January 19, 2021

မြေပဲတောင့်ကို ဒုက္ခပေးတဲ့ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ

မောင်ငြိမ်းအောင်(တန့်ဆည်)

        တောင်သူလယ်သမားကြီးများကို သတိပြုဖို့ ဆွေးနွေးလိုတဲ့အချက်ကတော့ မိုးမြေပဲများ သိုလှောင်ချိန်မှာ ဒုက္ခပေးတတ်တဲ့ မြေပဲတောင့်ဖျက်ဆီးတဲ့ ကျိုင်းညိုအကြောင်းပဲ ဖြစ်ပါတယ်။

        ကျိုင်းညိုဟာ နှစ်စဉ်ကျရောက်တဲ့ပိုးဖြစ်ပါတယ်။ မြေပဲတောင့်အဟောင်းများ၊ မြေပဲဆန်အဟောင်းများ၊ မြေပဲအိတ်များမှာ ဥများ၊ ရုပ်ဖုံးများ၊ အကောင်ကြီးများတွယ်ကပ်ပြီး သံသရာစက်ဝန်း ဆက်ရှည်နေတတ်ကြပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားကြီးများက သတိမမူမိဘဲ ဖြစ်နေကြပါတယ်။ ဒီကျိုင်းညိုဟာ မြေပဲတောင့်များ အခြောက်လှန်းပြီး သိုလှောင်တဲ့အချိန်ရောက်မှ ကျရောက်တတ်တဲ့ပိုး ဖြစ်ပါတယ်။

ဓာတ်ပုံ - ippmedia.com

        မြေပဲပေါ်ချိန်နဲ့ ချိန်ကိုက်ပြီး ပဲတောင့်အဟောင်းတွေမှာ တွယ်ကပ်ကျန်နေတဲ့ ကျိုင်းကောင်အထီးအမတွေ ဟာ မိတ်လိုက်ပြီး အမများဟာ မြေပဲတောင့်ရဲ့ အပြင်ဘက်အခွံပေါ်မှာ ဥဥပါတယ်။ ဥကနေ အကောင်ပေါက်ပါတယ်။ ဥပေါက်ခါစအကောင်ငယ်မှ အကောင်ကြီးထိ ၄၂ ရက်ကြာပါတယ်။ အကောင်ကြီးက ဘဲဥပုံအညိုရောင်ရှိပြီး ၄ မီလီမီတာမှ ၇ မီလီမီတာကျယ်ပါတယ်။ ကြီးမားတဲ့အတောင်အနက်စင်းများပါပြီး နောက်ခြေထောက်များရှိပါတယ်။ ဥမှပေါက်စ အကောင်လေးတွေဟာ မြေပဲခွံကို အပေါက်ဖောက်ဝင်၍ အတွင်းမှ မြေပဲဆန်ကို စားပစ်ပါတယ်။ အကောင်ငယ်စဉ်မှာ ဖျက်ဆီးမှုလက္ခဏာကို ထင်ရှားစွာမတွေ့ရသဖြင့် ဖျက်ဆီးခံရမှု များလာတဲ့အခါမှသာ တွေ့ရတဲ့အတွက် မသိလိုက်ရဘဲ ဆုံးရှုံးရမှုများတာ တွေ့ရပါတယ်။ မြေပဲတောင့်မှာ ပိုးဖောက်ထားတဲ့ အပေါက်ကလေးများကို ထင်ရှားစွာ တွေ့ရပါတယ်။

        ဒီကျိုင်းညိုကို ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့ ပဲတောင့်၊ ပဲဆန်၊ ပဲအိတ်ဟောင်း အကြွင်းအကျန်များကို ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်တွယ်ကပ်နေမှု ရှိ၊ မရှိ၊ ပဲသိုလှောင်ထားခဲ့တဲ့နေရာမှာ ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်များတွယ်ကပ်နေမှု ရှိ၊ မရှိ ကြိုတင်စစ်ဆေး၍ ဆေးဖြင့် အမြစ်ပြတ်သုတ်သင်ပါ။ ပဲတောင့်၊ ပဲဆန်များကို ကျိုင်းညိုပိုးမဥမီ လူက ဝီရိယဖြင့် ဆေးစီရင်ခြင်းကို ကြိုတင်ကာကွယ်ပါ။ အဆိပ်ငွေ့မှိုင်းတိုက်နည်း အသုံးပြုပါ။ မြေပဲတောင့်ကို ဆေးစီရင်ပြီးပါက လေလုံသောပုံးများဖြင့် စနစ်တကျ သိုလှောင်ပါ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇)

No comments:

Popular Posts