January 30, 2021

မိဘနှင့် သားသမီးချစ်

လယ်တွင်းသားစောချစ်

        ကျွန်တော်တို့ မိသားစုမှာ ညီမလေးကို ဖေဖေက အချစ်ဆုံး။ အံ့သြစရာမရှိပါ။ ညီမလေးက ဖေဖေ့လက်ကတုံးတောင်ဝှေး။ ငယ်ငယ်ကတည်းက ဖေဖေ့ကို ကပ်၍ အချွဲဆုံး။ ဖေဖေကလည်း အသည်းဆုံး။

        "အေး... ငါကတော့... ငါ့သားကိုပဲ အားကိုးမယ်"

        မေမေက ကျွန်တော့်ဘက်က -

        "တို့ကတော့ သမီးလေးပဲ အားကိုးရမယ်..."

        ညီမလေးက ဖေဖေ့ကို ခြေသည်းလက်သည်း ညှပ်ပေးသည်။ နွေရာသီမှာ ဖေဖေ မိတ်ပေါက်လျှင် တစ်လုံးချင်းဖောက်ပေးသည်။ မိတ်ပျောက်ဆေး လိမ်းပေးသည်။ ရုံးသွားလျှင် ဖိနပ်တိုက်ပေးသည်။ ရုံးပြန်လာလျှင် ဆီးကြို၍ အိတ်ဆွဲသည်။

        ညီမလေး ကိုးတန်းနှစ်မှာ ကိုမျိုး ကျွန်တော်တို့ အိမ်ရောက်လာသည်။ ခေါ်လာသူက ဖေဖေ ။ ရုံးစာရေးခန့်ရန် လူတွေ့စစ်ဆေးခြင်းမှ ဖေဖေကိုယ်တိုင် အမှတ်အများဆုံးပေး၍ ရွေးခဲ့သူ။ ဖေဖေ့မှတ်ချက်က သွက်လက်သော်လည်း တည်ကြည်သည်။ မွန်မွန်ရည်ရည် ဖြေတတ်သည်။ အဖတ်အမှတ်များ၍ တွေးခေါ်မြော်မြင် တတ်သည်။

        ဖေဖေမှန်ပါသည်။ ကိုမျိုးသည် ရိုးသားသည်။ ကြိုးစားသည်။ ရုံးမှာ အစစအရာရာ ဖေဖေ အားကိုးရသည်။

        ထိုအချိန်က ကိုမျိုး ဘွဲ့မရသေး။ အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်။ ကိုမျိုးမှာ မိဘမရှိ။ အစ်ကိုဝမ်းကွဲတစ်ယောက်အိမ်မှာနေပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားနေရသည်။ မရီးက အိမ်ကျဉ်းကျဉ်းမှာ လူပိုတစ်ယောက် လက်ခံထားရသည်ကို မကြည်ဖြူချင်။ ကိုမျိုးက ရုံးမှာအိပ်ခွင့်နေခွင့် တောင်းသည်။ ဖေဖေက သူမပိုင်သော ရုံးမှာ ခွင့်မပြု။ သူပိုင်သော အိမ်သို့ခေါ်လာသည်။


        ကျွန်တော်တို့အိမ်က အကျယ်ကြီး။ မိသားစုက လေးယောက်တည်း။ အိမ်မကြီး၏ အပြင်ဘက်ကျသော်လည်း အိမ်မကြီးနှင့် တစ်ဆက်တစ်စပ်တည်းရှိသောအခန်းမှာ ကိုမျိုးနေရသည်။ ကိုမျိုးက ကျေးဇူးသိတတ်သူဖြစ်သည်။ အိမ်မှုကိစ္စအားလုံး မေမေ့ကို ကူသည်။ မေမေ့မှာ ပိုက်ဆံမကုန်ဘဲ အိမ်ဖော်ကောင်းတစ်ယောက် ရနေသည်။ ခြံထဲမှ သစ်ပင်များကိုလည်း ပေါင်းရှင်း မြေဆွ စနစ်တကျဖြစ်အောင် ပြုပြင်ပေးသည်။ မေမေပါ ကိုမျိုးကို သဘောကျလာသည်။

        ကျွန်တော်ကလည်း အဖော်ရ၍ သဘောကျပါသည်။ ညီမလေးကတော့ အစ်ကိုတစ်ယောက် တိုးရခြင်းဖြစ်သည်။ လပိုင်းအတွင်းမှာပင် ကိုမျိုးသည် ကျွန်တော်တို့မိသားစုဖြစ်သွား၏။

        သို့သော် ကိုမျိုးက သူ့ဘဝတက်လမ်းကိုတော့ မမေ့။ အဝေးသင်တက္ကသိုလ်အတွက် သင်နေရသော ဘာသာရပ်များကို အသေအချာလေ့လာသည်။ အသိဉာဏ်ပညာ တိုးပွားစေမည့် အပြင်စာများကို မှန်မှန်ဖတ်သည်။ ကျွန်တော်တို့အိမ် ရောက်သည့်နှစ်မှာပင် ကိုမျိုးဘွဲ့ရသည်။ ဌာနဆိုင်ရာများမှာ ရာထူးခန့်
ထားရန်ခေါ်သည့် ရေးဖြေ နှုတ်ဖြေစာမေးပွဲများကိုဖြေသည်။ မအောင်လျှင် စိတ်ဓာတ်မကျ ထပ်လျှောက်ထပ်ဖြေသည်။ ဖြေဖန်များတော့ ရေးဖြေ နှုတ်ဖြေ မေးတတ်သည်များကို ကြိုတင်ပြင်ဆင်တတ်၊ ရှာဖွေလေ့လာတတ်လာသည်။
        (၃)ကြိမ်မြောက် ဖြေဆိုရာမှာ စက်မှု(၁) ဝန်ကြီးဌာနတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ ထိုနှစ်က ညီမလေး ဆယ်တန်းအောင်၍ ကိုမျိုးကလည်း အရာရှိဖြစ်သောကြောင့် ကျွန်တော်တို့ မိသားစုအတွက် ဝမ်းသာစရာ။

