January 12, 2021

အော်ဂဲနစ်မွေးမြူရေးဖြင့် ကျေးလက်ပြည်သူများ၏ ဆင်းရဲမှုလျှော့ချပေးနိုင်ခဲ့သည့် စွန့်ဦးတီထွင်သူ

အောင်ရဲကျော်

        ၂၀၁၉ ခုနှစ်အတွက် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ညွှန်းချက်ပန်းတိုင်များ ဖြစ်ထွန်းတိုးတက်လာစေရန် ကြိုးပမ်းအားထုတ်မှု (UN SDG Pioneer) ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု ဦးဇော်ရဲနောင်(ရွှေတောင်ညိုကြီး အော်ဂဲနစ်မွေးမြူရေးလုပ်ငန်း)ကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ပြန်လည်မျှဝေရေးသားတင်ပြလိုက်ရပါသည်။

မေး။    မင်္ဂလာပါအစ်ကို။ အစ်ကို့အနေနဲ့ ရွှေတောင်ညိုကြီးအော်ဂဲနစ်မွေးမြူရေးလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြစေချင်ပါတယ်။

ဖြေ။    ဟုတ်ကဲ့ပါ။ ကျွန်တော် ဒီအော်ဂဲနစ်မွေးမြူရေးကို စတင်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့တာကတော့နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ သဘာ၀မှ ပေးအပ်သောအာဟာရဓာတ်တွေ ပြည့်ပြည့်၀၀ စားသုံးနိုင်စေရန်ဖြစ်ပြီး ဒုတိယအပိုင်းကတော့ မြန်မာနိုင်ငံတွင်အော်ဂဲနစ်မွေးမြူရေးစနစ်ဖြင့် သားငါး၊ သီးနှံစျေးကွက်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ဖြစ်ပါတယ်။ ကျွန်တော်က IT ပညာနဲ့ ဘွဲ့ရထားတဲ့အတွက် မွေးမြူရေးနဲ့တော့ အလှမ်းဝေးပါတယ်။ သို့သော် ကျွန်တော် အောင်မြင်အောင် အကောင်အထည်ဖော်မည်ဟု သိန္နိဋ္ဌာန်ချထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မိသားစုမှာ သဘာ၀အစားအစာမဟုတ်ဘဲ ပြုပြင်ထားတဲ့ ကြက်ဥကို စားသုံးမိရာမှ ခံစားချက်ပြင်းပြလာတာပါ။ ကျွန်တော့်မိသားစုအတွက် ပတ်ဝန်းကျင်အတွက် ထိုမှတစ်ဆင့် မြန်မာနိုင်ငံလုံးအတွက် သဘာ၀အစားအစာဟာ အင်မတန်တန်ဖိုးရှိတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုတာကို သက်သေပြချင်တာပါ။ နိုင်ငံတကာမှာလည်း ကျွန်တော် ကျောင်းသွားတက်တုန်းက လေ့လာမိခဲ့သမျှ ဒီသဘာ၀အစားအစာ အော်ဂဲနစ်စ်တွေပဲ စားသုံးကြတာကို လေ့လာသိရှိခဲ့ရတယ်။ သူတို့နိုင်ငံမှာတောင် လုပ်နိုင်သေးတာ ကျွန်တော်တို့နိုင်ငံမှာလည်း ဘာလို့မလုပ်နိုင်ရမှာလဲလို့လည်း ခံစားမိတယ်။

        ဒါကြောင့် ကျွန်တော် အင်္ဂလန်မှာ ပညာသင်ယူနေစဉ် သူတို့နိုင်ငံရဲ့ လွှတ်ကျောင်းစနစ်မွေးမြူရေးတစ်ခုကို လေ့လာခွင့် ရရှိခဲ့တယ်။ အဲဒီလွှတ်ကျောင်းမွေးမြူရေးစနစ်ဟာ ဓာတုပစ္စည်းမသုံးဘဲ သဘာ၀အစားအစာများကို ကျွေးမွေးပြီး ထိန်းကျောင်းတဲ့စနစ်ဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့မိသားစုအပါအဝင် အနီးပတ်ဝန်းကျင်မိသားစု၊ ရပ်ကွက်တစ်ခုလုံး ဒီလိုနဲ့ စတင်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ ကြက်ဥစားသုံးရန် ရည်ရွယ်ပြီး စပြီးလုပ်တာပါ။

