January 22, 2021

အဖြစ်များတဲ့ဆီးချိုရောဂါ

ပေါက်ပေါက်

        မြန်မာနိုင်ငံအတွင်း ဆီးချိုရောဂါဖြစ်ပွားရသည့် အကြောင်းရင်းမှာ နှစ်ချက်သာရှိနေပါတယ်။ ၎င်းတို့မှာ မျိုးရိုးကြောင့်ဖြစ်ပွားခြင်းနှင့် အစားအသောက်ကြောင့် ဖြစ်ပွားခြင်းတို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးများ၏ သွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များ၊ သွေးရည်အပျစ်အကျဲ ပြောင်းလဲမှုစနစ်များနှင့် ကိုယ်လက်လှုပ်ရှားမှုအပိုင်းတွင် လွန်စွာအားနည်းခြင်းတို့ကြောင့် ဆီးချိုသွေးချိုရောဂါဟာအမျိုးသားများထက် အမျိုးသမီးတွေမှာ ပို၍အဖြစ်များပါတယ်။

        ဆီးချိုလို့ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာ အချိုဓာတ်တွေရှိသင့်သည်ထက် လွန်ကဲစွာများပြားနေခြင်းပါ။ သွေးထဲကနေမှ ဆီးထဲမှာပါလာပြီး၊ လူအများစုက ဆီးချိုရှိမှန်း မသိခဲ့ကြဘဲ၊ အခြားရောဂါကုသရန် သွေးနှင့် ဆီးတို့ကိုစစ်ဆေးရင်း သို့မဟုတ် ဆီးချိုပမာဏတက်ကာ လွန်စွာ နာမကျန်းဖြစ်တော့မှ သိလာရပါတယ်။ အကယ်၍ သွေးချိုလွန်ကဲစွာ မများသော်လည်း ရှိသင့်သည့်ပမာဏထက် များနေသေးပါက နှစ်ကာလ ရှည်ကြာလာတဲ့အခါမှာ နောက်ဆက်တွဲရောဂါများကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ အလုပ်မလုပ်နိုင်တော့ဘဲ အသက်တိုသည်အထိ ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာများ

        ရေငတ်ခြင်း (အာခြောက်ခြင်း)၊ ရေခဏခဏသောက်ခြင်း၊ အစာခဏခဏစားခြင်း၊ ဆီးသွားများခြင်း၊ ညဘက်ဆီးခဏခဏထသွားရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နေထိုင်မကောင်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း၊ အမြင်အာရုံမကောင်းတော့ခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း သို့မဟုတ် ရောင်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း စသည်တို့မှာ ဆီးချိုရောဂါသည် အများစုတွင် တွေ့မြင်ရတဲ့ ရောဂါလက္ခဏာများ ဖြစ်ကြပါတယ်။

နောက်ဆက်တွဲပြဿနာများ

        ဆီးချိုသွေးချိုကြောင့် နောက်ဆက်တွဲရောဂါများအနေဖြင့် မျက်စိမှုန်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းစသည့် မျက်စိရောဂါများအပြ င် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ခန္ဓာကိုယ်အဖျားပိုင်းရှိ အာရုံကြောများထိခိုက်ခြင်း၊ ဆီးတွင်းပိုးဝင်ခြင်း၊ အရေပြားယားယံခြင်း၊ အရေပြားအနာပေါက်ခြင်း၊ ခြေလက်ထုံကျင်ခြင်း၊ ကိုယ်ခန္ဓာရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ပန်းသေခြင်း၊ ရာသီသွေး ရပ်စဲသွားခြင်း၊ အားယုတ်ခြင်း စသော ရောဂါဝေဒနာများ ခံစားရလေ့ ရှိပါတယ်။

ဓာတ်ပုံ - deardoctor

မှန်ကန်သောစားသောက်ပုံနည်းလမ်းများ

        ဝေဒနာရှင်များအနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးနိုင်မှသာ ဆီးချို၊ သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့စားသုံးမှုဆိုသည်မှာ မှန်ကန်သည့် အစားအစာအမျိုးအစား၊ မှန်ကန်သည့် အစားအစာပမာဏ၊ မှန်ကန်သည့် အစားအစာစားသောက်ချိန် စသည့် သုံးချက်စလုံးနှင့် ကိုက်ညီသော စားသုံးမှုကို ဆိုလိုပါတယ်။ အကြောက်လွန်ကဲပြီး အစားအစာရှောင်လွန်းတာဖြစ်စေ၊ ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများကို မသိ၍ဖြစ်စေ၊ မကြောက်၍ဖြစ်စေ၊ အစားအသောက်ကို မရှောင်ဘဲ စားလွန်းလျှင်ဖြစ်စေ၊ ဆီးချိုထိန်းချုပ်မှု အောင်မြင်နိုင်မည်မဟုတ်ဘဲ ဆိုးကျိုးရလဒ်တွေသာ ဖြစ်ပေါ်လာနိုင်ပါတယ်။

လုပ်ဆောင်သင့်သည့် အချက်

        နေရောင်ခြည်ထဲမှာပါတဲ့ ဗီတာမင်ဒီက သွေးထဲရှိ ဂလူးကို့စ်ပမာဏကို ထိန်းပေးတာကြောင့် နံနက်ပိုင်း ၁၅ မိနစ်ခန့် နေပူစာလှုံပါ။ ထမင်းစားပြီး ၁၅ မိနစ်လောက် လမ်းလျှောက်ပေးခြင်းက တခြားအချိန်တွေမှာ ခပ်ကြာကြာ လမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏ လျော့ကျနှုန်းပိုမြန်ဆန်စေပါတယ်။ အထူးသဖြင့် နေ့လယ်စာစားပြီး လမ်းလျှောက်ခြင်းထက် ညစာစားပြီး လမ်းလျှောက်တဲ့အခါ စားထားတဲ့အစာတွေမှာပါတဲ့ ဂလူးကို့စ်ဓာတ်တွေ လောင်မြိုက်သွားစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ ၎င်းဂလူးကို့စ်တွေ တစ်ညတာလုံး ခိုအောင်းမနေတော့ပါ။

