January 18, 2021

ကွန်ပျူတာနှင့် ကျန်းမာရေး

ဒေါက်တာနိုက်တင်ဂေးလ်

        ယနေ့ သိပ္ပံနည်းပညာခေတ်ကြီးမှာ လျှပ်စစ်ပစ္စည်းများ တိုးတက်ထွန်းကားလာပြီး အသုံးများလာတာမို့ လူနေမှုဘ၀တွေ မြင့်မားပြည့်စုံလာတာနဲ့အမျှ ကျန်းမာရေးထိခိုက်မှုပြဿနာတွေလည်း များပြားလာပါတယ်။ယနေ့ လူနေမှုဘဝမှာ ကွန်ပျူတာပေါ်လာပြီး ကွန်ပျူတာကြောင့် လုပ်ငန်းပိုင်းမှာ တွင်ကျယ်လာပေမယ့် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

        ကျန်းမာရေးသုတေသီတို့ရဲ့ တွေ့ရှိချက်များအရ တစ်နေရာတည်းမှာ အချိန်အကြာကြီး ငြိမ်ငြိမ်သက်သက် ထိုင်နေတာဟာ အချိန်ကြာလာတဲ့အခါ ဆီးချိုရောဂါဝေဒနာသည်ဖြစ်ဖို့ အလားအလာ ၁၁၂ ရာခိုင်နှုန်းရှိပြီး နှလုံးရောဂါဖြစ်ဖို့ ၁၄၇ ရာခိုင်နှုန်း သေချာတာမို့ အချိန်မကျခင် သက်တမ်းမစေ့ဘဲ အသက်သေဆုံးနိုင်ခြင်း ၄၉ ရာခိုင်နှုန်း သေချာနေကြောင်း ဒိုင်ယာဘီတီလိုရီယာဆေးပညာစာစောင်မှာ ရေးသားထားပါတယ်။ ဒီနေရာမှာ ကြာကြာထိုင်နေသူများရဲ့ ကြွက်သားများ အလုပ်လုပ်မှု နည်းလာတတ်တယ်ဆိုတာ မမေ့အပ်တဲ့အချက်ပါပဲ။

        တကယ်တော့ ကွန်ပျူတာကို အချိန်ကာလရှည်ကြာ အသုံးပြုတာရယ်၊ ပုံစံမမှန် ပုံစံမကျတာကြောင့် ကျ န်းမာရေး ထိခိုက်မှုတွေ ဖြစ်ကြတာများပါတယ်။ တစ်ကမ္ဘာလုံးမှာ ကွန်ပျူတာဟာ လူထုအများစုအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ ကွန်ပျူတာကြောင့် မျက်လုံးအမြင် ထိခိုက်ခြင်း၊ ကိုယ်အနေအထား ဆိုးရွားခြင်း၊ လက်ချောင်းလက်ဆစ်ရောင်ရမ်းခြင်း၊ ကွန်ပျူတာဖိစီးမှုဒဏ်ရာတွေ ရရှိနိုင်ပါတယ်။

        အဖြစ်အများဆုံး ပြဿနာကတော့ လက်ချောင်းလက်ဆစ်၊ လက်ဖမိုးလက်ဆစ်များနဲ့ လက်ကောက်ဝတ်လက်ဆစ်များမှာ တွယ်ဆက်ထားတဲ့အရွတ်များ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း ဖြစ်ပါတယ်။ ဒီအဆစ်များကို ထပ်ခါတလဲလဲ၊ မနားမနေ လှုပ်ရှား၊ အသုံးပြုခြင်းကြောင့် ဒဏ်ပိပြီး ထိခိုက်ဒဏ်ရာရတာ ဖြစ်ပါတယ်။ဒီလိုဝေဒနာမျိုးဟာ ကွန်ပျူတာကို အဓိကထား အလုပ်လုပ်ကြရတဲ့သူ ရှစ်ဦးမှာ အနည်းဆုံး တစ်ဦးနှုန်းလောက်တော့ ခံစားရတတ်တယ်လို့ သုတေသနမှတ်တမ်းများအရ သိရှိရပါတယ်။ တချို့ဆိုရင် လက်ချောင်းလေးတွေနဲ့ လက်ကောက်ဝတ်မှာ ပြင်းထန်လှတဲ့နာကျင်မှုကို မခံမရပ်နိုင်လောက်အောင် ခံစားရတယ်လို့ဆိုပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ဒီလိုပြင်းထန်တဲ့ နာကျင်မှုမျိုးဟာ ကွန်ပျူတာစာရိုက်တာ၊ ခလုတ်နှိပ်တာထက် မောက်စ်အသုံးပြုမှုများခြင်းကြောင့် ဖြစ်ရတာပါ။ မောက်စ်အသုံးပြုမှုများလေလေ လက်ချောင်းလက်ဆစ်၊ လက်ဖမိုးလက်ဆစ်နဲ့ လက်ကောက်ဝတ်တို့မှာ နာကျင်ခံစားရလေလေပါပဲ။ ဒါကြောင့်မို့ လက်ချောင်းထိပ်ကလေးနဲ့ တို့ထိရွေ့လျားပေးလို့ရတဲ့ ကွန်ပျူတာမော်နီတာတွေကို အစားထိုးအသုံးပြုပေးမယ်ဆိုရင် ဒီလိုဝေဒနာခံစားရမှုတွေ သက်သာလျော့ပါးစေမှာ ဖြစ်ပါတယ်။ 

