January 24, 2021

မျက်နှာမွဲကြီး ရယ်လိမ့်မည် (၂)

လယ်တွင်းသားစောချစ်

        သူတို့မိဘများ တာဝန်ကျေပါသည်။ တက်တက်ကြွကြွရှိပါသည်ဟု သက်သေပြနေကြသယောင်။

        ကျုပ်ကိုတော့ ကျောင်းမှန်မှန်မတက်သောဆရာ၊ စာကောင်းကောင်းမသင်သော ဆရာ၊ ကလေးများ၏ ပညာရေးမှာ စိတ်မဝင်စားသောဆရာဟု တိုင်ကြားထားကြသည်။

        လုပ်လိုက်ကြစမ်း...။ သည်စစ်ပွဲမှာ ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့တော့မည်။ လာပြီ၊ ပညာအုပ်ဦးခင်ရွှေ။ စက်ဘီးများနှင့် နောက်လိုက်က သုံးယောက်ပါသေးသည်။

        တောက် ... ဒီကောင်လေး မုန်းပါတယ်ဆိုမှ အသံမြည်အောင် လေလည်လိုက်သေး ... ဆိုသည်မျိုး ဖြစ်နေ ပြီ။ မကြည့်ချင်မှ မြင်လျက်သား။

        ညွန့်အောင် ပညာအုပ်နှင့်အတူ ပါလာသည်။ သူ စက်ဘီးပေါ်က ဆင်းဆင်းချင်း ကျုပ်ကို ပြုံးပြသည်။ ကျုပ် ပြန်မပြုံးရုံသာမက မျက်နှာကို ပိုတင်းပြလိုက်သည်။

        သူ့မျက်နှာ ဘယ်လိုဖြစ်သွားသည် မသိ။ ကျုပ် ထပ်မကြည့်။ သူ့ကို ချီးမွမ်းပြီး ကျုပ်ကို ကဲ့ရဲ့ရှုတ်ချမည့်ပွဲမှာ မင်္ဂလာယူဖို့လာသည်ကို ကျုပ်သိသည်။ ပညာအုပ် ဦးခင်ရွှေ၏ မျက်နှာကလည်း မာရုံသာမက၊ တင်းလွန်း၍ ပြတ်ထွက်တော့မည်။ ညီမောင်တို့လူသိုက်က ပညာအုပ်နှင့် သူ့နောက်ပါ ဆရာများကို နွားနို့တိုက်ကြ၊ မုန့်ကျွေးကြနှင့် ပျာနေသည်။

        ညွန့်အောင် ကျောင်းပေါ်တက်သွားပြီး ဘုန်းကြီးကို ကန်တော့သည်။ စည်းရုံးရေး ကျမ်းကျေသည်။ ခဏအကြာတွင် ဘုန်းကြီးနှင့်အတူ ကျောင်းပေါ်မှ ဆင်းလာကြသည်။

        သူ့ကိုတွေ့သည်နှင့် ညီမောင်တို့လူစု ပျာပျာသလဲ ဖြစ်နေကြသည်။ နွားနို့တိုက်သူ၊ လက်ဖက်ရည်တိုက်သူ၊ မုန့်ကျွေးသူနှင့် ပညာအုပ်ထက်ပင် ဂရုစိုက်နေလိုက်ကြသေးသည်။

        စားသောက်ပြီးကြသည်နှင့် အစည်းအဝေးစသည်။ ဘုန်းတော်ကြီးက ခေါင်းရင်းဘက်မှာထိုင်ပြီး နားထောင်နေသည်။

        ပညာအုပ်က အရင်ဆုံး စကားပြောသည်။ ကျုပ်နှင့်ပတ်သက်၍ တိုင်စာရကြောင်း၊ ဦးစွာ မိဘများဘက်မှ ပြောစရာရှိသည်များကို ပွင့်ပွင့်လင်းလင်း ပြောစေချင်ကြောင်း လမ်းဖွင့်ပေးလိုက်သည်။ ကျုပ်ကို မညှာမတာ ဝိုင်းဆော်ကြရန် အချက်ပြလိုက်ခြင်းဖြစ်ကြောင်း ကျုပ်သိပါသည်။

        ပညာအုပ် ပြန်ထိုင်တော့ ညွန့်အောင်က ပညာအုပ်နားကပ်ပြီး တီးတိုးတီးတိုးနှင့် သဖန်းပိုး လုပ်နေသည်။

        "ဟင်း... အနားပြာ ကပ်ပါးကောင်..."