        နောက် လုပ်ငန်းအောင်မြင်တာနဲ့ ၂၀၁၇ ခုနှစ်တွင် ဧရာ၀တီတိုင်း ငပုတောမြို့မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ မြေဧကအနည်းငယ် ငှားပြီး စတင်ပြုလုပ်ပါတယ်။ တစ်နှစ်လောက် ရုန်းကန်ရတယ်။ တဖြည်းဖြည်းနဲ့ စျေးကွက်မှာ အောင်မြင်လာတာနဲ့အမျှ ခြံတစ်ခြံတည်းနှင့် မလုံလောက်တဲ့အခါ တိုးချဲ့ဖို့လိုလာတယ်။ ဒါနဲ့ ကျွန်တော် လွှတ်ကျောင်းမွေးမြူရေးစနစ် နည်းပညာကို လယ်သမားတွေ သင်ပေးမယ်။ အဲဒီလယ်သမားတွေ ဆီမှာ ကျွန်တော်က ကြက်ဥပြန်ယူမယ်။ လယ်သမားတွေအနေနဲ့က ရင်းနှီးမြှုပ်နှံရန် ငွေကြေးမတတ်နိုင်တဲ့အတွက် ကျွန်တော် မတည်ပေးတယ်။

        နောက်ပိုင်း လယ်သမားတွေအနေနဲ့ နည်းပညာလည်းရ၊ ငွေကြေးလည်း ထောက်ပံ့ကူညီပေးတဲ့အပြင် အဲဒီကြက်ဥတွေ ပြန်ရောင်းဖို့အတွက် စျေးကွက်ကိုလည်း အာမခံပေးတဲ့အတွက် လုပ်ချင်ကိုင်ချင်စိတ်တွေ တစ်ယောက်က အားလုံးပါဝင်လာကြတယ်။ အဲဒီကနေစပြီး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။

မေး။    အစ်ကို့အနေနဲ့ ဒီအော်ဂဲနစ်မွေးမြူရေးနှင့်ပတ်သက်ပြီး တွေ့ကြုံခဲ့ရတဲ့လုပ်ငန်းအတွေ့အကြုံများကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ဟုတ်ကဲ့၊ အခက်အခဲတွေကတော့ အများကြီးပါ။ အတွေ့အကြုံကတော့ သိပ်မရှိခဲ့ပါဘူး။ မြေကြီးပေါ်မှာ လွှတ်ကျောင်းစနစ်နဲ့ မွေးတဲ့သူက သိပ်မရှိဘူး။ စီးပွားဖြစ်မွေးတဲ့သူတွေရှားတယ်။ အဲဒါနဲ့ ကျွန်တော်က နိုင်ငံတကာမှာ ပြုလုပ်တဲ့နည်းစနစ်နဲ့ စနစ်တကျစီးပွားဖြစ်ထုတ်လုပ်တဲ့ အဆင့်ရောက်အောင် ဆောင်ရွက်ပေးရတယ်။

        အဲဒီလိုဆောင်ရွက်ပေးတဲ့အခါမှာ ကျွန်တော်တို့က မွေးမြူရေးပညာရှင်တွေ မဟုတ်တော့ နည်းစနစ်မသိတာတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီတော့ အချိန်တွေ၊ ငွေတွေ အများကြီးကုန်ခဲ့တယ်။ ဥပမာ ကျွန်တော် ငပုတောမှာ ခြံတစ်ခြံဆောက်တဲ့အခါမှာ သာမန်ကုန်ကျစရိတ်ထက် လေးဆ၊ ငါးဆလောက် ပိုကုန်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ စတင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှ စပြီးလုပ်တဲ့ဟာက ၂၀၁၈ ခုနှစ်၊ မေလလောက်မှ စျေးကွက်ထဲကို ရောက်ရှိခဲ့ရတယ်။ တစ်နှစ်လောက် အချိန်ယူခဲ့ရတဲ့သဘော ဖြစ်သွားတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း လွှတ်ကျောင်းစနစ် ကြက်ဥကို နိုင်ငံတကာစံနှုန်းအတိုင်းဖြစ်အောင် ဆောင်ရွက်ချင်တယ်။ အဲဒီတော့ ပြင်ဆင်ခဲ့ရတာတွေ အများကြီးပါ။

မေး။    လွှတ်ကျောင်းစနစ်နဲ့မွေးမြူတဲ့ကြက်မှ ထွက်ရှိလာတဲ့ ကြက်ဥတို့ရဲ့ အာဟာရနဲ့ အကျိုးရလဒ်တွေကိုလည်း ရှင်းပြစေလိုပါတယ်။

