ခရမ်းချဉ်သီးမှ သဘာဝဖိုးလိတ်ဓာတ် ပါဝင်နေတဲ့အတွက် ခရမ်းချဉ်သီးကို စားသုံးပေးခြင်းဖြင့် ဖိုးလိတ်ဓာတ်ကို ရရှိစေနိုင်ပါတယ်။

        သို့သော် ခရမ်းချဉ်သီးဟာ ကမ္ဘာပေါ်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုများတဲ့ ထိပ်ပိုင်းဟင်းသီးဟင်းရွက် ၁ဝ မျိုးမှာ ပါဝင်နေတဲ့အတွက် အစိမ်း (သို့မဟုတ်) ချက်ပြုတ်မစားသုံးမီ အသီးများကို ရေနဲ့ သန့်စင်ဆေးကြောပေးကြရန် လိုအပ်မှာဖြစ်ပါတယ်။ ဖြစ်နိုင်ပါက အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးများကို ရွေးချယ်စားသုံးသင့်ပါတယ်။ ခရမ်းချဉ်သီးမှာ ပိုတက်စီယမ်ဓာတ်ပါဝင်မှုများတဲ့အတွက် နှလုံးရောဂါဆေးများ သောက်သုံးနေသူများ စားသုံးပါက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ ထို့ကြောင့် နှလုံးရောဂါရှိသူများ ခရမ်းချဉ်သီးကို သင့်တော်ရုံသာ စားသုံးပေးသင့်ကြောင်း အဆိုပြုထားပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၉)

No comments:

Popular Posts