        ဤလုပ်ပုံမျိုးကို ကျုပ် သိပ်စက်ဆုပ်သည်။ 

        သူက အများရှေ့မှာ မတ်တပ်ထလိုက်သည်။ မတ်တပ်ထရန်၊ ပြောရန် တပြင်ပြင်ဖြစ်နေသော ညီမောင်တို့လူသိုက် ပြောခွင့်မရသေးဘဲ သူ့ကို လှမ်းကြည့်နေကြသည်။

        "ရွာက မိဘတွေ မပြောခင် ကျွန်တော် အရင်ပြောပါရစေ" 

        သူက ခွင့်တောင်းသည်။

        ရွာသားများက သူ့ကို သဘောကျနေကြသည်။

        သူနှင့် ဘာမျှမဆိုင်။ ကျုပ်ထပြီး ကန့်ကွက်ရန် ကြံသေးသည်။ သို့သော် ပညာအုပ် ဦးခင်ရွှေကပါ သဘောတူကြောင်း ခေါင်းညိတ်ပြရင်း ကျုပ်ကို လှမ်းကြည့်၍ ငြိမ်နေလိုက်ရသည်။


        “ကျွန်တော်နဲ့ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့တော့ ဆိုင်ပါတယ်။ မိဘတွေ မပြောခင် ကျွန်တော် ပြောသင့်တယ်ထင်လို့ပါ”

        "ဆရာကြီး ဦးသန်းထွန်း ကျောင်းက လေးတန်းတစ်ယောက်မှ မအောင်တာ နှစ်နှစ်ရှိပြီ။ ကျွန်တော့်ကျောင်းကတော့ တန်းလုံးကျွတ်အောင်တာ နှစ်နှစ်ရှိပြီ..."

        နားထောင်ရင်း ဒေါသဖြစ်လွန်း၍ ကျုပ်တစ်ကိုယ်လုံး ပူလာသည်။ မျက်လုံးများ မီးဝင်းဝင်းတောက်နေ မည် ထင်သည်။

        ကျုပ်သာ နဂါးဖြစ်လျှင် ညွန့်အောင်ပြာဖြစ်သွားပြီ။ သူကတော့ ကျုပ်ကို လှည့်၍ပင်မကြည့်။ ရွာသားများကိုသာ ကြည့်ပြီး ဆက်ပြောသည်။ ညီမောင်တို့ လူသိုက်က ခေါင်းတညိတ်ညိတ်နှင့် စိတ်ဝင်စားနေကြသည်။

        "ဒီတော့ မိဘတွေက ကျွန်တော့်ကျောင်းက တော်တယ်။ ဆရာကြီး ဦးသိန်းထွန်းကျောင်းက ညံ့တယ်လို့ ထင်ကြလိမ့်မယ်။ ကျောင်းချင်း အခြေအနေချင်း ကွာခြားတာကို ထည့်မတွက်ဘဲ အဲဒီလိုပြောရင် မှားလိမ့်မယ်..."

        ကျုပ် မျက်တောင်နှစ်ချက်ဆင့်ပြီး ခတ်လိုက်မိသည်။ သူ ဘာပြောမှာပါလိမ့်။

        "ကျွန်တော့်ကျောင်းမှာ ကျွန်တော်အပါအဝင် ဆရာငါးယောက်ရှိတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိဆိုတော့ အတန်းငါးတန်း၊ တစ်ယောက်တစ်တန်းစီ တာဝန်ယူပြီး သင်ရတယ်။ ဒါတောင် ဆရာ ဆရာမ တစ်ယောက်ယောက် ကျောင်းပျက်ရင် ကျွန်တော်တို့ မနိုင်တော့ဘူး။ ဆရာတစ်ယောက်က နှစ်တန်းပေါင်းကိုင်နေရပြီ။ ဒီဘက်အတန်းသင်ရင် ဟိုဘက်အတန်းက ဆော့ကြ၊ ရန်ဖြစ်ကုန်ကြပြီ။ ဒါနဲ့ ဟိုဘက်အတန်းကို ပြေးရပြီ။ ဒီဘက်အတန်းက ဆူသံ၊ လဲပြိုကျသံ၊ ငိုသံ၊ ယိုသံတွေ ထွက်လာပြီ။ ဒီဘက်တစ်ခါ ပြေးရပြန်ပြီ။ မနိုင်ဘူးမောနေတာပဲ" 

