ထွန်းလှိုင်(မြိုင်)
ဘဲမွေးမြူထုတ်လုပ်မည့်သူသည် မိမိထုတ်လုပ်လိုသည့် အသား၊ ဥကို စျေးကွက်နှင့်တွက်ချက်ရွေးချယ်၍ မျိုးရွေးချယ်ရမည်။ အများအားဖြင့် ဥစားဘဲများဖြစ်သော ကာကီကင်းဘဲ၊ အိန္ဒိယပြေးဘဲ၊ ဓာတ်ဘဲများ (ပြည်တွင်းမျိုး)၊ ဥစားဘဲများ မွေးမြူကြပါသည်။ ဥနှုန်း ၇၀ ၊ ၈၀ ရာခိုင်နှုန်းအထိ ဥသည်။ အသားတစ်ပိဿာမှတစ်ပိဿာခွဲအထိရှိသည်။ အသားစားဘဲမွေးမြူရန် ပီကင်းဘဲ၊ ချယ်ရီဘယ်ရီဘဲ၊ မန်ဒါလီဘဲမျိုးများ မွေးမြူရမည်။ အသားနှစ်ပိဿာခွဲရှိပါသည်။
မြေနေရာရွေးချယ်ခြင်းနှင့် ခြံအဆောက်အအုံရွေးချယ်ရာတွင် သဲဆန်သော မြေနေရာဖြစ်ပါက ပို၍သင့်လျော်သည်။ ဆင်ခြေလျှောကုန်းမြင့်များရှိသောနေရာဖြစ်ပြီး ရေကန်၊ ချောင်းနှင့် လွှတ်ကျောင်းနိုင်သော မြက်ခင်းရှိခြင်း၊ စီးဆင်းသော ရေရှင်ဖြစ်လျှင် ပိုမိုကောင်းမွန်ခြင်းနှင့် မြစ်ချောင်းနံဘေးတွင် ရွေးချယ်ပါက အနက် နှစ်ပေ ၊ အနံ ကိုးပေ ခန့်ရှိရန် လိုအပ်သည်။ သဘာ၀ရေကန်၊ ချောင်း မရှိပါက ဘဲအကောင် ၂၀၀ ခန့်အတွက် ၁၀ ပေ ပတ်လည်နှင့် အနက် ၁ ဒသမ ၅ ပေ တူးပြီး ရေကန်၏ နှုတ်ခမ်းများကို ဆင်ခြေလျှောပြုလုပ်ပေးရမ ည်။ ရေကို နှစ်ရက်တစ်ကြိမ် လဲလှယ်ပေးရန် လိုအပ်ပါသည်။
ဘဲများ ညအခါ အိပ်ရန်နှင့် မိုးရွာသွန်းမှုများသောအခါ ခိုနားနိုင်ရန်နှင့် နေပူလွန်းလျှင် နားခိုနိုင်ရန် အဆောက်အအုံ ပြုလုပ်ပေးရမည်။ ဘဲခြံကို အလင်းရောင်ရရန်နှင့် လေထွက်ကောင်းရန် စီမံပေးရမည်။ အောက်ခံအခင်းကို စပါးခွံ၊ ကောက်ရိုး၊ သဲ စသည်တို့ခင်းပေးပြီး စွတ်စိုမှုရှိလျှင် လဲပေးရမည်။ ဘဲခြံအရွယ်အစားမှာ ဘဲငယ်တစ်ကောင် သုည ဒသမ ၅ စတုရန်းပေနှုန်း၊ ဘဲလတ်တစ်ကောင်အတွက် ၂ ဒသမ ၅ စတုရန်းပေ၊ ဘဲကြီးတစ်ကောင်အတွက် သုံးစတုရန်းပေနှုန်း လိုအပ်သည်။
![]() |
ဓာတ်ပုံ - myanmardigitalnews |
ဥစားဘဲငယ်များ အနွေးပေးရာတွင် ရာသီဥတုပေါ်မူတည်ပြီး နှစ်ပတ်မှ သုံးပတ်ထိ ကြာမြင့်နိုင်သည်။ ပထမအပတ်တွင် အပူချိန် ၂၉ ဒီဂရီစတင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းရှိအောင် ဆောင်ရွက်ပေးရမည်။ တစ်ပတ်လျှင် ၃ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်လျှော့ချနိုင်ပြီး မီးလွတ်ချိန်ရောက်သည်အထိ လျှော့ချပေးရမည်။ ရာသီဥတုပေါ်မူတည်၍ နှစ်ပတ်သားအထက်တွင် ရေချပေးနိုင်သည်။ ခြံအကျယ်အဝန်းကို ဥစားဘဲငယ်တစ်ကောင်အတွက် တစ်စတုရန်းပေ လိုအပ်သည်။