        ဒီလိုမှမဟုတ်ရင်တော့ ကွန်ပျူတာကို (မဖြစ်မနေ) အများဆုံးအသုံးပြု လုပ်ကိုင်နေရတဲ့သူတွေ၊ အထူးသဖြင့် မောက်စ်ကိုင်တွယ်အသုံးပြုမှုများသူတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို အသုံးပြုနေရတာကြောင့် အချိန်ကာလရှည်ကြာလာတာနဲ့အမျှ လက်ချောင်းလက်ဆစ်၊ လက်ဖမိုးလက်ဆစ်၊ လက်ကောက်ဝတ်က တစ်ဆင့် လက်မောင်း၊ နောက်ပိုင်းမှာ ဇက်ကြောတက်၊ ကိုက်ခဲနာကျင်ခြင်းနဲ့ ကျောပြင်မှာပါ အကြောတက် ကိုက်ခဲနာကျင်ခြင်းဝေဒနာတွေ တိုးပွားပြင်းထန်လာပြီး တဖြည်းဖြည်းနဲ့ အားမသန်တော့ဘဲ အဲဒီအပိုင်းတွေ ဟာ အားအင်လျော့ပါးဆုတ်ယုတ်လာတာကို ခံစားရတတ်ပါတယ်။ 

        ဒီလိုဆိုးရွားပြင်းထန်တဲ့ ဝေဒနာတွေအပြင် နောက်ထပ်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးကတော့ မော်နီတာကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေရတဲ့အတွက် မျက်လုံးနဲ့ အမြင်အာရုံထိခိုက်မှုပြဿနာတွေပါပဲ။ ကွန်ပျူတာမြင်ကွင်း အရွယ်အစားကို တတ်နိုင်သလောက် ကျယ်ကျယ်ကြီးကြီး အသုံးပြုပေးနိုင်ရင် ကောင်းပါတယ်။ ပြီးတော့ ကွန်ပျူတာမော်နီတာကို အသုံးပြုသူနဲ့ နှစ်ပေအကွာမှာ ထားသင့်ပါတယ်။ ကွန်ပျူတာမော်နီတာနဲ့ဆက်စပ်ပစ္စည်းတွေ ဟောင်းနွမ်းလာတဲ့အခါ စွမ်းရည်ကျဆင်းလာတာနဲ့အမျှ အရောင်တွေကျလာပြီး ပုံမှန်မဟုတ်တော့တဲ့အပြင် အရုပ်အပြနဲ့ အရောင်အလင်းတွေ မကောင်းတော့တာမို့ မျက်စိနဲ့ အမြင်အာရုံကို ပိုမိုထိခိုက်စေပါတယ်။ ဒါ့အပြင် ကွန်ပျူတာမော်နီတာကထွက်တဲ့ ဓာတ်ရောင်ခြည်လှိုင်းတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရစေလို့ ကွန်ပျူတာအဟောင်းတွေကို လက်လွတ်စပယ် မသုံးစွဲသင့်ပါဘူး။

        ကွန်ပျူတာကို အချိန်အကြာကြီး တစ်ဆက်တည်း တောက်လျှောက်အသုံးပြုမှုကို ရှောင်ကြဉ်ပြီး တစ်နာရီခြား တစ်ခါလောက်တော့ အနားယူလို့ ကိုယ်လက်လှုပ်ရှား၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

ဓာတ်ပုံ - diaindia

        အကာအကွယ်မဲ့နေတဲ့ ကွန်ပျူတာဖန်သားပြင်ဟာ မျက်လုံးကို များစွာဒုက္ခပေးနိုင်တဲ့အပြင် ခေါင်းကိုက်ဝေဒနာကိုလည်း ခံစားရတတ်စေပါတယ်။ ဒါကြောင့်မို့ ကွန်ပျူတာဖန်သားပြင် အကာအကွယ်ဖလင်ပြားများ ဝယ်ယူတပ်ဆင်ခြင်းဖြင့် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာကို နေ့စဉ်တစ်နေ့လုံး အသုံးပြုနေရသူများအနေနဲ့ နှစ်ရှည်လများ အသုံးပြုရတဲ့အခါ လည်ပင်းနဲ့ပခုံး၊ ကျောပြင်အထက်ပိုင်း တစ်ပြင်လုံးအကြောတက်ပြီး ကိုက်ခဲနာကျင်ခြင်းဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလာရတတ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလိုမျိုး မလွဲမသွေ အလုပ်လုပ်နေရသူများအဖို့ မဖြစ်မနေ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်လေး ပြုလုပ်ပေးသင့်သလို အနားယူခြင်းဆိုတာလည်း မမေ့မလျော့ လိုအပ်ပါတယ်။

        နောက်တစ်ခု သတိထားရမှာက ကွန်ပျူတာကို အသုံးပြုတော့မယ်ဆိုရင် ခန္ဓာကိုယ်အနေအထား မှန်ကန်ဖို့နဲ့ လက်အနေအထား ပုံစံကျဖို့ပါပဲ။ လက်အနေအထားနဲ့ အထိုင်ပုံစံမကျဘူးဆိုရင် ထိခိုက်ဒဏ်ရာရမှု၊ ဒဏ်ပိမှုဝေဒနာတွေ ပိုဖြစ်တတ်ရုံမက ပိုမိုဆိုးရွားပြင်းထန်နိုင်တာမို့ ဂရုပြုဆင်ခြင်ရမယ့်အချက် ဖြစ်ပါတယ်။ မိမိထိုင်နေကျ ကုလားထိုင်ဟာ ပုံစံမကျဘဲ ထိုင်နေရတာ သက်သောင့်သက်သာအနေအထားမရှိရင် ကျောရိုးတစ်လျှောက် နာကျင်စေပြီး ခေါင်းကိုက်စေတတ်ပါတယ်။

        မိမိသုံးနေတဲ့ကွန်ပျူတာကို အနိမ့်မှာ ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ မျက်လုံးတည့်တည့်မှာ ထားပေးရင်လည်း ကောင်းပါတယ်။ ကွန်ပျူတာကို အနိမ့်မှာထားတဲ့အတွက် လှမ်းကြည့်တဲ့အခါ မျက်လုံးဧရိယာအတော်များများကို မျက်ခွံက ကာကွယ်ပေးထားတာမို့ မျက်တောင်ခတ်နှုန်းလည်း များလာပြီး မျက်လုံးရဲ့ အစိုဓာတ်၊ ဒါမှမဟုတ် ချောဆီကို ပိုမိုထုတ်ပေးပါတယ်။ ဒါမှလည်း မျက်လုံးခြောက်သွေ့ယားယံခြင်းဘေးကနေ ကာကွယ်ပေးနိုင်ပါတယ်။ မျက်ကပ်မှန်တပ်ဆင်ထားသူတွေဟာ ကွန်ပျူတာမှာ အာရုံစိုက်လွန်းရင် မျက်တောင်ပုံမှန်ခတ်နှုန်းနည်းလာတဲ့အတွက် မျက်ဝန်းရဲ့အတွင်းပိုင်း အစိုဓာတ်ငွေ့ပြန်နှုန်းများလာပြီး ခြောက်သွေ့ယားယံလာတတ်ကြတာမို့ မျက်လုံးကျန်းမာရေး ထိခိုက်ပါတယ်။ ဒါကြောင့်မို့ ကွန်ပျူတာအသုံးပြုချိန်မှာ မျက်ကပ်မှန်ထက် မျက်မှန်ကိုပဲ အသုံးပြုစေချင်မိပါတယ်။ တကယ်လို့ မျက်ကပ်မှန်ပဲ တပ်ဆင်အသုံးပြုချင်တယ်ဆိုရင်ဖြင့် ခြောက်လတစ်ခါလောက်တော့ မျက်စိအထူးကုပါရဂူများနဲ့ ပြသစစ်ဆေးပေးသင့်ပါတယ်။