        ပညာအုပ်ဦးခင်ရွှေ ခေါင်းညိတ်နေသည်။ သူလည်း ကျောင်းဆရာက လာသူပဲ။ သိပြီးသား ဖြစ်ရမည်။

        "အဲဒီတော့ စဉ်းစားကြည့်ကြပါ။ ဆရာကြီးဦးသိန်းထွန်းရဲ့ ကျောင်းမှာ အတန်းငါးတန်းရှိတာမှ ဆရာကြီးက တစ်ယောက်တည်းရယ်၊ လူနည်းပေမယ့် အတန်းကတော့ ငါးတန်းခွဲရတာပဲ။ ဆရာကြီး ဘယ်လိုသင်ရမလဲ။ ဒီအထဲ ကျောင်းသားတွေကလည်း မိဘတွေနဲ့အတူ ထင်းခုတ်လိုက်ရ၊ ဝါးခုတ်လိုက်ရ၊ နွားကျောင်းရ၊ ဆိတ်ကျောင်းရ၊ ကျောင်းကို လာချင်တဲ့နေ့ လာ၊ မလာချင်နေဆိုတာမျိုး ဖြစ်နေတဲ့အကြောင်း ဆရာတော်ကလည်း ပြောပါတယ်"

        ခေါင်းရင်းမှာ ထိုင်နေသော ဘုန်းတော်ကြီးက ခေါင်းညိတ်ပြသည်။

        "ဒီကျောင်းမှာ ကျွန်တော်သင်ရရင်လည်း တစ်ယောက်မှ အောင်မှာမဟုတ်ပါဘူး။ ဒီကျောင်းမျိုးမှာ စိတ်ရှည်ရှည်နဲ့ တစ်ယောက်တည်း သည်းခံပြီးသင်နေတဲ့ ဆရာကြီးကို ချီးကျူးလေးစားဖို့ ကောင်းပါတယ်။ ကျွန်တော်သာဆိုရင် ဒီလောက်ကြာကြာ သည်းခံနိုင်မယ်တောင် မထင်ပါဘူး။ ဆရာကြီးဦးသိန်းထွန်းကို အခု ကျွန်တော်သင်နေတဲ့ ကျောင်းပို့ပြီး လေးတန်းအသင်ခိုင်းကြည့်ပါ့လား။ သေချာပါတယ်။ တန်းလုံးကျွတ်အောင်မှာပဲ။ တစ်တန်းတည်းတာဝန်ယူပြီး ဖိဖိစီးစီး သင်ရတာ ဘာမှ မခက်ပါဘူး..."

        ကျုပ် သက်ပြင်းချလိုက်မိသည်။ သူ ပြောမှ ကိုယ့်ဘဝကို ပိုပြီး သနားနေမိသည်။

        "အဲဒါကို ခွဲခြားမကြည့်ရင် မိဘတွေက ဆရာကြီးကိုချည်း အပြစ်မြင်မှာစိုးလို့ပါ။ ဒီနှစ်ဆိုရင် ဒီကျောင်းကနှစ်ယောက် ကျွန်တော့်ကျောင်းကို ပြောင်းလာတယ်။ အဲဒီနှစ်ယောက်ရဲ့ အခြေအနေကို ကြည့်တော့ လက်ရေးလက်သားလည်း ကောင်းတယ်။ သင်္ချာလည်းတော်တယ်၊ ဆရာကြီး စနစ်ကျကျ သင်ပေးထားတယ်ဆိုတာ တွေ့ရတယ်။ မှန်တဲ့အတိုင်း ဝန်ခံရရင် ကျွန်တော်တို့သင်တာ ဆရာကြီးလောက် စနစ်မကျဘူး။ အဲဒီနှစ်ယောက်က ဒီမှာဆက်နေရင်လည်း အောင်မှာပဲ။ အခုတော့ ကျွန်တော်က အချောင်ကံကောင်းတာပါ..."

        ကျောင်းသားမိဘများ ငြိမ်တိတ်နားထောင်နေကြသည်။

        "မှတ်ကရော... အဲဒါ မင်းတို့ အထင်ကြီးတဲ့လူ ပြောနေတာကွ..."

