January 23, 2021

မျက်နှာမွဲကြီး ရယ်လိမ့်မည်

လယ်တွင်းသားစောချစ်

        ညွန့်အောင်...

        ကျုပ် သူ့ကို သိပ်မုန်းသည်။ နာမည်နှင့်လိုက်အောင် ညွန့်သည်။ လုပ်ပါ... အောင်မြင်နေချိန်မှာတော့ ညွန့်နိုင်ကြသည်ပေါ့။

        လူကဖြင့် အသက်တွက်လျှင် ကျုပ်သားအငယ်ဆုံးလောက်ပင် မရှိ။ ကျုပ်သားအငယ်ဆုံးက အသက်သုံးဆယ်ရှိနေပြီ။

        တောတွင်လှရွာကို မူလတန်းကျောင်းအုပ်အဖြစ်နှင့် သူရောက်လာမှ ကျုပ်အတွက်အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။

        သူ့ကျောင်းမှာ လက်ထောက်ဆရာလေးယောက် ရှိပါလျက်နှင့် လေးတန်းကို သူကိုယ်တိုင်သင်သည်။ သူ့ရွာကကြီး၍ ကျောင်းသားလည်း များသည်။ မိဘများကလည်း စီးပွားရေးအဆင်ပြေ၍ အမြင်ကျယ်ကြသောကြောင့် ကျောင်းသားများက ပညာရေးမှာ စိတ်ဝင်စားသည်။ မနှစ်က လေးတန်းမှာ သူ့ကျောင်းက လူလေးဆယ် စာမေးပွဲသွင်းသည်။ တန်းလုံးကျွတ်အောင်သည်။ ယခုနှစ်မှာ ငါးဆယ်ကျော်သွင်းသည်။ တန်းလုံးကျွတ်အောင်သည်။

        ညွန့်အောင်၏ နာမည် ဟိုးလေးတကျော်ဖြစ်သွားသည်။

        အမှန်ကတော့ သူ့ကျောင်းက ကျောင်းသားတွေအောင်တာ ဘာမျှမဆန်း။ သူ့ကျောင်းသားများက ကျောင်းသားအစစ်တွေ။ ကျောင်းမှန်မှန်တက်သည်။ စာမှန်မှန်ကျက်သည်။ သူက အချိန်ပိုခေါ်လျှင် အားလုံးလာသည်။

        ကျုပ်မှာသာ ခက်သည်။

        ကြည့်ပါ။ ကျုပ်ရွာနာမည်ကိုက လျှော်နက်ကုန်း။ ရှော်သည်ရော၊ နက်သည်ရော၊ ကုန်းသည်ပါ ဘာတစ်ခုမျှ မကောင်း။ မိဘတွေက လက်လုပ်လက်စား။ တောင်ခြေရွာမို့ တောင်ပေါ်တက်ပြီး ထင်းခုတ်၊ ဝါးခုတ်နှင့် ထမင်းတစ်လုတ် စားရရေး အပြေးအလွှား လုပ်ရသူတွေ။ ပညာရေးကိုလည်း ဘယ်သူမျှ စိတ်မဝင်စား။ စာသင်ကျောင်းပင် ဆောက်မပေးနိုင်၍ ဘုန်းကြီးကျောင်းမှာ ကပ်နေရသည်။

        ရွာမှာ အိမ်ခြေကလည်း နည်း၍ ကျောင်းသားလည်း နည်းသည်။ တစ်ကျောင်းလုံးမှ ကျောင်းသားခြောက်ဆယ်ကျော်။ ဤမျှရှိသည်ပင် ဘုန်းကြီးကျောင်းနှင့် တွဲနေ၍ ဖြစ်သည်။ ဘုန်းကြီးကျောင်းသားများပါ ပေါင်းပြီး ရေတွက်ထားရသည်။ သူတို့က မနက်ဆိုလျှင် ဘုန်းကြီးအတွက် ဆွမ်းခံထွက်ရသည်။ ပြန်ရောက်လျှင် ဘုန်းကြီးဆွမ်းကပ်ရသည်။ နေ့လယ်ရောက်မှ ကျောင်းသားပီပီဖြစ်ကြသည်။


        ကျန်သည့် ကျောင်းသားများကလည်း ဘာမျှမထူး။ မိဘနှင့် ထင်းခုတ်လိုက်ရသည်။ ဝါးခုတ်လိုက်ရသည်။ နွားကျောင်းရသည်။ ဆိတ်ကျောင်းရသည်။ ကျောင်းဆိုသည်မှာ သူတို့ကို ထမင်းပေးသောနေရာမဟုတ်။ ထို့ကြောင့် တက်ချင်သည့်ရက် တက်ပြီး ပျက်ချင်သည့်ရက် ပျက်ကြသည်။ စာကျက်ဖို့ဆိုသည်ကတော့ အဝေးကြီး။

        ကျုပ်လည်း စေတနာရှိပါသည်။ ညွန့်အောင်လို အချိန်ပိုခေါ်ပြီး သင်ချင်ပါသည်။ သို့သော် ကျုပ်ကျောင်းမှာက အချိန်ပိုထား၍ ကျောင်းကိုပင် မှန်မှန်တက်ချင်ကြသည်မဟုတ်။ စာမေးပွဲနီးမှ ကျောင်းမှန်မှန်တက်ဖို့ မနည်းချော့သင်နေရသောအဖေစ်။

        သူသင်ရသော ကျောင်းနှင့် သူသင်ပေးရသော ကလေးမျိုးဆိုလျှင် ကျုပ်လည်း သင်ပြလိုက်ချင်သည်။ ဆရာလုပ်လာတာ အံတိုရုံမက ရှေ့သွားနှစ်ချောင်းပင် ကျိုးကုန်ပြီ။

