လယ်တွင်းသားစောချစ်
သား၏ ဇနီး၊ သမီးချွေးမ မီးဖွားတော့မည်ဖြစ်ကြောင်း မနက်အစောကြီး ဖုန်းဆက်လာသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ခွဲစိတ်မွေးရမည်။
အမြန်ဆုံး ပြင်ဆင်ကြပြီး ဇနီး၊ သမီးနှင့်အတူ ထွက်ခဲ့ကြသည်။ လမ်းတွင် ရန်ကင်းမှ အဒေါ်ကို ဝင်ခေါ်ရသေးသည်။ အဒေါ်က ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သူနာပြုချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗဟိုအမျိုးသမီးဆေးရုံကြီးကို ကျွန်တော်တို့ရောက်သွားချိန်တွင် ခွဲစိတ်ခန်းသို့ မဝင်ရသေး။ အထဲမှာ တစ်ယောက်ကို ခွဲပြီး မွေးနေဆဲ။
ဘီးတပ်ခုတင်လေးပေါ်တွင် ချွေးမခမျာ လဲလျောင်းလျက်ရှိနေသည်။ ခွဲခါနီးဖြစ်သော ဗိုက်ကို ခြုံလွှာပါးပါးနှင့် ဖုံးထားသည်။ အထဲမှ လူထွက်လာသည်နှင့် ခွဲခန်းသို့သွင်းရန် အသင့်အနေအထား ဖြစ်သည်။
ချွေးမလေးအနီးသို့ သွား၍ အားပေးစကားပြောရသည်။
"ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ အားလုံးကောင်းသွားမှာပါ သမီးရယ်..."
ချွေးမခမျာ လူကလန်းသော်လည်း မျက်နှာက မရွှင်ပါ။ နာကျင်ခြင်းဝေဒနာကို ခံစားနေရသည်။
တိုးတက်နေသော ဆေးပညာနှင့် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များကို ယုံကြည်စိတ်ချပါသည်။ သို့သော် စိုးရိမ်စရာဘာမှ မရှိဟုတော့ ပြော၍ မရပါ။
"အူဝဲ...အူဝဲ..."
ခွဲစိတ်ခန်းဆီမှ ကလေးငိုသံကြားရသည်။
ဪ....လူသားလေးတစ်ယောက် လောကထဲသို့ ရောက်လာပြီဖြစ်ကြောင်း ကြွေးကြော်နေခြင်းဖြစ်သည်။
"မိခင်ရော ကလေးပါ ကျန်းမာပါစေ "
ကိုယ့်ချွေးမရှေ့မှာ ခွဲစိတ်မွေးဖွားသော မိခင်နှင့် ကလေးကို ဆုတောင်းမေတ္တာပို့နေမိပါသည်။
အထဲမှ မွေးဖွားပြီးသော လူနာကို ဘီးတပ်ခုတင်လေးဖြင့် ညင်သာစွာ တွန်းထုတ်သွားကြပြီ။
မကြာမီပင် သူနာပြုဆရာမလေးနှစ်ဦး ရောက်လာ၍ ချွေးမ၏ ခုတင်ကိုခွဲစိတ်ခန်းထဲသို့ တွန်းသွားကြ သည်။ ခွဲစိတ်ခန်းတံခါးကြီး ပိတ်သွားပြီ။
"ချောမောအောင်မြင်စွာ ခွဲစိတ်မွေးဖွားပြီး မိခင်ရော ကလေးပါ ကျန်းမာကြပါစေ "
အပြင်ဘက်မှနေ၍ ဆုတောင်းမေတ္တာ ပို့နေရပါသည်။
ခွဲစိတ်ခန်းအပြင်မှာ ခုံတန်းမှာ ထိုင်လျက် ခွဲစိတ်ခန်းဆီသို့ ကြည့်နေသော သား၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ သူစိတ်လှုပ်ရှားနေသလား။ ဇနီးအတွက် စိုးရိမ်နေသလား။ မမြင်ရသေးသော သူ့ရင်သွေးကို တွေးနေသလား။ ကျွန်တော် မှန်းဆနေမိသည်။
သူ့ဘေးတွင် ချွေးမ၏ မိဘ၊ အစ်ကိုအစ်မများရှိသည်။ မျက်နှာချင်းဆိုင်ခုံတန်းမှာ ကျွန်တော်တို့ မိသားစုရှိသည်။ ချွေးမမီးဖွားသည်ကို လာရောက်၍ ဝိုင်းအားပေးသူများပါသည်။
မကြာခင် ကလေး၏ ဖခင်ဖြစ်တော့မည့် သားကို မွေးဖွားစဉ်ကလည်း ဤဆေးရုံပင်ဖြစ်သည်။ ဘာမျှ မကြာသေးဟု ထင်ရသည်။ ဆေးရုံမှ အဆင်းတွင် အနှီးဖြင့် ထွေးပွေ့ယူခဲ့ရသော နီတွတ်တာသားကလေးကို မြင်ယောင်မိသည်။
