လယ်တွင်းသားစောချစ်
ထိုကိစ္စများအတွက် ကျွန်တော် သနားကြင်နာစွာ အားပေးရုံသာ ကူညီနိုင်ပါ၏။ မျှဝေထမ်းဆောင်ချင်၍ မရ။
ထို့ကြောင့် ကလေးမွေးဖွားပြီးသည့်အခါ ညတွင် အနှီးလဲခြင်း၊ နို့ဘူးတိုက်ခြင်းတို့ကို မျှဝေတာဝန်ယူချင်ပါသည်။
"ကဲ မင်း အိပ်ရေးဝအောင်အိပ်... မထနဲ့။ သေးစိုအနှီးလဲတာနဲ့ နို့ဘူးတိုက်တာ ညတိုင်း ငါတာဝန်ယူမယ်..."
ဇနီးကလည်း သူနိုးသည့် ညများတွင် မျှဝေတာဝန်ယူပါသည်။ မိခင်စိတ်ကြောင့် နိုးနိုးကြားကြားဖြစ်နေ သည်ကလည်း များပါသည်။
သားဖျားနာလျှင် အဖေရော အမေပါ ပူပင်ကြီးစွာ ဖြစ်ရသည်။ ထိုအခါ အလိုလိုနေရင်း တစ်ယောက်ကိုတစ်ယောက် မကျေနပ်စိတ်များဖြစ်၍ စကားများရသည်။ ဘယ်ဆေးတိုက်ရမည်၊ မတိုက်ဘူး။ ဘယ်ဆရာဝန်နှင့် ပြမည်၊ မပြဘူးကစပြီး အငြင်းပွားကြရသည်။ သားဇောနှင့် ပူပင်သောကများနေ၍ တစယောက်ကိုတစ်ယောက် ကြည့်မရ ဖြစ်ရသည်။
မူကြိုအရွယ်ရောက်တော့လည်း ကျောင်းကြိုရကျောင်းပို့ရသည်က ပျော်စရာ။ တစ်နေ့ တစ်နေ့မှာ သားတတ်မြောက်လာသော ကဗျာလေး စာလေးများကို ရွတ်ဆိုပြလျှင်လည်း ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲတိုးတက်သွားသလို ခံစားရသည်။
တကယ်တော့လည်း ကိုယ့်အိမ်ကိုယ့်မိသားစုလေးမှာ ကိုယ့်ကမ္ဘာကြီးဖြစ်ပါ၏။
မူကြိုကျောင်းပွဲများမှာ သားပါလျှင် စင်မြင့်ပေါ်တက်လာသည်ကို မြင်ရရုံနှင့် ရင်တမမ ကြည်နူးဝမ်းသာရသည်။ အကောင်းဆုံးမှ လုပ်နိုင်ပါ့မလားဟု စိုးရိမ်ပူပန်ရသည်။ အဖေရောအမေပါ စိတ်အလှုပ်ရှားဆုံးအချိန် ဖြစ်ပါသည်။
ချောမောစွာ ပြီးသွားသည်နှင့် အဖေရော အမေပါ ဇာတ်ခုံနောက်မှာ ရောက်နေကြပြီ။
စင်ပေါ်မှ ဆင်းလာသော ကိုယ့်ကလေးကို ထွေးပွေ့ချီပိုက်၍ အနမ်းဆုများပေးရသည်။ ပြီးလျှင် ကျွေးပါမည်ဟု ကတိပြုထားသည့်အတိုင်း သားကြိုက်သည့် မုန့်များကို ဝယ်ကျွေးရသည်။အပြုံးပန်းတွေ လှိုင်လှိုင်ပွင့်သည့် ပီတိကမ္ဘာကြီးဖြစ်နေ၏။
ကျောင်းနေချိန်ရောက်တော့ စာတော်အောင်၊ လိမ္မာအောင်၊ ကျန်းမာအောင်၊ အပေါင်းအသင်းမမှားအောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိအောင်၊ စိတ်ကောင်းရှိအောင် စောင့်ရှောက်ရမည်။ ဆုံးမရမည်။ မသင့်သည်တို့ကို မပြုအောင်၊ သင့်သည်တို့ကို ပြုမိအောင် သွယ်ဝိုက်၍လည်း သတိပေးရသည်။ တိုက်ရိုက်လည်း သတိပေးရသည်။
အဝတ်အဆင်၊ အသုံးအဆောင်၊ အနေအထိုင်၊ အသွားအလာမှစ၍ မနိမ့်ကျစေဘဲ ပြည့်စုံအောင် ဖြည့်ဆည်းပေးရသည်။ အတန်းကြီးလာသည်နှင့်အမျှ ကြီးမြင့်သော ပညာသင်စရိတ်များကိုလည်း ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားရသည်။
"မကောင်းမြစ်တာ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ" ဆိုသည့်အတိုင်း မိဘဝတ္တရားငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ကြရသည်။
သားက စက်မှုတက္ကသိုလ်တက်ပြီး ဗိသုကာဘွဲ့ရသောအခါ ပေးဝေနှီးရင်းအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု မတည်ဆောင်ရွက်နိုင်အောင် ထောက်ပံ့ကူညီရသည်။
ယခုအခါတွင် ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်အထိ ပြီးစီး၍ သူ့မိသားစုနှင့် သူ့အိမ်ထောင်သီးခြားရပ်တည်နိုင်ခဲ့ပြီ။
ထိုသားသည် ဖခင်နေရာရောက်လာပြီ။ ဤမွေးခါစကလေးငယ်ကို လူတစ်လုံး သူတစ်လုံးဖြစ်သည်အထိ ပြုစုစောင့်ရှောက်ရမည့် တာဝန်များ သူ့ပခုံးပေါ်သို့ ရောက်လာပြီ။
သားကို တာဝန်ကျေပွန်သော ဖခင်ကောင်းဖြစ်စေချင်သည်။
ကျွန်တော်က ရိုးရိုးဝိဇ္ဇာဘွဲ့သာရ၍ သားက ဗိသုကာဘွဲ့ရသောကြောင့် ကျွန်တော့်ထက်သာသည်ဟု ပြောနိုင်ပါ၏။
မြေးကလေးကိုလည်း သူ့ဖခင်ထက် သာလွန်ကြီးမြင့်စေချင်ပါသည်။ ဤနည်းအားဖြင့် လူ့ဘောင်လောကကိုလည်း ပို၍တင့်တယ်မြင့်မားစေချင်ပါသည်။
"ဖေဖေ ... ဘာတွေ တွေးနေတာတုန်း"
သား၏ သတိပေးသံကြားမှ သားဘက်သို့ လှည့်ကြည့်လိုက်ရသည်။
"မင်းကို မွေးကတည်းက ဖေဖေ့ပခုံးပေါ်ကျခဲ့တဲ့ တာဝန်တွေ သတိရရင်း အခု မင်းပခုံးပေါ်ကျလာတဲ့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို စဉ်းစားမိလို့ပါ"
"အကောင်းဆုံးဖြစ်အောင် သားကြိုးစားမှာပါ..."
သားက ကျွန်တော့်လက်ကို တင်းတင်းလေးဆုပ်ကိုင်လိုက်သည်။ သားလက်ကို ကျွန်တော် တင်းတင်းပါအောင် ပြန်ဆုပ်ကိုင်ထားလိုက်ပါသည်။
သားအဖအနေနှင့်သာမက ဖခင်ချင်းအနေဖြင့်ပါ။ သတိပေးခြင်း ကတိပြုခြင်းဟု နားလည်ခံစားလိုက်ပါ၏။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)
No comments:
Post a Comment