အောင်ရဲကျော်(အညာမြေ)
မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပ်ငန်းကို ကျေးလက်တောရွာများတွင် အများဆုံးပြုလုပ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် ကျေးလက်တောရွာများသာမက မြို့ပေါ်များတွင်လည်း ပျားမွေးမြူရေး နည်းပညာများ တီထွင်ဖန်တီးမွေးမြူကြသည်ကို တွေ့ရှိရသည်။ သို့သော် သဘာ၀ပျားရည်စစ်စစ်ရရှိရန်အတွက်ဆိုလျှင် အသီးအပွင့်ပေါများသော ပတ်ဝန်းကျင်နှင့် တောရွာများတွင်သာ ရရှိနိုင်ပေသည်။ ထို့ကြောင့် ပျားမွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးပညာရှင်တစ်ဦးအား မေးမြန်းထားသည်ကို တင်ပြပေးလိုက်ရပါသည်။
မေး။ မင်္ဂလာပါဆရာ။ ပျားမွေးမြူရေးနှင့်ပတ်သက်ပြီး ဘယ်လိုမွေးမြူသင့်တယ်။ ဘာတွေလိုအပ်တယ်။ ဘယ်လိုပျားအမျိုးအစားတွေကို ရွေးချယ်မွေးမြူသင့်တယ်ဆိုတာကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံမှာ ပျားမျိုးများစွာရှိပါတယ်။ ယင်းတို့အနက်မှ လူသိများသော ပျားတွေ ကတော့ ပျားခရု၊ သစ်ခေါင်းပျား၊ ပျားချဉ်၊ ယင်ပျား၊ ပျားနံ သို့မဟုတ် ပျားကြီး၊ ခွေးပေးပျား၊ ပဆွတ်နီပျား၊ ပျားသန်၊ မြေပျား၊ ပျားခေါင်း၊ နေရောင်ကာပျားတို့ ဖြစ်ပါတယ်။ ယင်းပျားအားလုံးအနက် ဝတ်ရည်စုပ်ပျားများဟုခေါ်သော ပျားကြီး၊ ယင်ပျားနှင့် သစ်ခေါင်းပျားများကို မွေးမြူကြပါတယ်။ ဝတ်ရည်စုပ်ပျားများသည် ပျားရည်အထွက်ကောင်းသော ပျားများဖြစ်ပါတယ်။
ဘယ်လိုမွေးမြူသင့်သလဲဆိုတော့ ပျားမွေးရာမှာ ပျားတို့၏ ပင်ကိုသဘာ၀အလေ့အကျင့်များကို သိရှိထားရန် အရေးကြီးပါတယ်။ နောက်ပြီး မိမိမွေးမြူမည့် နေရာဒေသ၏ ရာသီဥတုအခြေအနေနှင့်အညီ သင့်လျော်သော ဝတ်ရည်စုပ်ပျားများကို ရွေးချယ်မွေးမြူသင့်ပါတယ်။ ပျားမွေးမြူရာတွင် အဓိကအသုံးပြုသည့် ပစ္စည်းများကတော့ ကောက်ရိုးခွေ ပျားအုံပုံစံ။ ဆိုလိုတာကတော့ ကရွတ်များ ပြုလုပ်သကဲ့သို့ ကောက်ရိုးများကို စုစည်းပြီး အပေါ်မှ ကြိမ်များဖြင့် ပတ်ထားခြင်း ဖြစ်ပါတယ်။ W.B.C (ထရံနှစ်ထပ်ပျားအုံ) ပုံစံဖြင့် ယင်းပုံစံကတော့ အကာနှစ်ထပ် ဖြစ်ပါတယ်။ အတွင်းပိုင်းရှိ ပျားများနေထိုင်သည့် ပျားအုံထရံပေါ်မှ ထရံတစ်ထပ်ကာရံထားခြင်း ဖြစ်ပါတယ်။ ဤနည်းသည် ပျားအုံထဲတွင် အစဉ်ခြောက်သွေ့နေပြီး ပျားများကောင်းစွာ အသက်ရှင်နေနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ထရံတစ်ထပ်နေရှင်နယ်ပျားအုံ ဖြစ်ပါတယ်။ W.B.C ပျားအုံကဲ့သို့ပင် အဆင့်ဆင့်ပြုလုပ်ထားပါတယ်။ သားပေါက်ခန်း၊ ပျားရည်စုဆောင်းခန်း ပါရှိပါတယ်။ ရွှေ့ပြောင်းရာတွင် ပို၍လွယ်ကူသော်လည်း အတွင်းပိုင်းတွင် အစိုဓာတ်ဝင်ရောက်နိုင်ပါတယ်။ နောက်တစ်မျိုးက ပျားအိမ်ပေါင်များဖြင့် ပြုလုပ်မွေးမြူခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပျားအိမ်များတွင် ပျားဘုရင်မအား ဖယ်ပစ်သည့်ကိရိယာများ ထားရှိပေးရန် လိုအပ်ပါတယ်။ ဤကိရိယာမှာ ရိုးရိုးသွပ်ပြားတစ်ချပ်ဖြစ်ပြီး ပျားဘုရင်မ မဝင်နိုင်လောက်သည့် အပေါက်ငယ်ဖောက်ထားခြင်း ဖြစ်ပါတယ်။ ပျားရည်အတွက် ပျားများမွေးမြူရာတွင် ပျားရည်ခန်းထဲတွင် ဥများမရှိစေရန် လိုအပ်ပါတယ်။ ထို့ကြောင့် ပျားရည်ခန်းထဲသို့ ပျားဘုရင်မ မရောက်ရှိစေရန် အဆိုပါကိရိယာက ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - paukphaw |
မေး။ ပျားမွေးမြူရာတွင် ထိန်းသိမ်းကာကွယ်ပေးရသည့် နည်းလမ်းများကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ဟုတ်ကဲ့။ ပျားမွေးမြူရာတွင် နွေရာသီ၌ ပျားအုံများကို အထူးဂရုစိုက်ရပါတယ်။ နွေရာသီမှာ ပျားလပို့များထဲ ပျားရည်များ အမြဲတမ်းပြည့်နေသဖြင့် ပျားရည်များကို မပြတ်ထုတ်ယူနေရသည့်အတွက် ပျားအုံ၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးရပါတယ်။ ၎င်းအပြင် ပျားများသည် နွေရာသီတွင် ပျားရည်အများအပြား ထုတ်လုပ်ပေးသည့်အတွက် ပျားကောင်ကြီးများ၊ ပျားကောင်ပေါက်များ၊ ပျားဥများဖြင့် ပျားအုံထဲတွင် ပြွတ်ကျပ်နေပြီး ပျားဘုရင်မနှင့်အတူ သင့်လျော်သည့်နေရာတစ်ခုတွင် ပျားအုံအသစ်ဖွဲ့ရန် သင်းခွဲထွက်တတ်ပါတယ်။ ထိုကဲ့သို့ သင်းခွဲထွက်ခြင်းသည် ပျားရည်ထုတ်လုပ်ရာတွင် ပျားရည်ထွက်နှုန်း လျော့ကျစေပါတယ်။ ဒါကြောင့် ပျားများ သင်းခွဲထွက်ခြင်းကို ကာကွယ်ရန် အထူးအရေးကြီးပါတယ်။ သင်းခွဲထွက်ခြင်းကို ကာကွယ်ရန် ပျားအုံကို ၁၀ ရက်တစ်ခါဖွင့်၍ စစ်ဆေးပြီး ပျားဘုရင်မအခန်းများကို ဖျက်ဆီးပစ်ရပါတယ်။ တစ်ခါတစ်ရံ မွေးမြူသူများအနေဖြင့် ပျားဘုရင်မကို ဖမ်းယူပြီး အတောင်များကို အလယ်လောက်မှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်ရပါတယ်။ ပျားဘုရင်မ မပျံသန်းနိုင်လျှင် သင်းခွဲခြင်း မပြုလုပ်နိုင်တော့ပါဘူး။
