မှူးဝတ်ရည်
မြန်မာနိုင်ငံ အနှံ့အပြားတွင် ငုံးမွေးမြူခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသောသူများရှိသလို စီးပွားဖြစ်မွေးမြူ၍ လုပ်ငန်းအောင်မြင်နေသောလုပ်ငန်းရှင်များလည်း ရှိပေသည်။ အထူးသဖြင့် ငုံးမွေးမြူခြင်း၊ အစာကျွေးမွေးခြင်း၊ ရောဂါကင်းရှင်းအောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဥထုတ်လုပ်ခြင်း စသည့် ငုံးမွေးမြူရေးနှင့်ပတ်သက်သော အကြောင်းအရာများကို သိရှိထားရန် လိုအပ်ပေသည်။ ထို့ကြောင့် ငုံးမွေးမြူရေးနှင့် ပတ်သက်၍ အဆင့်ဆင့်ဆောင်ရွက်ပုံများကို လေ့လာစုစည်း ကောက်နုတ်ရေးသား တင်ပြလိုက်ရပေသည်။
မြန်မာနိုင်ငံတွင် အများဆုံးမွေးမြူလျက်ရှိသော ငုံးမျိုးများမှာ ကိုတာနစ်ငုံး၊ ဂျပွန်နီကာငုံး(ဂျပန်ငုံး)တို့အကြောင်းကို တင်ပြလိုပေသည်။ အဆိုပါ ကိုတာနစ်ငုံး၊ ဂျပွန်နီကာငုံးမျိုးတို့သည် ဥနှုန်းမြင့်မားပြီး ယဉ်ပါးလွယ်ခြင်းနှင့် အစာရေစာကောင်းမွန်ပါက အလွန်ဆူဖြိုးသော ငုံးမျိုးဖြစ်သည်။ စားရာတွင် နူးညံ့ပြီး အရသာရှိသလို ငုံးဥမှာလည်း ဗီတာမင်ဓာတ်ပြည့်၀သည့် ဥတစ်မျိုးဖြစ်သည်။ ငုံးဥတစ်လုံးမှာမူ ကြက်ဥနှစ်လုံးးနှင့် ညီမျှသည့် ဗီတာမင်ဓာတ်ပါဝင်သည်။
ငုံးစတင်မွေးမြူမည်ဆိုပါက နှစ်ရက်သား၊ ခုနစ်ရက်သား၊ ၂၁ ရက်သား၊ ၃၅ ရက်သား၊ ၄၅ ရက်သား စသည်တို့အနက်မှ မိမိကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်မွေးမြူသင့်သည်။ သို့သော် မိမိရေမြေသ ဘာ၀နှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်ရန် အရေးကြီးသည်။ အဆိုပါ ရွေးချယ်မွေးမြူနိုင်သော ငုံးများ၏ သဘောသဘာ၀ကို နှိုင်းယှဉ်ကြည့်လျှင် နှစ်ရက်သားနှင့် ခုနစ်ရက်သား ငုံးကလေးများကို ဝယ်ယူမွေးမြူမည်ဆိုပါက တစ်နေရာမှတစ်နေရာကို အလွယ်တကူ ပြောင်ရွှေ့ရန် ခက်ခဲသည်။ ငုံးကလေးများသည် အပူငွေ့ဓာတ်ပေးထားရဆဲဖြစ်သောကြောင့် အပူငွေ့ဓာတ်အဆက်မပြတ် ရရှိစေနိုင်မှသာ စိတ်ချရသည်။ အပူငွေ့ဓာတ် အဆက်ပြတ်သွားလျှင် အအေးဒဏ်ခံရသောကြောင့် မမျှော်လင့်ဘဲ သေကြေပျက်စီးတတ်သည်။
![]() |
ဓာတ်ပုံ - pastureone |
၁၄ ရက်သားမှ ၂၁ ရက်သား ငုံးကလေးများကို မွေးမြူရာတွင်လည်း အပူငွေ့ပေးအိမ်ထဲတွင် ၂၈ ရက်သားအထိ အပူငွေ့ဆက်တိုက်ပေးထားရန် လိုအပ်သည်။ ထို့ကြောင့် မီးမလွတ်သေးသော ငုံးငယ်ကလေးများကို ဝယ်ယူမွေးမြူမည်ဆိုပါက အဆင်သင့်အနွေးဓာတ်ပေးအိမ်ကလေးများကို ငုံးကောင်ရေအလိုက် ပြုလုပ်ထားပေးရန် လိုအပ်ပေသည်။
