ဒေါက်တာစိန်လှဗိုလ်
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေမှုကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းများကိုလည်း ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိလာစေရန် စိုက်ပျိုးနည်းစနစ်များကို စမ်းသပ်လေ့လာ ပြောင်းလဲကျင့်သုံးလာကြရပါတယ်။ သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြရာတွင် လယ်ယာသီးနှံများနဲ့အတူ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကိုလည်း ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ပါ တင်ပို့နိုင်ရန်အတွက်လည်း စိုက်ပျိုးလာကြပါတယ်။ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရာတွင် သီးသန့်စိုက်ခင်းများအပြင် သီးညှပ်နဲ့ သီးရော စိုက်ပျိုးမှုများလည်း ရှိကြပါတယ်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးနေကြတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းအများစုမှာ မျိုးတစ်မျိုးတည်းကိုသာ အဓိကထား စိုက်ပျိုးကြလေ့ရှိကြပါတယ်။
ကျေးလက်နေမိသားစုများဟာ နေ့စဉ်စားသုံးနေကြရတဲ့ အသီးအနှံများကို ကိုယ်တိုင်စိုက်ပျိုးစားသုံးကြလေ့ ရှိပါတယ်။ ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူများကိုယ်တိုင် ပိုမိုစိုက်ပျိုးစားသုံးနိုင်ကြစေရန်အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ဖြန့်ဝေပေးမှု၊ စိုက်ပျိုးနည်းပညာပေးမှုများကို ဆောင်ရွက်နေကြောင်း သိရပါတယ်။ အိမ်ခြံဝင်းများမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြရာတွင် ရရှိနိုင်တဲ့ မြေဧရိယာပေါ် မူတည်ကာ သီးနှံမျိုးများကို ကပ်လျက်ဖြစ်စေ၊ ရော၍ဖြစ်စေ စိုက်ပျိုးနေကြရပါတယ်။ အပင်များဟာလည်း လူသားများနည်းတူပင် တစ်မျိုးတည်း သီးသန့်စိုက်ပျိုးပေးခြင်းထက် အခြားအပင်မျိုးများနဲ့ အဖော်အဖြစ် အတူစိုက်ပျိုးထားမှုမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။
သဘာဝသစ်တောများတွင် အပင်မျိုးစုံကို အတူမြင်တွေ့နေရတာဟာ ထင်ရှားတဲ့ ဥပမာဖြစ်ပါတယ်။ မျိုးမတူတဲ့ ဟင်းသီးဟင်းရွက်များကို အတူတွဲဖက်စိုက်ပျိုးပေးခြင်းဖြင့် အပင်တစ်မျိုးက ကျန်အပင်တစ်မျိုးအပေါ် အကျိုးပြုစေမှုများ ရှိသကဲ့သို့ အကျိုးမပြုစေဘဲ အပင်ကြီးထွားမှုကို တစ်နည်းနည်းနဲ့ နှောင့်ယှက်မှုကိုပင် ဖြစ်စေတာမျိုးကိုလည်း တွေ့ရပါတယ်။ အတူပူးတွဲစိုက်ပျိုးထားတဲ့ အပင်တစ်မျိုးက ကျန်အပင်တစ်မျိုးအပေါ် အကျိုးပြုစေနိုင်တဲ့ အပင်များကို မိတ်ဖက်အပင်များ (Companion plants)လို့ ခေါ်ကြပါတယ်။