ရှောင်ရန်အစားအစာများ

        အာဟာရဖြင့် ထိန်းသိမ်းကုသသည့်အနေဖြင့် သကြား၊ နို့ဆီပါဝင်သောအစားအစာများ၊ ထန်းလျက်၊ မလိုင်များနှင့် ချိုသောအသီးများ စားသုံးခြင်းမှ ရှောင်ရှားသင့်ကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်းမှ အကြံပြုထားပါတယ်။

        ပြည့်ဝဆီများဖြစ်ကြတဲ့ ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီ၊ တိရစ္ဆာန်ဝမ်းတွင်းသားအဆီတို့ကို လုံးဝမစားသင့်ပါဘူး။ အထူးသတိပြုရန်မှာ ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးနေသူများဟာ အသားဓာတ်ကိုလျှော့၍ စားပေးရပါမယ်။ သစ်သီးများအနေဖြင့် အချိုဓာတ်ပါသော လိမ္မော်သီး၊ ဒူးရင်းသီး၊ နာနတ်သီးတွေကို အထူးရှောင်ရှားသင့်ပါတယ်။

ဆောင်ရန် အစားအစာများ

        စားသုံးသင့်သော အစားအစာများမှာ ဆန်ဖြင့်ပြုလုပ်ထားသော အစားအစာများ၊ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊ ဆန်ပြုတ်၊ နန်းကြီးသုပ်၊ ကောက်ညှင်း၊ ဆီထမင်း၊ ဂျုံခေါက်ဆွဲ၊ ဂျုံကြာဆံ၊ နံပြား၊ ပလာတာ၊ ငါးအမျိုးမျိုး၊ အဆီမပါသည့် ဆိတ်သား၊ အမဲသား၊ ဝက်သား၊ ဘဲသား၊ အရေခွံမပါသည့် ကြက်သား၊ ပုစွန် (ခေါင်းမပါ)၊ ပဲဆီ၊ သံလွင်ဆီ၊ ငါးမှရသောအဆီ၊ နှမ်းဆီတို့ ဖြစ်ပါတယ်။

        ဗီတာမင်စီကြွယ်ဝတဲ့ အချိုပေါ့သော မာလကာသီးကို ဦးစားပေးစားသင့်ပါတယ်။ မာလကာသီးကို အပေါ်ယံအခွံဖယ်ပြီး နေ့စဉ်စားပါ။ ရေက ခန္ဓာကိုယ်ထဲရှိ သကြား (ဂလူးကို့စ်)ပမာဏကို ထိန်းပေးတာကြောင့် ရေများများသောက်ပါ။ (တစ်နေ့ကို နှစ်လီတာရှိ သောက်ရေသန့်ဘူး နှစ်ဘူးခန့် သောက်ပါ။)

        ညအိပ်ရာဝင်ခါနီး ရုံးပတီသီးနှစ်တောင့်ကို ရေစင်အောင် ဆေး၍ ထိပ်နှစ်ဖက်လှီးဖြတ်ပါ။ အလယ်ကထက်ခြမ်းခြမ်းပြီး သောက်ရေသန့်ဖြည့်ထားသော ဖန်ခွက်ထဲထည့်၍ အဖုံးဖုံးကာ တစ်ညသိပ်ပါ။ အိပ်ရာထ နံနက်စာမစားခင် စိမ်ထားသော ၎င်းအရည်ကိုသောက်ပါ။(ရေစိမ်ထားသော ရုံးပတီသီးကို စားဖို့မလိုအပ်ပေ။) ရုံးပတီသီးကို ဟင်းချက်၍လည်းကောင်း၊ ရေနွေးဖျော်၍လည်းကောင်း အပူပေးစားသုံးပါ။)

        အရသာခါးသက်သက်ရှိသော ခံတက်ပင်၏ ပင်စည်အခေါက်ကို လေးခွက် တစ်ခွက်တင်ကျိုချက်၍ သောက်ပါ။ နံနက်အိပ်ရာထအစာမစားခင် ကြက်ဟင်းခါးသီးဖျော်ရည် သောက်ပါ။ ဆီးဖြူသီးပြုတ်ရည် သောက်ပေးပါ။ ကင်းပုံခါးသီး များများစားပါ။ ဗေဒါပန်းပွင့်ကို ပြုတ်၍သုပ်စားပေးပါ။ သို့မဟုတ် ဗေဒါပန်းပွင့်ကို အခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍သောက်ပါ။ ခဝဲ(ခါး)သီးကို ကြော်ချက်စားခြင်း သို့မဟုတ် ခဝဲသီးကို အခြောက်လှန်း အမှုန့်ပြု၍ တစ်ခါသောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပေးပါ။

        ဆီးချိုသွေးချိုဝေဒနာရှင်များ သွေးမလှူသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိုဝေဒနာရှင်များမှာ ၎င်းတို့ မှီဝဲနေရသော ပဋိဇီ၀ဆေးဝါးများနှင့် သွေးထဲရှိအင်ဆူလင်ဟာ သွေးအလှူခံရမည့်သူအတွက် အနည်းနဲ့ အများဆိုသလို ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါလိမ့်မယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၁)

No comments:

Popular Posts