ဥစားဘဲလတ်များ လေးပတ်မှ ၁၆ ပတ်အထိ ပြုစုစောင့်ရှောက်ရာ၌ ခြံလှောင်မွေးမြူမည်ဆိုပါက တစ်ကောင် သုံးစတုရန်းပေ လိုအပ်ပြီး ခြံလှောင်လွှတ်ကျောင်းစနစ်ဆိုပါက ၂ ဒသမ ၅ စတုရန်း လိုအပ်သည်။ လွှတ်ကွင်းစနစ်မွေးမြူမည်ဆိုပါက တစ်ဧကလျှင် ဘဲလတ် ၁၀၀၀ မွေးမြူနိုင်သည်။ ဘဲအသက် လေးပတ်မှ ၁၆ ပတ်သားအထိ ဥစားဘဲလတ်စာကျွေးရမည်။ ဘဲလတ်ကာလတွင် ညဘက်အလင်းရောင်ပေးရန်မလိုဘဲ နေ့ဘက်တွင် အလင်းရောင်ကောင်းစွာပေးရမည်။
ဥစားဘဲကြီးများ(၁၆ ပတ်အထက်) ပြုစုစောင့်ရှောက်ရာ၌ ခြံလှောင်စနစ်တွင် ဥစားဘဲကြီးတစ်ကောင်လျှင် လေးစတုရန်းမှ ငါးစတုရန်းပေ လိုအပ်ပြီး ခြံနှင့် လွှတ်ကျောင်း တွဲဖက်မွေးမြူသည့်စနစ်အတွက် သုံးစတုရန်းပေနှုန်းထားရှိပေးရမည်။ ဘဲများ ဥစတင်စမ်းသည့်အချိန်မှစတင်၍ ဥစားဘဲကြီးစာကို ပြောင်းလဲကျွေးရမည်။ များသောအားဖြင့် ဥစားဘဲများသည် အသက် ၁၆ ပတ်မှ ၁၇ ပတ်တွင် ဥစတင်စမ်းလေ့ရှိသည်။
ဥစတင်စမ်းသည့်အချိန်မှစတင်၍ တစ်ပတ်လျှင် တစ်နာရီနှုန်း ညဘက်အလင်းရောင်တိုးပေးရမည်။ အမြင့်ဆုံးအလင်းပေးချိန် ၁၆ နာရီမှ ၁၇ နာရီရရှိရန် လိုအပ်ပါသည်။ အလင်းပေးစနစ်သည် ဘဲဥထုတ်လုပ်မှုအတွက် များစွာအရေးပါသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်သည်။ ဘဲမွေးမြူရေးအတွက်အစာပုံစံများ ပြုလုပ်ရာတွင် ဆန်ကွဲ၊ ဖွဲနုနှင့် ဖွဲကြမ်း၊ပုစွန်ဖွဲ၊ ခရုမှုန့်၊ ပြောင်း၊ စသည်တို့ကို အသက်အရွယ်အလိုက် ပိုင်းခြားကျွေးရမည်။
ဘဲကျန်းမာရေးကောင်းမွန်စေရန် အားဆေးများ၊ အစိမ်းရောင်၊ အဝါရောင်အသီးအရွက်များ ကျွေးနိုင်သည်။ သန့်ရှင်းသောသောက်ရေမပြတ်စေရန် အရေးကြီးသည်။ ဘဲမွေးမြူရာတွင် ဘဲများ ခြံသို့မရွှေ့မီအချိန်များတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးရမည်။ ကာကွယ်ဆေးများကို ကျွမ်းကျင်သူနှင့် အပတ်စဉ်ထိုးပေးရမည်။ ဘဲငယ်များမထည့်ခင် အနွေးပေးရုံတွင် ယိုင်ဖြင့် ၁၀ ပေ ပတ်လည်တစ်ဝိုင်းနှုန်းနှင့် စီစဉ်ထားရှိပြီး တစ်ဝိုင်းလျှင် ဘဲငယ် ၂၀၀ မှ ၂၅၀ ကောင် ထည့်ပေးရပါမည်။ အစာဗန်း၊ ရေခွက်၊ အနွေးပေးအုပ်ဆောင်း အဆင်သင့်ပြင်ထားရမည်။ အုပ်ဆောင်းတစ်ခုလျှင် ၆၀ ဝပ်မီးသီး လေးလုံးထားပေးရမည်။ ရက်သားဘဲပေါက်မှ သုံးပတ်အထိ ဘဲငယ်လေးအဖြစ် သတ်မှတ်၍ အနွေးပေးအုပ်ဆောင်းကို လိုသလို အသုံးပြုနိုင်ရန် ကြိုးနှင့် ထိန်းထားပေးရမည်။ ဘဲငယ်များရောက်ရောက်ချင်း ဘဲများ Stress မဖြစ်ရန် Antibiotics နှင့် Glucose ရော၍ ရေတွင်ထည့်တိုက်ပါ။ အစာကို ရောပြီး နာရီဝက်ကြာမှ ကျွေးပါ။ သုံးရက်သားမှစ၍ ယိုင်ကိုချဲ့ပေးရန် လိုအပ်ပါသည်။ ဘဲငယ်လေးပတ်သားမှစ၍ မနက်၊ ည နှစ်ကြိမ် ရေချပေးပါ။ တစ်ကြိမ်လျှင် နာရီဝက်ခန့်ထက်မပိုရပါ။