မိတ်ဖက်စိုက်ပျိုးရေးဆိုသည်မှာ အနည်းဆုံး အပင်နှစ်မျိုးကို ရည်ရွယ်ချက်တစ်ခုအတွက် အတူတွဲဖက် စိုက်ပျိုးခြင်းဖြစ်ပါတယ်။ မိတ်ဖက်အပင်များအဖြစ် စိုက်ပျိုးခြင်းရဲ့ ရည်ရွယ်ချက်များမှာ (၁) ပိုးကျရောက်မှုကို နှိမ်နင်း ကာကွယ်ပေးနိုင်ရန်၊ တွဲဖက်စိုက်ပျိုးထားတဲ့ အပင်များက အဓိကထားစိုက်ပျိုးလိုတဲ့ ဟင်းသီးဟင်းရွက်မျိုးမှာ ပုံမှန်ကဲ့သို့ ကျရောက်ဖျက်ဆီးတတ်တဲ့ အင်းဆက်ပိုးများကို မောင်းနှင်ပေးရန် သို့မဟုတ် ဆွဲဆောင်ပေးရန် သို့မဟုတ် တွဲဖက်စိုက်ပျိုးထားတဲ့အပင်ကို အင်းဆက်ပိုးများ မမြင်နိုင်စေရန် ဖုံးကွယ်ပေးနိုင်စေရန်၊ (၂) အဓိကစိုက်ပျိုးတဲ့အပင်ရဲ့ အကျိုးပြုအင်းဆက်ပိုးများကို မိတ်ဖက်အဖြစ် စိုက်ပျိုးထားတဲ့ အပင်များကလိုအပ်တဲ့ အစားအစာများပေးခြင်း၊ မှီခိုနေထိုင်နိုင်စေရန် နေရာဖြစ်စေခြင်းဖြင့် ဆွဲဆောင်မှုပြုပေးရန်၊ (၃)သီးနှံအထွက် တိုးလာစေရန်၊ အတူတွဲဖက်စိုက်ပျိုးထားတဲ့ အပင်များဟာ အချင်းချင်း အလင်း ရောင်ရရှိစေရန်နဲ့ အမြစ်များကြီးထွားစေရန် နေရာကို အပြိုင်လုယူမှုမရှိကြဘဲ အပြန်အလှန်အကျိုးပြုပေးနိုင်ကာ သီးနှံအထွက်တိုးလာစေနိုင်ပါတယ်။ (၄) မြေတွင် နိုက်ထရိုဂျင်ဓာတ်ဖြည့်စွက်ပေးနိုင်ရန်၊ ပဲတောင့်ရှည်၊ ဗိုလ်စားပဲ၊ ရွှေပဲ စတဲ့ ပဲမျိုးစုံကို တွဲဖက်စိုက်ပေးထားခြင်းဖြင့် အမြစ်ရှိမြစ်ဖုဘက်တီးရီးယားများက လေမှ နိုက်ထရိုဂျင်ဓာတ်ကို ရယူပေးစေနိုင်ပါတယ်၊ (၅) အမှီအတွယ် ရစေရန်နဲ့ အရိပ်ရစေရန်၊ မိတ်ဖက်အဖြစ် စိုက်ပျိုးထားတဲ့ အပင်ကိုအခြားအပင်မှ တွယ်တက်နိုင်စေခြင်း၊ အရိပ်ရစေကာ မြေအစိုဓာတ်ထိန်းပေးနိုင်ခြင်းနဲ့၊ (၆) စိုက်ပျိုးနိုင်တဲ့မြေဧရိယာ အနည်းငယ်မှ သီးနှံမျိုးစုံကို အတူတွဲဖက် စိုက်ပျိုးထားခြင်းဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စားသုံးနိုင်စေရန်တို့ ဖြစ်ကြပါတယ်။
လယ်ယာသီးနှံများကို သမားရိုးကျနည်းနဲ့ စိုက်ပျိုးသည်ဖြစ်စေ၊ အော်ဂင်းနစ်စနစ်နဲ့ စိုက်ပျိုးသည်ဖြစ်စေ မိတ်ဖက်စိုက်ပျိုးရေးကို အသုံးပြုနိုင်ပါတယ်။ အိမ်ခြံဝင်းဟင်းသီးဟင်းရွက် စိုက်ပျိုးရေးတွင် ဒေသအလိုက်နဲ့ ရာသီအလိုက် အများစုစိုက်ပျိုးနေကြတဲ့ ဟင်းသီးဟင်းရွက်များရှိကြရာ မိတ်ဖက်သီးနှံအဖြစ် အသုံးပြုနိုင်တဲ့ ဟင်းသီးဟင်းရွက်မျိုးများနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ၊ တွဲဖက်မစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်မျိုးများ ရှိကြပါတယ်။ မိတ်ဖက်စိုက်ပျိုးခြင်းကို ရှေးကာလများမှာကတည်းကပင် တောင်သူများ ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။