မေး။ ဟုတ်ကဲ့ပါဆရာ။ ပျားရည်ထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရသည့် နည်းလမ်းများကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ဟုတ်ကဲ့ပါ။ ပျားများကို ပျားရည်အတွက် မွေးမြူရာတွင် လိုချင်သည့်ပန်းမျိုးမှ ဝတ်ရည်ကို စုပ်ယူစေ လိုချင်သည့် ပျားရည်များကို ထုတ်ပေးနိုင်ရန်အတွက် သင်ကြားပေးနိုင်ပါတယ်။ ဥပမာ - ဝတ်ရည်များကို သယ်ယူရန် သွားရောက်စေလိုသည့် အပင်များမှ အပွင့်များကိုယူပြီး ထိုအပွင့်များကို သကြားထဲနှစ်၍ ထိုသကြားရည်များကို ပျားများအား ကျွေးပေးရပါတယ်။ ပျားရည်များသည် သကြားရည်ထဲ၌ ပါရှိသော အနံ့ရှိသည့် ပန်းဆီသို့ သွားရောက်၍ ဝတ်ရည်များကို သယ်ယူကြပါသည်။ အထူးသဖြင့် ပျားရည်အထွက်ကောင်းစေရန် အသီး၊ အပွင့် ပေါများသော ပတ်ဝန်းကျင်တွင်မွေးမြူခြင်းသည် ပျားရည်ထုတ်လုပ်မှု အားကောင်းစေပါတယ်။ သတိပြုရန်မှာ ပျားမွေးမြူရာတွင် လုပ်သားပျားကောင်ရေ များနိုင်သမျှများများ ထားရှိပေးရန် လိုအပ်ပါတယ်။ လုပ်သားပျားကောင်ရေများမှသာလျှင် ပျားရည်ထုတ်လုပ်ပေးခြင်း၊ ပျားခန်းများ တည်ဆောက်ခြင်း၊ပျားကလေးများကို အစာကျွေးခြင်း၊ ပျားဘုရင်မများကို ပြုစုစောင့်ရှောက်ခြင်း၊ ပျားအုံထဲတွင် အပူအအေးမျှတစေရ န် ယပ်ခတ်ပေးခြင်း၊ ပျားအုံအ၀၌ ကင်းစောင့်ပေးခြင်းများကို လုပ်သားပျားများက အဓိကဆောင်ရွက်ပေးပါတယ်။
ပျားရည်ထုတ်လုပ်ရာတွင် ပထမဆုံး အရေးကြီးသည့်အချက်မှာ ပျားလပို့များအပေါ်၌ ပျားများ မရှိစေရန် လိုအပ်ပါတယ်။ ဖယ်ရှားရာတွင် အလယ်၌ သတ္တုဖြင့် အပေါက်ကလေးတစ်ပေါက် ပြုလုပ်ထားသည့် ပျဉ်ပြားတစ်ချပ်ကို အသုံးပြုရာမှာ ဖြစ်ပါတယ်။ ထို့ပြင် ပျားသည် သားပေါက်ခန်းတစ်ခုလုံး အုပ်မိနိုင်အောင်ပြုလုပ်ထားပြီး သားပေါက်ခန်းအား ပျားရည်အောက်တွင် ထားပေးရပါတယ်။ ထိုကဲ့သို့ ထားပေးခြင်းဖြင့် ပျားခန်းထဲရှိ ပျားများကို သားပေါက်ခန်းရှိ ပျားများနှင့် ခွဲလိုက်သလိုဖြစ်သွားပါတယ်။ ၎င်းပျဉ်ပြားကို ညနေပိုင်းတွင်ထားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် သွားကြည့်လျှင် ပျားရည်ခန်းထဲရှိ ပျားလပို့ပေါ်တွင် ပျားများတစ်ကောင်မျှ မရှိတော့သည့်အတွက် ပျားရည်အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။