        ကွန်ပျူတာအသုံးပြုသူတွေရဲ့ မျက်လုံးများဟာ ကွန်ပျူတာရဲ့ ဓာတ်ရောင်ခြည်လှိုင်းများ သင့်နေတာအပြင် ကွန်ပျူတာဖန်သားပြင်က အလင်းဒဏ်ကို အထိုက်အလျောက် ခံစားရတဲ့အထဲ ကွန်ပျူတာထားရှိသုံးစွဲရာနေရာဝန်းကျင်က မီးအလင်းရောင်ဟာလည်း သိပ်ပြီးစူးရှလင်းထိန်နေမယ်ဆိုရင် မျက်လုံးထိခိုက်မှု များစေနိုင်ပါတယ်။ အလင်းရောင်သင့်တင့်မျှတတဲ့ မီးချောင်း၊ မီးသီး ဒါမှမဟုတ် စားပွဲတင်မီးအိမ်တွေကိုသာ သုံးစွဲသင့်ကြောင်း သုတေသနပညာရှင်များက သတိပေးထားပါတယ်။

        ကွန်ပျူတာအသုံးပြုပြီး အလုပ်လုပ်ရသူတွေအဖို့ မျက်လုံးအနားရအောင် အလုပ်တွေကို ဆက်တိုက်မလုပ်ဘဲ နားချိန် မလွဲမသွေပေးဖို့ လိုပါတယ်။ ကွန်ပျူတာအသုံးပြုချိန် နာရီဝက်ကနေ တစ်နာရီကြာတိုင်း ကွန်ပျူတာစားပွဲက ထလိုက်ပြီး အဝေးရှုမျှော်ခင်း၊ ဒါမှမဟုတ် အဝေးတစ်နေရာကို လှမ်းကြည့်ပေးသင့်ပါတယ်။ ဒါဟာ မျက်လုံးကြွက်သားတွေ ဖြေလျော့ပေးလိုက်တာ ဖြစ်ပါတယ်။ အနည်းဆုံးတော့ ၁၀ စက္ကန့်မှ ၂၀ စက္ကန့်ထိ ကြည့်ပေးရမှာပါ။ အဝေးကို လှမ်းငေးကြည့်ဖို့ အဆင်မပြေရင်တောင် ကွန်ပျူတာကနေ ခွာလို့ မရလောက်အောင် ဖြစ်နေရင် မျက်လုံးတွေကို နာရီလက်တံအတိုင်း တစ်ပတ်နှစ်ပတ်လောက် လှည့်ပေးသင့်ပါတယ်။ ပြီးတော့ ဘေးဘယ်ညာကို လှမ်းကြည့်ရမှာပါ။ ဒါ့အပြင် အပေါ်မျက်နှာကြက်နဲ့ ကိုယ့်ရဲ့ခြေထောက်ကို ဦးခေါင်းမရွေ့ဘဲ ကြည့်ပေးမယ်ဆိုရင် မျက်လုံးလေ့ကျင့်ခန်းလုပ်ပြီး မျက်လုံးကြွက်သားတွေ အညောင်းပြေစေမှာ ဖြစ်ပါတယ်။

        ကွန်ပျူတာအသုံးများသူတို့ရဲ့ ကျန်းမာရေးအတွက် အကြံပြုချင်တာတစ်ခုက အသက်ရှူပေးခြင်းက မျက်စိနဲ့ ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ ကွန်ပျူတာမှာ အာရုံစိုက်လွန်းတဲ့အခါ အသက်ရှူနှုန်း နှေးကွေးလာတတ်တာမို့ သတိထားစေချင်ပါတယ်။ နောက်တစ်ခု သတိပေးချင်တာက ကွန်ပျူတာ ကီးဘုတ်မှာရှိတဲ့ ရောဂါပိုးမွှားတွေဟာ အိမ်သာကြွေခွက်မှာရှိတဲ့ ပိုးမွှားအရေအတွက်ထက် ငါးဆ ပိုများတယ်လို့ လန်ဒန်ဆေးသုတေသနစစ်တမ်းမှာ ရှာဖွေတွေ့ရှိခဲ့၍ ကီးဘုတ်အသုံးပြုပြီးတဲ့အခါတိုင်း အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးတစ်ခုခုနဲ့ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ မျက်လုံးပင်ပန်းတဲ့သူတွေဟာ မျက်လုံးလေ့ကျင့်ခန်းအပြင် ဗီတာမင်အေပါတဲ့ အစားအသောက်တွေကို ပြည့်၀မျှတအောင် စားသောက်ပေးဖို့ လိုပါတယ်။ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ငါးနဲ့ ဥအမျိုးမျိုး၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့် စတာတွေကို စားသုံးပေးပါ။ ရေကို များများသောက်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၀)

No comments:

Popular Posts