မွေးမြူရန်အကောင်းဆုံးငုံးမှာ ၂၈ ရက်သား(မီးလွတ်)ငုံးများကို မွေးမြူခြင်းသည် အကောင်းဆုံးဖြစ်သည်။ အဆိုပါငုံးသည် ကြီးထွားမှုတူညီခြင်း၊ အစာကျွေးရာတွင် ကုန်ကျစရိတ်တူညီခြင်း၊ ငုံးအိမ်တည်ဆောက်ရာတွင် တစ်ညီတည်း တည်ဆောက်နိုင်၍ လုပ်ငန်းတွင်ကျယ်ပြီး ကုန်ကျစရိတ်သက်သာခြင်း၊ ဥသောအရွယ်သို့ ရောက်သောအခါ တစ်ပြိုင်တည်းဥဥခြင်း၊ တစ်ပြိုင်တည်း ဥဥခြင်းကြောင့် အများအပြားထုတ်လုပ်ရောင်းချနိုင်သည့်အကျိုးများ ရရှိစေမည်ဖြစ်ပါသည်။ အထူးသဖြင့် ငုံးကောင်ရေ ၉၅ ကောင်မှ ၁၂၀ ကောင်ထိဆံ့သောပုံစံ၊ အစာခွက်၊ သောက်ရေခွက်များ စနစ်တကျ ထားရှိပေးရန် လိုအပ်ပါသည်။
ငုံးများအား အစာကျွေးမွေးရာတွင် ရောစပ်ထားသောအစာများ စနစ်တကျကျွေးမွေးပါက ဥဥနှုန်းမြင့်မားပြီး သက်တမ်းပိုမိုရှည်စေပါသည်။ ငုံးအစာထဲတွင် အာဟာရဖြစ်စေမည့် ဗီတာမင်များနှင့် သတ္တုဓာတ်များ ပါဝင်ရန် အရေးကြီးသည်။ ငုံးများတွင် ဗီတာမင်ချို့တဲ့ပါက ဥဥနှုန်းကို ထိခိုက်စေသည့်အပြင် သက်တမ်းကိုလည်း တိုစေသည်။ ထို့ကြောင့် ငုံးစာများတွင် ဗီတာမင်၊ ပရိုတင်း၊ သတ္ထုဓာတ်ပါဝင်သော အစာစပ်နည်းများအနေဖြ င့် ငုံးငယ်လေးများအတွက် ပြောင်းဖူးမှုန့်လေးပေါင်၊ ဆန်ကွဲ ခြောက်ပေါင်၊ နှမ်းဖတ်မှုန့် ၂၀ ပေါင်၊ ပဲဖတ်မှုန့် ၁၅ ပေါင်၊ ဖွဲနု ၁၅ ပေါင်၊ ငါးမှုန့် ၂၀ ပေါင်၊ ပုစွန်မှုန့် ၁၀ ပေါင်၊ ထုံးခြောက်မှုန့် လေးပေါင်၊ ခရုမှုန့် နှစ်ပေါင်၊ ငါးကြီးဆီ လေးပေါင် ရောစပ်ကျွေးမွေးရေည်။ ငုံးလတ်များအတွက် ပြောင်းဖူး လေးပေါင်၊ ဆန်ကွဲ ၃၀ ပေါင်၊ နှမ်းဖတ်မှုန့် ၂၀ ပေါင်၊ ပဲဖတ်မှုန့် ၁၀ ပေါင်၊ ဖွဲနု ၁၀ ပေါင်၊ ငါးမှုန့် ၁၅ ပေါင်၊ ပုစွန်မှုန့် ၁၅ ပေါင်၊ ထုံးခြောက်မှုန့် လေးပေါင်၊ ခရုမှုန့် နှစ်ပေါင်၊ ငါးကြီးဆီ ကိုးပေါင်၊ ငုံးကြီးများအတွက် ပြောင်းဖူးမှုန့် သုံးပေါင်၊ ဆန်ကွဲ ၁၂ ပေါင်၊ နှမ်းဖတ်မှုန့် ၂၄ ပေါင်၊ ပဲဖတ်မှုန့် ကိုးပေါင်၊ ဖွဲနု ရှစ်ပေါင်၊ ငါးမှုန့် ၁၄ ပေါင်၊ ပုစွန်မှုန့် ၁၃ ပေါင်၊ ထုံးခြောက်မှုန့် လေးပေါင်၊ ခရုမှုန့် ခုနစ်ပေါင်၊ ငါးကြီးဆီ ကိုးပေါင် စသည်ဖြင့် ရောစပ်ကျွေးမွေးနိုင်ပါသည်။ ၎င်းအပြင် ဗီတာမင် (အေ၊ ဒီ၊ အီး၊ အေ )ဆေးများ အချိုးကျထည့်၍ ကျွေးမွေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။
ငုံးမွေးမြူရာတွင် ရေမပြတ်စေရန် အမြဲဂရုစိုက်ရမည်။ ရေသည် အစာကိုကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို ဟန့်တားရာတွင် အထောက်အကူဖြစ်သည်။ ရေကို နေ့စဉ်လဲပေးရန် လိုအပ်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ၎င်းအပြင် ထုံးကျောက်မှုန့်နည်းပါကလည်း ငုံးများဥဥရာတွင် အခွံများပါးပြီး ပျော့နေတတ်သည့်အတွက် သတ္တုဓာတ်များကို ချိန်ဆ၍ ထည့်သွင်းကျွေးမွေးရမည်။ သတ္တုဓာတ်များအနေဖြင့် ဖော့စဖောရပ်၊ အိုင်အိုဒင်း၊ မဂ္ဂနီပိုတက်စီယမ်၊ ဆိုဒီယမ်၊ မက်ထရိုက်စီယံတို့ဖြစ်ပေသည်။