        ကျုပ်ရင်ထဲမှာ ဝမ်းသာလွန်း၍ မှုန်ရီနေသော ကျုပ်မျက်လုံးမှာ မျက်ရည်ခိုးများ ဝေဝါးလာသည်။

        "ဒီတော့ ပညာအုပ်ကြီးကို အရင်ဆုံး ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ဖြစ်နိုင်ရင် ဆရာကြီးရဲ့ကျောင်းကို အနည်းဆုံး လက်ထောက်ဆရာတစ်ယောက် အမြန်ပို့ပေးစေချင်ပါတယ်။ ကျောင်းသားခြောက်ဆယ်ကျော်ဆိုတော့ နှစ်ယောက်ခွဲတမ်းလည်း ဝင်နေပါတယ်။ နောက်ပြီး မိဘတွေကိုလည်း ကျွန်တော်တောင်းပန်ချင်ပါတယ်။ ဖြစ်သမျှ ဆရာကြီးကို အပြစ်ပုံမချကြပါနဲ့။ မိဘတွေကလည်း ကျောင်းသားကို ပညာတော်စေချင်ရင် ကျောင်းမှန်မှန်လွှတ်ဖို့ အိမ်မှာစာမှန်မှန်ကျက်အောင် ခိုင်းဖို့လိုပါတယ်။ နွားကျောင်း၊ ဆိတ်ကျောင်း ခိုင်းစရာရှိရင် ကျောင်းပိတ်ရက်မှ ခိုင်းကြပါ။ ကျောင်းသားတွေ ကျောင်းမှန်မှန်တက်မယ်၊ စာမှန်မှန်ကျက်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်။ ဒီကျောင်းလည်း အောင်ချက်ကောင်းမှာ သေချာပါတယ်"

        သူ ထိုင်သွားပါပြီ။ ပညာအုပ်က မိဘများကို ပြောစရာရှိလျှင် ပြောကြဖို့ ထပ်ပြောနေပါသည်။ သို့သော် မည်သူမျှ မပြောကြတော့ပါ။ အားလုံးငြိမ်နေကြသည်။

        ထိုအချိန်မှာပင် ဘုန်းတော်ကြီးက မိဘများပညာရေးကို စိတ်မဝင်စားကြကြောင်း၊ ကလေးများကို ကျောင်းမှန်မှန်မလွှတ်ဘဲ စာမေးပွဲမအောင်မှ ဆရာကို အပြစ်တင်ကြကြောင်းပြောပြီး ဆူပါသည်။ ငေါက်ပါသည်။

        ခုမှ မိဘများလည်း ဝန်ခံကြသည်။ ကလေးများကို ကျောင်းမှန်မှန်လွှတ်ပါမည်ဟု ကတိပေးကြသည်။ ပညာအုပ်ကလည်း ဦးညွန့်အောင် ပြောသည်မှာ မှန်ကြောင်းထောက်ခံပြီး ယခု စာသင်နှစ်အတွင်းမှာပင် ဆရာမတစ်ယောက် အမြန်ဆုံးပို့မည်ဖြစ်ကြောင်း ကတိပြုသည်။

        ကျုပ်တောင်းခဲ့သည်မှာ ကြာပါပြီ။ မရခဲ့။ ကျုပ်ကို အပြတ်ချေမှုန်းကြမည့်ပွဲတွင်မှ ကျုပ် အချီးမွမ်းလည်း ခံရသည်။ ကျုပ်အတွက် အလွန်လိုအပ်နေသော လက်ထောက်ဆရာတစ်ယောက်လည်း ရတော့မည်။

        ဤပွဲသည် ကျုပ်အတွက် အောင်ပွဲ။

        ကြည့်ထားကြ။ အကောင်းဆုံးဖြစ်အောင် သင်ပြလိုက်ဦးမည်။ ပင်စင်ယူရန် သုံးနှစ်သာကျန်သည်ကိုပင် နှမြောမိသည်။ ဖြစ်နိုင်လျှင် မသေမချင်း သင်ပြလိုက်ချင်သေးသည်။

        ကျုပ်နှင့်မျက်စောင်းထိုးနေရာ ခပ်လှမ်းလှမ်းမှာရှိသော ဆရာညွန့်အောင်ကို လှမ်းကြည့်လိုက်မိသည်။ မိဘများ ငှဲ့ပေးထားသော ရေနွေးကြမ်းပူပူတစ်ခွက်ကို မှုတ်သောက်နေသည်။

        ကျုပ်သားလောက်သာ ရှိသေးသည်မှာ မှန်သော်လည်း ကျုပ် သူ့ကိုလေးစားသွားပါပြီ။

        အပြောင်းအလဲမြန်သည်ဟု ကျုပ်ကို အပြစ်ပြောချင်လည်း ပြောကြပါတော့ခင်ဗျား... ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄)

No comments:

Popular Posts