![]() |
ဓာတ်ပုံ - agri.com.mm |
ထင်ရှားတဲ့ ဥပမာကတော့ မိတ်ဖက်အပင် “ညီအစ်မသုံးဖော်စနစ်”ဖြစ်ပါတယ်။ ပြောင်းဖူးပင်နဲ့အတူ ပဲပင်ကို စိုက်ပျိုးပေးခြင်းနဲ့ကြားတွင် ရွှေဖရုံပင်ကို စိုက်ပျိုးပေးထားခြင်းတို့ ဖြစ်ပါတယ်။ ပဲပင်က ပြောင်းဖူးပင်ကို နွယ်တက်နိုင်စေပါတယ်။ ပဲမြစ်ဖုဘက်တီးရီးယားများက လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူကာ မြေသို့ဖြည့်တင်းပေးစေနိုင်ပါတယ်။ ကြားမှာစိုက်ပျိုးထားတဲ့ ရွှေဖရုံပင်က မြေပေါ်တွားသွားနေစေကာ မြေကို ဖုံးအုပ်ပေးထားခြင်းဖြင့် ပေါင်းနှိမ်ပေးသကဲ့သို့ မြေအစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ ပြောင်းဖူးပင်က ကျန် အပင်များကို အရိပ်ရစေပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းဖူးနဲ့ ပဲစောင်းလျား၊ ဗိုလ်စားပဲတို့ကို မိတ်ဖက်အဖြစ် စိုက်ပျိုးကြလေ့ရှိပါတယ်။
အိမ်ခြံဝင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ အိမ်ထောင်စုတိုင်း စားသုံးနေကြတဲ့ ခရမ်းချဉ်ပင်ကိုလည်း ထည့်သွင်း စိုက်ပျိုးထားသင့်ပါတယ်။ မြေနေရာရရှိနိုင်မှုပေါ် မူတည်ကာ။ အပင်အနည်းငယ်ကို ပေါင်များပေါ် သို့မဟုတ် အိုးများ၊ အိတ်များတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းချဉ်ပင် ဘေးပတ်ဝန်းကျင် သို့မဟုတ် အပင်တန်းများကြားတွင် အတူမိတ်ဖက်အဖြစ် စိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်မျိုးများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ်၊ ခါကျက်ဥ၊ တရုတ်နံနံ၊ ကွီးဆိုင် (တရုတ်ကြက်သွန်မွှေး)၊ ပင်စိမ်းနဲ့ သခွားသီးကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းချဉ်ပင်နဲ့အတူ ပင်စိမ်းပင်များကို မိတ်ဖက်အဖြစ် စိုက်ပျိုးပေးပါက ပင်စိမ်းပင်ရဲ့ရနံ့က အင်းဆက်ပိုးများကို မောင်းနှင်ပေးသကဲ့သို့ ခရမ်းချဉ်သီးအထွက်ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ ခါကျက်ဥနဲ့အတူ စိုက်ပျိုးသော် ခရမ်းချဉ်သီးရဲ့အရသာ ပိုမိုကောင်းမွန်လာစေနိုင်တယ်။ သို့သော် ခရမ်းချဉ်ပင်ရဲ့ ကြီးထွားမှု အနည်းငယ် လျော့နည်းလာစေနိုင်တယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်ပင်နဲ့ အတူမစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်မျိုးများမှာ ခရမ်းချဉ်နဲ့ မျိုးရင်းတူအပင်များဖြစ်ကြတဲ့ ခရမ်း၊ ငရုတ်နဲ့ အာလူး၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ပန်းမုန်လာနဲ့ ပြောင်းဖူးတို့ဖြစ်ပါတယ်။