ဘဲမွေးမြူရေးသည် ကျေးလက်ဒေသမွေးမြူရေးလုပ်ငန်းအတွက် တစ်နိုင်တစ်ပိုင် လူအများစုမွေးမြူသောလုပ်ငန်းတစ်ခု ဖြစ်သည်။ ဥစားကြက်မွေးမြူရေးလုပ်ငန်းလောက် ကရိကထမများပါ။ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် သဘာ၀အစာများရသဖြင့် အစာကုန်ကျစရိတ်သက်သာသည်။ အဆောက်အအုံကုန်ကျစရိတ်သက်သာခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ထိန်းသိမ်းရသည့်လုပ်အားသက်သာခြင်း၊ လယ်ကွက်များတွင် စပါး၊ ငါး၊ ဘဲတို့ တွဲမွေးနိုင်သဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။
ဘဲရောဂါများအနေဖြင့် ကူးစက်ရောဂါပိုးမွှားများဖြစ်သော ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှို၊ ပရိုတိုဇိုးဝါးပိုးများ၊ ကိုယ်တွင်းကိုယ်ပ ကပ်ပါးပိုးများ၊ အစာအာဟာရ မပြည့်စုံခြင်း၊ ပတ်ဝန်းကျင်ဒဏ်၊ ဇီ၀လုံခြုံမှု အားနည်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ပြီး ဗိုင်းရပ်စ်ပိုးများသည် ကုသ၍ မရနိုင်ပါ။ တိရစ္ဆာန်များကို ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။ ဝင်ရောက်ပါက အားလုံးကူးစက်နိုင်သည်။ ရောဂါဖြစ်ချိန်ကာကွယ်ဆေးပေးပါက ပိုမိုပြင်းထန်လာနိုင်သဖြင့် အားလုံးရှင်းပစ်ရမည်။
ဘက်တီးရီးယားပိုးများကို ပဋိဇီ၀ဆေးဖြင့် ကုသနိုင်ပါသည်။ ကျွမ်းကျင်သော ဆရာဝန်နှင့် ကုသပါ။ ကပ်ပါးပိုးများ သန်ချဆေးများဖြင့် ကုသနိုင်ပါသည်။ အထူးသဖြင့် အစာတွင် ပါဝင်မှုမရှိရန် ဂရုစိုက်ရမည်။ ကျွေးမွေးသည့်အစာတွင် အာဟာရဓာတ် မညီမျှပါက ရောဂါဖြစ်နိုင်သည်။ အထူးသဖြင့် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံနိုင်ရန် အရေးကြီးသည်။
ဘဲများကိုင်တွယ်လျှင် သတိထားရပါမည်။ ဘဲဖမ်းရာတွင် ခြေထောက်နှင့် တောင်ပံများမှ ကိုင်တွယ်ဖမ်းဆီးလျှင် ဘဲမှာနာကျင်၍ အရိုးများကျိုးနိုင်သည်။ ခြေထောက်နှင့် တောင်ပံကို ကိုင်တွယ်ဖမ်းဆီးခြင်းမပြုဘဲ လည်ပင်းအောက်ခြေပိုင်းအား ညင်သာစွာ ဆုပ်ကိုင်ခြင်းဖြင့် ဖမ်းဆီးရမည်။ ၎င်းအပြင် လက်ဖဝါးဖြင့် ခြေထောက်နှစ်ချောင်းအား ထိန်းချုပ်၍ လက်ဖျံပေါ်တွင် ဘဲရင်ဘတ်အားတင်၍ ဖမ်းသူ၏ ခန္ဓာကိုယ်နှင့် ကပ်ထားခြင်းဖြင့် ညင်သာစွာ ကိုင်တွယ်နိုင်သည်။
ဥစားဘဲမွေးမြူသူများအနေဖြင့် ဥစားဘဲ ၁၀ ကောင် တစ်နှစ်မွေးမြူလျှင် ဘဲဥ ၂၀၀ လုံး၊ ဘဲမ ၁၀ ကောင် တစ်နှစ်လျှင် ဘဲဥ ၂၀၀၀ လုံး ဥမည်။ ဘဲဥတစ်လုံးလျှင် ၁၈၀ ကျပ်နှုန်းနှင့် ဥတုံးဘဲတစ်ကောင်လျှင် ၆၀၀၀ ကျပ်နှုန်း ရရှိသည့်အတွက် စုစုပေါင်းဝင်ငွေ ၄၂၀၀ဝဝ ကျပ် ရရှိမည်ဖြစ်သဖြင့် ဥစားဘဲမွေးမြူခြင်းသည် အကျိုးအမြတ် ပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၂)
No comments:
Post a Comment