ထိုကလေးသည် ယခုဤဆေးရုံမှာပင် ကလေးဖခင်ဖြစ်ရန် စောင့်ဆိုင်းလျက် ရှိနေပြီ။
သူ့ကို မွေးဖွားစဉ်က ယခုကဲ့သို့ နှစ်ဖက်မိဘ သိုင်းသိုင်းဝန်းဝန်းမရှိခဲ့ပါ။ ကျွန်တော့်မှာ အဖေမရှိ။ အမေ က အညာမှာ။ ကျွန်တော့်ဇနီးသည်လည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး မရှိတော့ပါ။
ဆေးရုံသို့ ညကြီးမှာ ရောက်ခဲ့သည်။ မွေးလူနာစောင့်သူက ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော့်ဇနီးမှာ ဗိုက်နာနေသော်လည်း တစ်ညလုံးမမွေးနိုင်။ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားနေကြသော အူဝဲသံများကို မွေးခန်းဆီမှ ကြားရတိုင်း ခေါင်းမော့ကြည့်ရင်းနားစွင့်နေရသည်။
တစ်ယောက်မွေးပြီးတိုင်း အပေါ်ထပ်မှ ဆရာမများက မွေးလူနာ၏ ခင်ပွန်းအမည်ကို လှမ်းခေါ်၍ သားလေးဖြစ်သည်၊ သမီးလေးဖြစ်သည်ကို အော်ပြောကြသည်။ ကိုယ့်နာမည်ခေါ်သံကြားရနိုးနိုး မျှော်လင့်နေခဲ့ရသော်လည်း တစ်ညလုံး မိုးသာလင်းသွားသည်။ ကိုယ့်နာမည်ခေါ်သံ မကြားရ။ နောက်နေ့မှာလည်း တစ်နေ့လုံး မမွေးနိုင်။ နောက်တစ်ညကူး၍ စောင့်ရပြန်သည်။ ဗိုက်ထဲမှ ကလေးရော အသက်မှ ရှိသေးရဲ့လား စိတ်ပူမိသည်။
နောက်ဆုံးတွင် ခွဲခန်းထဲသို့ ပို့ရသည်။ ခွဲခန်းအပြင်မှာ စောင့်ရသည်။ စိတ်ထဲမှာ စိုးရိမ်စွာ လှုပ်ရှားနေပါသည်။ တော်သေးသည်မှာ ဇနီး၏ အဒေါ် ဖြစ်သူက ဤဆေးရုံမှာပင် စစ္စတာကြီးဖြစ်၍ ခွဲစိတ်ခန်းထဲမှာ လိုက်ပါစောင့်ရှောက်လျက် ရှိနေပါသည်။
ည (၉)နာရီကျမှ ညှပ်ဆွဲမွေးဖွားရပါသည်။ မျက်စိကို နည်းနည်းလေးသာ လွတ်သည်။ သားခမျာ လူ့လောကထဲကို ခက်ခဲစွာ ဝင်ရောက်လာခဲ့ရခြင်း ဖြစ်ပါ၏။
ယခုမွေးမည့် မြေးကလေးကတော့ ဆရာဝန်များ အကြိမ်ကြိမ်ကြည့်ရှုစစ်ဆေးပြီး ခွဲမွေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘာမျှ အခက်အခဲရှိမည် မဟုတ်။ ချွေးမခမျာတော့ ခွဲစိတ်သည့် ဝေဒနာကို ခံရမည်။
ချွေးမနှင့် မြေးလေးကို အာရုံပြု၍ အင်္ဂုလိမာလသုတ်၊ မေတ္တာသုတ်နှင့် ဓာရဏပရိတ်တို့ကို ရွတ်ပေးရသည်။
"ပဋ္ဌာန်းရွတ်ပြီးတော့လည်း မေတ္တာပို့ပေးပါဦးနော်"
ဇနီးက ဘေးနားရောက်လာပြီး ပြောသည်။ သူကိုယ်တိုင်လည်း နှုတ်ခမ်းတလှုပ်လှုပ်နှင့် ရွတ်နေပါသည်။
ကျွန်တော်ပဋ္ဌာန်းရွတ်ပြီး ခွဲစိတ်သည့်ဆရာဝန်နှင့်တကွ ဆေးဝန်ထမ်းများကို မေတ္တာပို့သည်။ ချွေးမကို မေတ္တာပို့သည်။ မွေးဖွားလာမည့် မြေးလေးကို မေတ္တာပို့သည်။
မြေးကလေးကို ချောမောအောင်မြင်စွာ မွေးဖွားပါသည်။ အဒေါ်ဖြစ်သူဆရာမကြီးက ပွေ့ယူလာရင်း။
"သမီးလေး... သမီးလေး..."ဟု ပြောပါသည်။
"ဟယ်...ချစ်စရာကောင်းလိုက်တာ... မွေးစကလေးနဲ့လည်း မတူဘူး။ မျက်နှာလေးကလည်း ပေါ်လိုက်တာ..."