ငုံးများတွင် ဖြစ်တတ်သောရောဂါများမှာ မားရက်ရောဂါဖြစ်ပြီး အဆိုပါရောဂါဖြစ်ပြီဆိုပါက ငုံးများကုပ်နေခြင်း၊ အစာစားနည်းသွားခြင်း၊ အသက်ရှူမြန်ခြင်း၊ ဘေးတစ်ဖက်သို့ စောင်းကျခြင်း၊ လည်ပင်းလိမ်ခြင်း၊ ဝမ်းသွားခြင်းများ ဖြစ်ပေါ်တတ်ပြီး သေဆုံးမှုရှိနိုင်သည့်အတွက် ကြိုတင်ကာကွယ်ဆေးထိုးထားသင့်သည်။
ထို့ပြင် ဝမ်းရောဂါကျရောက်ပါက အပြင်းဖျားပြီး မှိုင်ကုပ်၍ အစာမစားခြင်း၊ အသက်ရှူခက်ခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ အစိမ်းရောင် ဝမ်းသွားခြင်းများ ဖြစ်ပေါ်ပြီး ရုတ်တရက်သေဆုံးနိုင်သည့်အတွက် အစာနှင့် ရေတွင် တက်ထရာဆိုက်ကလင်းဆေး ထည့်သွင်းကျွေးမွေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
ငုံးများ၏ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သောရောဂါမှာ ချေးဖြူရောဂါဖြစ်သည်။ အဆိုပါရောဂါ ကျရောက်ပြီဆိုပါက အသက်ရှူကျပ်ခြင်း၊ မှိုင်ကုပ်ခြင်း၊ ဥနှုန်းကျဆင်းခြင်း၊ အဖြူရောင်ဝမ်းသွားခြင်း စသည့်လက္ခဏာများ တွေ့ရတတ်ပြီး ကြိုတင်ကာကွယ်မှုအနေဖြင့် ဆာလ်ဖာမီရာရင်း သုည ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ဖျူရာဇိုလီဒုန်း သုည ဒသမ ၀၄ ရာခိုင်နှုန်း သို့မဟုတ် ကလိုတက်ထရာဆိုက်ကလင်း ၁၀၀ မီလီဂရမ်နှုန်း ထည့်ကျွေးနိုင်ပါသည်။
ထို့ပြင် ငုံးများ မွေးမြူရာတွင် ဇီ၀လုံခြုံမှုညံ့ခြင်း၊ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် အူရောင်ရောဂါများလည်း ဖြစ်ပွားနိုင်ပါသည်။ အဆိုပါ အူရောင်ရောဂါဖြစ်ပွားပြီဆိုပါက ငုံးများ အမွေးအတောင်များကျခြင်း၊ မှိုင်ကုပ်နေခြင်း၊ အစားပျက်၍ ဝမ်းသွားခြင်း၊ ဝမ်းသွားရာတွင် အညိုရောင်နှင့် အဖြူရောင်များသွားခြင်း စသည့် လက္ခဏာများတွေ့ရတတ်ပြီး ကာကွယ်ဆေးအဖြစ် အမောက်စလင်၊ နီဂိုမိုစင်၊ အင်နိုဖလိုဆာစင်၊ စီပရိုစင်ဆေးများကို ဆေးညွှန်းအတိုင်း တိုက်ကျွေးရန် လိုအပ်ပေသည်။ ၎င်းအပြင် လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါများလည်း ဖြစ်တတ်ပြီး အဆိုပါရောဂါများသည် ကူးစက်မြန်ပြီး ရောဂါပြင်းထန်ပါက လက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးနိုင်သည်။ ထို့ကြောင့် လည်လိမ်ရောဂါကာကွယ်ဆေးနှင့် သွေးဝမ်းကျရောဂါလက္ခဏာဆေးများကိုလည်း တိုက်ကျွေးပေးသင့်ပါကြောင်း ငုံးမွေးမြူသူများ သိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃)
No comments:
Post a Comment