မေး။ ဟုတ်ကဲ့ပါဆရာ။ ပျားမွေးမြူရာတွင် ပျားတွေကို ကျွေးမွေးတဲ့အစာနဲ့ ပျားတွေ ပြုစုစောင့်ရှောက်ရတဲ့အပိုင်း၊ ရောဂါကျရောက်မှု ရှိ၊ မရှိ ရှိလာလျှင် ဘယ်လိုစောင့်ရှောက်ရမှာလည်း ရှင်းပြပေးပါဦး။
ဖြေ။ ဟုတ်ကဲ့ပါ။ ပျားမွေးမြူရာတွင် ဆောင်းဦးပေါက်ရာသီတွင် အထူးအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်း၏အအေးဒဏ်ကြောင့် ပျားများ သေဆုံးမှုမရှိအောင်၊ နောက်တစ်နွေအထိ အသက်ရှင်နေထိုင်အောင် ပျားမွေးမြူသူများ၊ အထူးဂရုစိုက်ကြရပါတယ်။ တစ်ဆောင်းတွင်းလုံး စားနိုင်ရန် ပျားရည်လုံလောက်စွာ ရှိ၊ မရှိ သေသေချာချာ စစ်ဆေးရမယ်။ ထို့ပြင် ဆောင်းဒဏ်ကို ခံနိုင်ရည်ရှိရန် လုံလောက်သော အနွေးဓာတ်ထုတ်လုပ်ရန် ပျားကောင်ရေ လုံလောက်မှု ရှိ၊ မရှိ ကိုလည်း စစ်ဆေးပေးရပါတယ်။ ပျားများသည် အစာစားခြင်းဖြင့် ၎င်းတို့ကိုယ်မှ အပူဓာတ်ကို ထုတ်ပေးနိုင်ကြပါတယ်။ ယင်းအပူဓာတ်ကပင်လျှင် ပျားများအားလုံးကို ဆောင်းရာသီ၏ အအေးဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားကောင်ရေလုံလောက်စွာ မရှိဟုယူဆရလျှင် ပျားဘုရင်မကို အစာကျွေး၍ ဥများ ဥချရန် ဆောင်ရွက်ပေးရပါတယ်။
ပျားမွေးမြူရာတွင် အဓိကကြုံတွေ့ရသော ဘေးအန္တရာယ်များကတော့ နှင်းဒဏ်ခံစားရခြင်း ဖြစ်ပါတယ်။ ဆောင်းရာသီတွင် ပျားများ အများဆုံးသေဆုံးကြပါတယ်။ ၎င်းအပြင် ကြွက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်ရပါတယ်။ တစ်ခါတစ်လေ အချို့ငှက်တွေရဲ့ ဘေးအန္တရာယ်ကိုလည်း ကြုံရတတ်ပါတယ်။ အဆိုးရွားဆုံးအန္တရာယ်မှာ ပိုးဖလံကောင်များ ဖြစ်ပါတယ်။ ပိုးဖလံအမများသည် ပျားအုံထဲသို့ဝင်၍ ပျားရည်ခန်းများအပေါ်၌ ဥတတ်ကြပါတယ်။ ထိုပိုးဖလံဥများမှ ပေါက်လာတဲ့ ပေါက်ဖတ်များဟာ ပျားအုံများကို ဥများ ဥတတ်ကြပါတယ်။ ထိုပိုးဖလံ ဥများမှ ပေါ်လာတဲ့ ပေါက်ဖတ်များဟာ ပျားအုံများကို လျှောက်စားပစ်ရုံမက နောက်ပိုင်းတွင် အမျှင်များ ထုတ်ထားခဲ့ကြပါတယ်။ ထိုသို့ အမျှင်များ ထုတ်ထားခဲ့ခြင်းကြောင့် ပျားအိမ်ပေါင်းများစွာ ပျက်စီးတတ်ပါတယ်။ အဆိုပါ ပိုးဖလံများကို ကာကွယ်ရန်အတွက် ပိုးသတ်ဆေးများ အသုံးပြုရပါတယ်။