        ကျုပ်ရွာမှာ လူများက အကျိုးအကြောင်းဆက်စပ်ပြီး ဘာမျှမသိ။ အထူးသဖြင့် ညီမောင်၊ သူခေါင်းဆောင်ပြီး ကျုပ်ကို ပညာအုပ်ဆီ စာရေးပြီး တိုင်သည်။ လေးတန်းတစ်ယောက်မျှ မအောင်သည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း။ သူ့သားအကြီးကောင်ကိုလည်း ညွန့်အောင်ကျောင်းပို့သည်။ သွားပေါ့။ သူက ကုန်စုံဆိုင်ဖွင့်ပြီး  ဆင်းရဲသားများကို အမြတ်ကြီးစားနေရ၍ စက်ဘီးဝယ်နိုင်သည်ကိုး။ သူ့သားက သုံးမိုင်ခရီးကို နေ့စဉ်စက်ဘီးနှင့် သွားတတ်သည်။ သားအငယ်က ကျုပ်ဆီမှာ။

        ပညာအုပ်က ကျုပ်ကျောင်းကို လာစစ်မည်ဟု ဆိုသည်။ လာပေါ့။ စစ်ပေါ့။ ကျုပ်ကလည်း မိဘများအသုံးမကျပုံ။ ကလေးများကို ကျောင်းမှန်မှန်မလွှတ်ပုံ၊ ကလေးများ ပညာသင်ကြားရေးမှာ စိတ်မဝင်စားပုံ စုံနေအောင်ပြောရမည်။ ဤကြားမှပင် အလုပ်ဖြုတ်လျှင်လည်း ဖြုတ်ပေါ့။ ကျုပ်ပင်စင်သွားဖို့ သုံးနှစ်သာ လိုပါတော့သည်။ သူမဖြုတ်နိုင်ပါဘူး။ ကျုပ်လုပ်ခဲ့သည်က အများကြီး။ ကျုပ်လည်း အရင်က နာမည်ကောင်းရခဲ့သည်မှာ အများကြီး။

        ခုမှ ညွန့်အောင်... ညွန့်အောင်နှင့် ဆရာညွန့်အောင် ဖြစ်နေကြသည်။ ဟင်း ... ဟင်း သူက နာမည်သိပ်ကြီးနေသည်။ မြို့နယ်ကလည်း ချီးမွမ်း၊ ဆုတွေပေး။ ရွာကလည်း ချီးမွမ်း၊ ဆုတွေပေး။

        ကျုပ်ရွာကတော့ ကျုပ်ကို အပြင်းအထန် ရှုံ့ချပြီး ညွန့်အောင်ကို အကြီးအကျယ် ချီးမွမ်းနေကြသည်။ ယခုနှစ်တွင် စက်ဘီးမရှိသော ကလေးနှစ်ယောက်ပါ ညွန့်အောင် ကျောင်းသို့ ပြောင်းသွားကြသည်။ သုံးမိုင်ခရီးကို ခြေကျင်သွားသည်။ ဧရာမသူရဲကောင်းလေးများ ...။ သုံးတန်းအထိ ကျုပ်သင်ခဲ့ရသည်မို့ နှမြောစရာတော့ အ ကောင်းသား။ တော်လည်း တော်ကြသည်။ ကျုပ်က ယခုနှစ်မှာ သူတို့ နှစ်ယောက်ကို အားကိုးထားသည်။ သူတို့က ညွန့်အောင်ကျောင်းသွားကြပြီ။ သိပ်နာသည်။ ကျုပ်ကျောင်းမှာနေလျှင်လည်း အောင်မည့်ကလေးများ။ ညွန့်အောင်က အချောင်နာမည်ရဦးမည်။ ကျုပ်ဆီမှာ ကျန်ခဲ့သည့် လေးတန်းနှစ်ယောက်က တကယ့် ခဲမူးစေ့တွေ။ မည်မျှပင် လက်ပူအောင် ပွတ်သော်လည်း မပြောင်မလက်နိုင်သူတွေ။ ကျုပ်နာမည် ထပ်ပျက်ဦးမည်။

        တောတွင်လှရွာကို ညွန့်အောင် ရောက်လာကတည်းက ကျုပ်အတွက် နာမည်ပျက်ဖို့ချည့်ဖြစ်နေသည်။ ကျုပ် ညွန့်အောာင်ကို မုန်းသည်။ သိပ်မုန်းသည်။ ယနေ့ ပညာအုပ်လာမည်။ စာသင်ခန်းများကို ကျောင်းနှင့်တူအောင် တတ်နိုင်သမျှ ပြင်ဆင်ထားရသည်။

        ဆရာတော်ဘုန်းကြီးက အားပေးပါသည်။ ပညာအုပ်လာလျှင် ကျောင်းသားများ ကျောင်းမှန်မှန်မတက်ကြောင်း၊ မိဘများက လက်လုပ်လက်စားဖြစ်၍ ပညာရေးမျက်စိမပွင့်ကြောင်း သူပြောပေးပါမည်ဟု ဆိုသည်။

        သို့သော် ရွာသူရွာသား မိဘများကလည်း ယနေ့မှ ညီမောင်ခေါင်းဆောင်ပြီး တက်ကြွနေကြသည်။ ပညာအုပ်ကို ဧည့်ခံရန် နွားနို့၊ လက်ဖက်ရည်ချို၊ ရေနွေးကြမ်းနှင့် မုန့်ချပ်များ ပဲလှော်သုပ်များ အဆင်သင့်လာပို့ကြသည်။ ကျုပ်ပင် ဘာမျှလုပ်စရာမလို။ ကျောင်းကိုလည်း စုံစုံညီညီ ရောက်လာနေလိုက်ကြသေးသည်။

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃)

No comments:

Popular Posts