ခါကျက်ဥကို သီးသန့်စိုက်ပျိုးခြင်းထက် မိတ်ဖက်အဖြစ် အခြားသော ဟင်းသီးဟင်းရွက်မျိုးများနဲ့အတူ စိုက်ပျိုးသင့်ပါတယ်။ မိတ်ဖက်အဖြစ် စိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်မျိုးများမှာ ကြက်သွန်နီ၊ ကွီးဆိုင်၊ ခရမ်းချဉ်၊ ပဲမျိုးဝင် အပင်များနဲ့ မုန်ညင်းအုပ်စုဝင်အပင်များ ဖြစ်ကြပါတယ်။ ခါကျက်ဥကို အာလူးနဲ့အတူ တွဲဖက်မစိုက်သင့်ပါ။ ကြက်သွန်နီ၊ ကွီးဆိုင်တို့ကို ခါကျက်ဥနဲ့ တွဲဖက်စိုက်ပျိုးပေးသော် ခါကျက်ဥမှာ ကျရောက်တတ်တဲ့ ပျပိုးနဲ့ ယင်တို့ကို ထိန်းချုပ်ဟန့်တားပေးစေနိုင်သကဲ့သို့ ကွီးဆိုင်ဟာ ခါကျက်ဥရဲ့အရသာနဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်လာစေကြောင်း တွေ့ရပါတယ်။ အိမ်ခြံဝင်းဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ကြက်သွန်မျိုးရင်းဝင် အပင်များဖြစ်ကြတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ကွီးဆိုင်အပင်များကိုလည်း စိုက်ပျိုးကြပါတယ်။ ကြက်သွန်နီကို ဥအတွက် စိုက်ပျိုးနိုင်သကဲ့သို့ ကြက်သွန်မြိတ်အဖြစ် အသုံးပြုရန်အတွက်လည်း စိုက်ပျိုးကြပါတယ်။ ကြက်သွန်အုပ်စုနဲ့အတူ မိတ်ဖက်အဖြစ် စိုက်ပျိုးထားသင့်တဲ့ ဟင်းသီးဟင်းရွက်များမှာ ခရမ်းချဉ်၊ ခါကျက်ဥ၊ မုန်လာဥနီ၊ မုန်ညင်း မျိုးအုပ်စုဝင် အပင်များ၊ တရုတ်နံနံ၊ ဆလတ်နဲ့ အာလူးတို့ဖြစ်ပါတယ်။ သို့သော် ပဲမျိုးများနဲ့မူအတူ တွဲဖက်မစိုက်ပျိုးသင့်ပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ဟာ အပင်များမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ အင်းဆက်ပိုးများကို မောင်းနှင်ထုတ်ပေးနိုင်ကြပါတယ်။ သို့သော် ပဲမျိုးများနဲ့ အတူ စိုက်ပျိုးတဲ့အခါ ပဲပင်များရဲ့ ကြီးထွားမှုကို ဟန့်တားစေကြောင်း တွေ့ရပါတယ်။
ဆလတ်နဲ့အတူ တွဲဖက်စိုက်ပျိုးသင့်တဲ့အပင်များမှာ ခါကျက်ဥ၊ သခွား၊ မုန်ညင်းအုပ်စုဝင် အပင်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကွီးဆိုင်၊ မုန်လာဥ၊ သခွား၊ ရွှေဖရုံစတဲ့ အပင်များဖြစ်ပါ တယ်။ ဆလတ်ကို အခြားသော ဟင်းသီးဟင်းရွက်များစွာနဲ့ တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ ဆလတ်ရွက်ဟာ အမြစ်တိမ်တဲ့အပင်မျိုးဖြစ်တဲ့အတွက် ခါကျက်ဥ၊ မုန်လာဥစတဲ့ ဥစားဟင်းသီးဟင်းရွက်များနဲ့ ဥစားနဲ့ အရွက်စားနှစ်မျိုးအတူ မိတ်ဖက်အတူ စိုက်ပျိုးထားခြင်းဖြင့် မြေဧရိယာကို အကျိုးရှိစွာ အသုံးပြုနိုင်ပါတယ်။ ဆလတ်နဲ့ ကြက်သွန်ဖြူကို တွဲဖက်စိုက်ခြင်းဖြင့် ဆလတ်မှာကျရောက်နိုင်တဲ့ ပျပိုးကို ဟန့်တားပေးစေနိုင်ပါတယ်။ ဂေါ်ဖီထုပ်မျိုးစုအောက်မှာ ပါဝင်တဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဘရိုကိုလီ၊ ကိုက်လန်နဲ့ ကိုလဒ် ခေါ် အရွက်စားကိုက်လန်မျိုးများနဲ့ မိတ်ဖက်စိုက်ပျိုးသင့်တဲ့ အပင်များမှာ သကြားမုန်လာဥ၊ ကြက်သွန်နီ၊ ပဲမျိုးဝင်အပင်များ၊ အာလူးတို့ဖြစ်ပါတယ်။ တွဲဖက်မစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များမှာ ခရမ်းချဉ်၊ ငရုတ်နဲ့ ရွှေဖရုံတို့ဖြစ်ပါတယ်။ ကြက်သွန်နီနဲ့ မိတ်ဖက်စိုက်ပျိုးခြင်းဖြင့် ဂေါ်ဖီထုပ်နွယ်ဝင်အပင်များမှာ ကျရောက်နိုင်တဲ့ အင်းဆက်ပိုးများကို ဟန့်တားပေးနိုင်ပါတယ်။ ခရမ်းချဉ်နဲ့ ငရုတ်တို့ကို မိတ်ဖက်အဖြစ် စိုက်ပျိုးသော် ဂေါ်ဖီထုပ်နွယ်ဝင်အပင်များမှာ ကျရောက်တတ်တဲ့ အင်းဆက်ပိုးများကို ဆွဲဆောင်နိုင်တဲ့အတွက် ပိုမိုကျရောက်စေတတ်ပါတယ်။ မုန်လာဥနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပငများမှာ သခွား၊ ဆလတ်၊ ရွှေဖရုံ၊ ဗိုလ်စားပဲ၊ ရွှေပဲနဲ့ ခါကျက်ဥတို့ ဖြစ်ကြကာ အာလူးနဲ့မူ တွဲဖက်မစိုက်သင့်ပါ။ သခွားက မုန်လာဥပင်ကြီးထွားမှုကို ကောင်းမွန်စေနိုင်ကာ မုန်လာဥက သခွားမှာ ကျရောက်နိုင်တဲ့ အင်းဆက်ပိုးအချို့ကိုကာကွယ်မှုပေးနိုင်ပါတယ်။ မုန်လာဥနဲ့ ခါကျက်ဥတို့ဟာ ဥစားသီးနှံများဖြစ်ကြသော်လည်း မုန်လာဥက လျင်မြန်စွာ အပင်ပေါက်လာကာ ကြီးထွားမှုလျင်မြန်စေကာ ခါကျက်ဥက နောက်မှကြီးထွားလာစေပါတယ်။
ဗိုလ်စားပဲ၊ ပဲတိုင်ထောင်၊ ရွှေပဲစတဲ့ ပဲမျိုးဝင်အပင်များနဲ့ မိတ်ဖက်စိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များမှာ ပြောင်းဖူး၊ သခွား၊ ခါကျက်ဥ၊ သကြားမုန်လာဥ၊ ဂေါ်ဖီထုပ်နွယ်ဝင် အပင်များနဲ့ အာလူးတို့ ဖြစ်ကြပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ကွီးဆိုင်တို့နဲ့မူ တွဲဖက်မစိုက်ပျိုးသင့်ပါ။ နွယ်တက်တဲ့ ပဲမျိုးများအတွက် ပြောင်းဖူးဟာ အကောင်းဆုံးမိတ်ဖက်အပင် ဖြစ်ပါတယ်။ အာလူးဟာ မြေအောက်မှာ ဥတာဖြစ်တဲ့အတွက် ပြောင်းဖူး၊ ဂေါ်ဖီထုပ်နွယ်ဝင်မျိုးများနဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် မြေနေရာကို အကျိုးရှိစွာ အသုံးပြုစေနိုင်တာ ဖြစ်ပါတယ်။ ဒေသအလိုက် မိတ်ဖက်အဖြစ် စိုက်ပျိုးနေကြတဲ့ အခြားသော ဟင်းသီးဟင်းရွက်မျိုးများကိုလည်း ဆက်လက်လေ့လာ ဖော်ထုတ်ပေးသင့်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇)
No comments:
Post a Comment