ပျားများတွင် ဖြစ်တတ်သော ရောဂါများကတော့ အခြားသတ္တဝါများကဲ့သို့ အနာရောဂါများ စွဲကပ်တတ်ပါတယ်။ သို့သော် ပျားများတွင် စွဲကပ်သော ရောဂါပိုးများမှာ ပျားရည်ကို မည်သို့မျှ ထိခိုက်ခြင်းမရှိပါဘူး။ လူနှင့် အခြားတိရစ္ဆာန်များကိုလည်း ဘေးအန္တရာယ်မကျရောက်စေနိုင်ပါဘူး။ အဆိုးရွားဆုံးရောဂါကတော့ အိုင်းလ်စ်အော့ဖ်ဝိုက်ရောဂါ ဖြစ်ပါတယ်။ အဆိုပါရောဂါကျရောက်လျှင် ပျားများအသက်ရှူပေါက် ပိတ်စေပါတယ်။ ယင်းရောဂါပိုးကြောင့် ပျားများ ပျံသန်းမှုမပြုနိုင်တော့ဘဲ ပျားအုံအနီး မြေပြင်တွင် တွားသွားနေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နောက်ရောဂါတစ်မျိုးကတော့ ဝမ်းကိုက်ရောဂါဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီတွင် အဖြစ်များပါတယ်။ ထိုရောဂါဖြစ်ရခြင်းမှာ ပျားမွေးသူများ ပျားအုံကို ပြုစုထိန်းသိမ်းစောင့်ရှောက်မှုညံ့ဖျင်းသောကြောင့် ဖြစ်ပါတယ်။ ပျားအုံများ စွတ်စိုထိုင်းမှိုင်းနေခြင်း၊ မကောင်းသော အစားအသောက်များ ကျွေးမွေးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကာကွယ်ခြင်းအနေဖြင့် ပျားများကို သန့်ရှင်းခြောက်သွေ့သော ပျားအုံထဲသို့ ပြောင်းရွှေ့ပေးပြီး ကောင်းမွန်လတ်ဆတ်သည့် အစာများ ကျွေးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။
မေး။ ကျေးဇူးပါဆရာ။ ပျားရည်တွင် လူတို့အတွက် အကျိုးပြုစေတဲ့ အာဟာရဓာတ်ပါဝင်မှုနှင့် ဆေးဖက်ဝင်ပျားရည်များ ထုတ်လုပ်ပေးနိုင်မှုကိုလည်း သိပါရစေ။
ဖြေ။ ဟုတ်ကဲ့ပါ။ ပျားရည်ကို လူတို့အတွက် အာဟာရဓာတ်ပြည့်၀စေသော ဆေးဝါးများအဖြစ် ကျွမ်းကျင်သောပညာရှင်များက ဖော်ထုတ်ကြပါတယ်။ ဥပမာ ဗီတာမင်ပဒေသာပျားရည်၊ မုန်လာဥပျားရည်၊ နွားနို့ပျားရည်၊ ဂျင်စင်းပျားရည် စသဖြင့် ထုတ်လုပ်ကြပါတယ်။ ဗီတာမင်ပဒေသာပျားရည်ကို ထုတ်လုပ်မည်ဆိုလျှင် သကြားရည်ကို ဖျော်၍အထဲတွင် ဗီတာမင်များ ကြွယ်၀သည့် သစ်သီး၊ သစ်ရွက်အရည်များ၊ ဗီတာမင်ဆေးရည်များရော၍ ပျားများကို တိုက်ကျွေးပေးလျှင် ဗီတာမင်ပဒေသာပျားရည်ကို ရရှိစေပါတယ်။ ထို့ပြင် မုန်လာဥဝါပျားရည်ကို မုန်လာဥကို အရည်ညှစ်၍ သကြားရည်နှင့် ရောကျွေးလျှင် မုန်လာဥဝါပျားရည် ရရှိပါတယ်။ အလားတူ နွားနို့ပျားရည်ဆိုလျှင် ကျန်းမာသောနွားမမှ နို့များညှစ်ယူပြီး နို့ထဲတွင် သကြားဖျော်ထည့်ပြီး တိုက်ကျွေးပေးလျှင် နို့ပျားရည်ကို ရရှိစေပါတယ်။ ထို့အတူ ဂျင်းပျားရည်ရရှိလိုလျှင် ဂျင်စင်းမြစ်မှ အရည်များကိုယူ၍ သကြားရည်နှင့်ရောပြီး တိုက်ကျွေးပေးပါက ဂျင်စင်းပျားရည်ကို ရရှိစေပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃)
No comments:
Post a Comment