        ကိုမျိုးက မေမေ့ကို တစ်လတစ်ထောင် ပေးသည်။ မေမေနှင့် ဖေဖေက ငြင်းသည်။ ကိုမျိုးက ထမင်းလခ၊ နေခမဟုတ် ကျေးဇူးရှိ၍ ကန်တော့ခြင်းဖြစ်ကြောင်း ပြောသည်။ ဖေဖေနှင့် မေမ်က ကိုမျိုးကို အားထားရုံမက သားတစ်ယောက်လိုပါ ချစ်ကြသည်။

        ညီမလေးကတော့ သူလိုချင်တာရှိသမျှ ကိုမျိုးကို ပူဆာသည်။ ကိုမျိုးက မငြူမစူဝယ်ပေးသည်။ ကျွန်တော့်အတွက် ဆေးကျောင်းသုံး စျေးကြီးသည့်စာအုပ်များကိုလည်း ဝယ်ပေးသည်။

        ကျွန်တော့်ထက် တစ်နှစ်ကြီးသော ကိုမျိုးကို ကျွန်တော် အစ်ကို တစ်ယောက်လို ချစ်ခင်မိသည်။ ညီမလေးကတော့ ကိုမျိုးကိုနိုင်သည်။

        "ကိုမျိုးရေ... စိုးကို ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါ"

        ညမှာ စာကြည့်နေရင်း ညီမလေးခိုင်းလျှင် ကိုမျိုးဖတ်လက်စ စာအုပ်ချရပြီ။

        "ကိုမျိုး... မပေးနဲ့ ဗိုလ်ကျတာ... သူသောက်ချင် သူ့ဘာသာထဖျော်ပေါ့"

        ကျွန်တော် ဟန့်တားသော်လည်း ကိုမျိုးမနေ။ ကျွန်တော့်ကို ပြုံးပြပြီး နေရာမှထသွားသည်။ ကော်ဖီဖျော်ပြီး သွားပေးတော့ ညီမလေးက ကိုမျိုးကို ကြည့်သော မျက်လုံးများ။ ကိုမျိုးက ညီမလေးကို ပြန်ကြည့်သော မျက်လုံးများကို သတိထားမိသည်။ သူတို့နှစ်ယောက် ငြိတော့မည်ဟု ရိပ်မိနေပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ။ ကျွန်တော့်စိတ်ထဲမှာ ငြူစူလိုစိတ်မရှိ။

        ညီမလေးကို တစ်ခြားတစ်ယောက်နှင့်စာလျှင် ကိုမျိုးနှင့်သာ စိတ်ချချင်သည်။ နောက်တော့ ကျွန်တော် ထင်သည့်အတိုင်း ကိုမျိုးနှင့် ညီမလေးတို့ သံယောဇဉ်ငြိကြသည်။ သို့သော် သူတို့နှစ်ယောက်လုံး အနေအထိုင် စည်းရှိပါသည်။ လူကြီးနှစ်ယောက်ကိုရော ကျွန်တော့်ကိုပါ လေးစားထောက်ထားကြသည်။

        ကျွန်တော်သိသော်လည်း မသိသလို နေပါသည်။ ညီမလေး ဒုတိယနှစ်ဖြေပြီးချိန်မှာ ထိန်းချုပ်ထား၍ မရသော ပြဿနာပေါ်လာသည်။

        ကိုမျိုး နိုင်ငံခြားပညာတော်သင် အရွေးခံရသည်။ နှစ်နှစ်သွားရမည်။ ဖေဖေ မေမေနှင့် ကျွန်တော်တို့ ဝမ်းသာကြသော်လည်း ညီမလေးက ချုံးပွဲချငိုပါသည်။

        "မသွားရဘူး... မသွားရဘူး..." ဟုလည်း အော်ဟစ်နေပါသည်။

        "ဟ... ဘာလို့မသွားရမှာလဲ။ သွားရမှာပေါ့။ ဒါဟာ တကယ့်အခွင့်ရေး။ တစ်သက်လုံးအတွက် တိုးတက်ဖို့လုပ်ရမှာ..."

        ဖေဖေက ညီမလေးကို ဆူပါသည်။ နောက်ဆုံးတော့ ညီမလေးက သူနှင့် ကိုမျိုးအကြောင်း မေမေ့ကို ဖွင့်ပြောလိုက်သည်။ မေမေက ဖေဖေ့ကို ပြောပြသည်။ ဖေဖေ ဘာမျှ ပြန်မပြော။ နှစ်ရက်မှ သုံးရက်ကြာသည်ထိလည်း ဘာမျှမပြော။ ဖေဖေ့ကို ကျွန်တော်နားမလည်နိုင်အောင် ဖြစ်ရသည်။

        ကိုမျိုးက ဖေဖေတပည့်။ ဖေဖေ အိမ်ခေါ်လာခဲ့သူ။ ကိုမျိုး၏ ရိုးသားမှုနှင့် ကြိုးစားမှုကို ဖေဖေ အမြဲချီးကျူးခဲ့သည်။ အခုဆိုလျှင် ကိုမျိုး၏ အနာဂါတ်မှာ မျှော်လင့်စရာအပြည့်။ သဘောမတူဖြစ်ခြင်းဖြစ်လျှင် မေမေကဖြစ်ရမည်။ ဖေဖေက ဘာပြဿနာမျှရှိမည်မဟုတ်ဟု ကျွန်တော်ထင်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅)

No comments:

Popular Posts