ကျွန်တော့်သမီးက သူ့တူမကို ကြည့်ပြီး တအံ့တသြ ဖြစ်နေသည်။
သားနှင့်အတူ ကျွန်တော်လည်း မြေးကို ကြည့်ပါ၏။ သမီးပြောသည်မှာ မှန်သည်ဟု သတိထားလိုက်မိသည်။
သားခမျာ ဖခင်ဖြစ်လာပြီ။ ယခုအချိန်မှစ၍ မိဘတာဝန်ထမ်းရတော့မည်။
"သူမွေးတဲ့ရက်က ကောင်းတယ် ဖေဖေ...။ မွေးရက်ဂဏန်းတွေက အားရှိတယ်။ အင်္ဂလိပ်ဂဏန်းနဲ့ရေးကြည့်၊ ခြောက်ခြောက်ကိုးကိုး၊ ခြောက်နှစ်လုံးနဲ့ ကိုးဂဏန်းနှစ်လုံး မျက်နှာချင်းဆိုင်နေကြတယ်"
သားက ကျွန်တော့်ကို ရှင်းပြသည်။
"ဟုတ်လှချည့်လား..."
သူပြောမှ ကျွန်တော်သတိထားမိသည်။ သူ့သမီးအတွက် အကောင်းဆုံး မျှော်လင့်ချက်ထားစဉ်းစားရာမှ ရရရှိလာဟန်တူပါသည်။
ဖခင်တစ်ယောက်အနေနဲ့ သူ့ရင်သွေးအတွက် အကောင်းဆုံးများကို မျှော်မှန်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရတော့မည်။
သီးသန့်ငှားထားသော အခန်းရှိရာသို့ မိခင်နှင့်ကလေးကို ခေါ်ဆောင်လာခဲ့ကြပါသည်။ ချွေးမခမျာ သတိပြန်ရလာပြီ ဖြစ်သော်လည်း ခုတင်ပေါ်မှာလှဲလျက် မျက်လွှာချထားပါသည်။
လွန်ခဲ့သော (၂၈)နှစ်က ယခုဖခင်ဖြစ်နေသော သားကို ဤဆေးရုံမှ မွေးဖွားပေးလိုက်၍ နေအိမ်သို့ ပွေ့ခေါ်လာခဲ့သောနေ့ကို ကျွန်တော်သတိရမိသည်။
"ငါဖခင်ဖြစ်ပြီ၊ ဒီ နီနီရဲရဲကလေးငယ်ကို လူလားမြောက်တဲ့အထိ ငါတတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါလား..."
ဖခင်တစ်ယောက်၏ တာဝန်များ ပခုံးထက်မှာ ပါလာသည်ကို သတိထားခဲ့မိသည်။
ပန်းလိုနုနယ်သော ကလေးငယ်ဆိုသည့်အတိုင်း နှစ်နှစ်အတွင်းမှာ ခက်ခဲစွာမွေးခဲ့ရသည်။ ယခင်က အိပ်လိုက်လျှင် တစ်ငန်းပေါက်။ မနက်လင်းမှ နိုးသည်။ ခုတော့ နှစ်ခါထ၍ သေးဝတ်လဲပေးရသည်။ နို့ဘူးတိုက်ရသည်။
ဇနီးသည်က လုံလောက်စွာ နို့မထွက်၍ နို့ဘူးတိုက်ရခြင်းဖြစ်သည်။
သားကို ကိုယ်ဝန်ဆောင်စဉ်က ဇနီးခမျာ အမြဲတမ်းပျို့အန်နေ၍ အစားပျက်၊ အအိပ်ပျက်နှင့် ဒုက္ခကြီးစွာဖြစ်ရသည်။ မွေးသည့်အခါမှာလည်း အခက်အခဲများစွာနှင့် ဒုက္ခဝေဒနာကြီးစွာ ခံရသည်။
မိဘနှစ်ပါးအတူတကွ သားကိုရခဲ့သော်လည်း မိခင်မှာ ကိုယ်ဝန်ဆောင်ရသည့် ဒုက္ခ၊ မွေးဖွားရသည့် ဒုက္ခ၊ ဖခင်ထက်ပို၍ ခံရသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၁)
No comments:
Post a Comment