January 25, 2021

ပဲတီစိမ်းအထွက်တိုးအောင် စိုက်ပျိုးနည်း

ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

        မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်မှုတိုးတက်စေရန် လိုအပ်ပါသည်။ နိုင်ငံတော်၏ လယ်ယာ၊ သားငါးကဏ္ဍ ထုတ်လုပ်မှုမြင့်မားလာစေရန် တောင်သူလယ်သမားကြီးများ၊ စိုက်ပျိုးရေးလုပ်ကိုင်သူ လုပ်ငန်းရှင်ကြီးများကိုပါ လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ၊ လိုအပ်သော အရင်းအနှီးများကို ကူညီပံ့ပိုးပေးသွားရန် လိုအပ်လှပါသည်။

        တောင်သူလယ်သမား ဦးကြီး၊ ဒေါ်ကြီးများသည်လည်း မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး သီးထပ်စွမ်းအား တိုးတက်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပဲမျိုးစုံသီးနှံများထဲမှ ပဲတီစိမ်းအထွက်တိုးအောင် စိုက်ပျိုးရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်သွားကြရမည်လည်း ဖြစ်ပါသည်။

        ပဲတီစိမ်းသီးနှံကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံး စိုက်ပျိုးထွက်ရှိပြီးလျှင် ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ရှိသည့် ခရမ်းရွှေဝါအမျိုးအစားမှာ လူကြိုက်အများဆုံးနှင့် စျေးကောင်းအရဆုံးဖြစ်ကြောင်းကို သိရှိရပါသည်။ ပဲတီစိမ်းသီးနှံသည် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်သော ပဲအမျိုးအစားပင်ဖြစ်ပါသည်။

        ပဲတီစိမ်းသီးနှံများ စိုက်ခင်းမြေပြုပြင်ရာတွင် ထယ်ရေး၊ ထွန်ရေးနက်နက်ဖြင့် ညီညာနေသော ထွန်ရေးများရရှိအောင် ဆောင်ရွက်ရပါမည်။ မြေခံအဖြစ် နွားချေး တင်း ၁၀၀မှ ၁၅၀ အထိ နေရာအနှံ့ရောက်အောင် ထည့်ပေးပါ။ မြေခံအဖြစ် NPK ၁၅:၁၅:၁၅ ပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာ တစ်ဧကတစ်အိတ်နှုန်း ထည့်သွင်းပေးပါ။ ကြိုတင်မြေပြင်ထားရှိပြီး အမှိုက်များနှင့် ပေါင်းမြက်များကို ကင်းစင်အောင် ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါသည်။

        ပဲတီစိမ်းမျိုးများအဖြစ် ရေဆင်းစိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေထောက်ခံထားသည့် ရေဆင်း(၉)၊ ရေဆင်း (၁၁)၊ ရေဆင်း (၁၄)၊ စိုက်ပျိုးရေး(၁)စသည့် အထွက်ကောင်းသည့် မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ စိုက်ပျိုးရာတွင် အပင်ပေါက်ကောင်း၍ အပင်ပေါက် ညီညာစေရန် ပဲတီစိမ်းမျိုးများကို နာရီဝက်ခန့် ရေတွင်စိမ်ပြီး ရိုက်ဆိုဗီယမ် (ပဲမြစ်ဖုဇီဝ) မြေသြဇာဖြင့် သမအောင် လူးနယ်၍ စိုက်ပျိုးပါ။ မှိုရောဂါများကို ကာကွယ်နိုင်ရန် ဟိုမှိုင်းမှိုသတ်ဆေးဖြင့်လည်း လူးနယ်စိုက်ပျိုးပါ။

        မိုးကြို၊ မိုးနှောင်းရာသီများတွင် တန်းကြား ၁၂ လက်မ၊ ပင်ကြား လေးလက်မဖြင့် တစ်ဧကလျှင် အပင်ပေါင်း ၁၃၀၀၀၀ ရရှိစေရန်၊ မျိုးစေ့နှုန်း တစ်ဧက ခြောက်ပြည်မှ ရှစ်ပြည်အထိ အသုံးပြုပါ။ မိုးရာသီတွင် တန်းကြား ၁၈ လက်မ၊ ပင်ကြား လေးလက်မဖြင့် မျိုးစေ့လေးပြည်မှ ခြောက်ပြည်အထိ အသုံးပြုပါ။ စိုက်ကြောင်း၏ အတိမ်အနက်မှာ တစ်လက်မမှ နှစ်လက်မအတွင်း အစိုဓာတ်မိအောင် စိုက်ပျိုးပေးသွားရပါမည်။

        ပဲတီစိမ်းစိုက်ခင်းများ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်းတွင် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရပါမည်။ အပင်ငယ်စဉ်တွင် ပျ၊ ဖြုတ်စိမ်း၊ ပင့်ကူနီ၊ ပင်စည်ထိုးယင်ကျရောက်တတ်ပါသည်။ လိုအပ်ပါက ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။ ပဲတီစိမ်းပင်များ ကြီးထွားရှင်သန်စေရန် NPK နှင့် အနည်းလို အာဟာရဓာတ်များပါဝင်သော ရွက်ဖျန်းမြေသြဇာများတွင် N အချိုးများသည် အရွက်ဖျန်းမြေသြဇာအရည်ကို ၁၅ ရက်ခြား နှစ်ကြိမ်ပက်ဖျန်းပါ။

ဓာတ်ပုံ - moi.gov.mm

        စိုက်ပျိုးပြီး အပင်၏ သက်တမ်း ၁၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်းတွင် ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ထွာကောင်စိမ်းရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်ပိုး၊ သီးလုံးဖောက်ပိုးများနှင့် ယင်ဖြူတို့ကြောင့်ဖြစ်သော အဝါရောင်မှိုစေ့ဗိုင်းရပ်စ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ပိုးသတ်ဆေးတစ်မျိုးဖြင့် တစ်ကြိမ်ပက်ဖျန်းကာကွယ်ပါ။

        ပဲတီစိမ်းသည် စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ ခန့်တွင် သီးကိုင်းနှင့် ပန်းဖူးကလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပြတ်စေရန် အာဟာရဓာတ်များ မချို့တဲ့စေရန်၊ ပိုးနှင့် ရောဂါများပါ မကျရောက်စေရန် ဆောင်ရွက်ပေးရပါမည်။

        ပဲတီစိမ်းသည် စိုက်ပျိုးပြီး ၄၅ ရက်သားမှစတင်၍ ပန်းပွင့်ပါသည်။ ပန်းပွင့်အားကောင်းပြီး အသီးအတောင့်များ များများရရှိစေရန် လိုအပ်ပါသည်။ အသီး၊ အတောင့်များနှင့်အတူ အစေ့အဆန်များ အားကောင်းစေရန်အတွက် P နှင့် K ရာခိုင်နှုန်းများသော အရွက်ဖျန်းမြေသြဇာအရည်ကို ၁၅ ရက်ခြား နှစ်ကြိမ်ဖျန်းပေးပါ။ သို့မဟုတ် ယူရီးယား လေးဇွန်း၊ လက်ချား(ဘိုရွန်ဓာတ်) တစ်ဇွန်း၊ ရေတစ်ဂါလန်နှုန်းဖြင့် တစ်ဧကလျှင် ဂါလန် ၂၀ နှုန်းအထိ နှံ့စပ်အောင် ပက်ဖျန်းပေးပါ။

        ပဲတီစိမ်းသီးတောင့်များ ဖြစ်ထွန်းချိန် အစေ့အဆန်တည်ချိန်များတွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်ပါသည်။ ပဲတီစိမ်းစိုက်ပျိုးရာတွင် စိုက်ပျိုးသည့်မျိုး၊ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေများအပေါ် မူတည်၍ ၆၅ ရက်သားအတွင်း သီးတောင့်များ ရင့်မှည့်လေ့ရှိကြပါသည်။

        ပဲတီစိမ်းအတောင့်များ ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ အနက်ရောင်သို့ ပြောင်း၍ ခြောက်သွေ့နေချိန်တွင် ခူးဆွတ်ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး ပဲတီစိမ်းအတောင့်များကို နေတွင် နှစ်နေမှ သုံးနေ လှန်း၍ ချွေလှေ့သန့်စင်ပါ။ ပဲတီစိမ်းသည် အချိန်ကာလကိုကြည့်၍ ခူးဆွတ်ရိတ်သိမ်းရပါသည်။ တစ်ကြိမ်ခူးဆွတ်ရိတ်သိမ်းပြီး နောက်ထပ်ပန်းဖူးနှင့် အသီးကင်းများ အောင်မြင်စေရန်၊ အပင်အားဆေးများ ရွက်ဖျန်းအားဆေးများကို ပက်ဖျန်း၍ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါသည်။

        ခူးဆွတ်ရရှိသော ပဲတီစိမ်းများကို နေလှန်း၍ ခြွေလှေ့သန့်စင်ပြီးလျှင် ရရှိလာသော ပဲတီစိမ်းများကို စျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ပါသည်။ တောင်သူကြီးများအနေဖြင့် ပဲတီစိမ်းများကို မျိုးကောင်းမျိုးသန့်စိုက်ခင်းများအဖြစ် ပါဝင်တည်ထောင်စိုက်ပျိုးပြီး စိုက်ပျိုးရေးဦးစီးဌာနများနှင့် ဆက်သွယ်ကာ မျိုးစေ့ထုတ်၊ မျုိးသန့်ပွားစိုက်ခင်းများမှ ရရှိလာသော ပဲတီစိမ်းမျိုးစေ့များကို မျိုးသန့်မျိုးစေ့အဖြစ် စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပါသည်။ ပဲတီစိမ်းကို မျိုးအဖြစ်ထားပါက အစိုဓာတ် ၉ ရာခိုင်နှုန်းအထိ အခြောက်ခံ၍ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။

        မြန်မာနိုင်ငံ ပြည်တွင်း၌ ပဲတီစိမ်းကို အသင့်အတင့်သာ စားသုံးပြီးလျှင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချပေးလျက်ရှိနေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံပင်ဖြစ်ပါသည်။ တောင်သူလယ်သမား ဦးကြီး၊ ဒေါ်ကြီးများပါ မိသားစုဝင်ငွေ တိုး၍ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိနေသော ပြည်ပပို့ကုန် ပဲမျိုးစုံ ထုတ်လုပ်ပေးနိုင်ရန် “ပဲတီစိမ်း အထွက်တိုးစိုက်ပျိုးရေး” နည်းလမ်းများကို သိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၈)

No comments:

Popular Posts