ဖြေ။    လွှတ်ကျောင်းစနစ်မွေးမြူပြီး ရရှိလာတဲ့ကြက်ဥဆိုတာ နိုင်ငံတကာမှာ အရမ်းနာမည်ကြီးပါတယ်။ ယခုမွေးမြူနေတဲ့စနစ်က လှောင်အိမ်နဲ့မွေးကြတာများပါတယ်။ အဲဒီတော့ ကျွန်တော်က ကြက်တွေကို သဘာ၀အတိုင်း လှုပ်ရှားသွားလာ၊ ရှာဖွေစားသောက်လို့ရအောင် လွှတ်ကျောင်းစနစ်နဲ့မွေးမယ်ဆိုပြီး စဉ်းစားခဲ့တာပါ။ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတဲ့ကြက်မှ ထွက်ရှိတဲ့ ကြက်ဥတွင် ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်တွေ များပါတယ်။ ဥပမာ- မြေကြီးမှာ လွှတ်ကျောင်းမွေးမြူမယ်ဆိုရင် မြေကြီးမှာ ဓာတ်မြေဩဇာ၊ ဓာတုပစ္စည်းတွေ မရှိအောင် ပထမဦးဆုံး စမ်းသပ်စစ်ဆေးရပါတယ်။ ကြက်တွေကို တိုက်တဲ့ရေကလည်း အာဆင်းနိတ်ဓာတ်၊ သတ္တုဓာတ်တွေ ပါ မပါ စစ်ဆေးရတယ်။ လူတွေအတွက် အန္တရာယ်မဖြစ်နိုင်တဲ့ရေမျိုးဖြစ်ပြီဆိုမှ အဲဒီရေကို ကြက်တွေကို တိုက်ရတယ်။ နောက်တစ်ခုက ကြက်မျိုးတွေကိုလည်း မျိုးဗီဇမပြင်ထားတဲ့ ကြက်မျိုးတွေကို ရွေးချယ်မွေးရတယ်။ အစာကိုလည်း ဓာတုဗေဒ၊ ပိုးသတ်ဆေးတွေကို မသုံးချင်တဲ့အတွက် သဘာ၀အစာစစ် အသုံးပြုရတယ်။ အဓိက သဘာ၀အစာဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း စိုက်နိုင်အောင် ဆောင်ရွက်ပေးရပါတယ်။

        လက်ရှိအနေနဲ့ ကျွန်တော်ဆောင်ရွက်နေတာကတော့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်မှာတော့ စမ်းသပ်ဆဲပဲ ရှိပါသေးတယ်။ အများဆုံး ဆောင်ရွက်နေတာကတော့ ရှမ်းပြည်နယ်မှာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှာ ဖြစ်ပါတယ်။ တခြားပြည်နယ်၊ တိုင်းဒေသကြီးတွေမှာလည်း တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ်။ သို့သော် ကျွန်တော်တစ်ယောက်တည်းအနေနဲ့တော့ အများကြီး မနိုင်သေးပါဘူး။ နိုင်ငံတော်ရဲ့ အကူအညီတွေ ရယူပြီး တခြားလုပ်ဖော်ကိုင်ဖက်တွေပါ ပူးတွဲပါဝင်လာတဲ့အခါ မြန်မာနိုင်ငံအနှံ့အပြားကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ဖို့အထိ မျှော်မှန်းထားပါတယ်။

ဓာတ်ပုံ - အောင်ရဲကျော်

မေး။    ၂၀၁၉ ခုနှစ်အတွက် ကုလသမဂ္ဂမှ ပေးအပ်သော (UN SDG Pioneer) ကုသသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ညွှန်းချက်ပန်းတိုင်များ ဖြစ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်မှုဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂမှ ယခုလိုဆုမျိုးကို ဘယ်လိုစံချိန်စံညွှန်းသတ်မှတ်ချက်တွေတဲ့ စိစစ်ရွေးချယ်ခဲ့သလဲ၊ တစ်ကမ္ဘာလုံးအတွက် နိုင်ငံဘယ်လောက်ရွေးချယ်ပြီး လူပုဂ္ဂိုလ် ဘယ်နှဦး ရွေးချယ်ခဲ့သလဲဆိုတာရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ဟုတ်ကဲ့ပါ။ ကျွန်တော်ရခဲ့တဲ့ဆုဟာ 2019 SDG Pioneer for Advancing Local Livelihoods ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ကျေးလက်ဒေသမှာရှိတဲ့ ကျေးလက်ပြည်သူတွေကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ကျေးရွာပြည်သူတွေကို ဘယ်လိုနည်းနဲ့ အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့သလဲဆိုလျှင် ကျေးရွာပြည်သူတွေကို နည်းပညာပေးတယ်။ အရင်းအနှီးတွေ မတည်ပေးတယ်။ စျေးကွက်တွေ ဖော်ဆောင်ပေးတယ်။

        အဲဒီလိုဆောင်ရွက်ပေးတဲ့အတွက် ကျေးရွာပြည်သူတွေရဲ့ဘ၀ ပြောင်းလဲတိုးလက်လာပြီး အောင်မြင်မှုရရှိလာတဲ့အတွက် ဒီဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းအချို့ကို အနည်းငယ် ရှင်းပြပါ့မယ်။

        ကျွန်တော် ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့မှာ စတင်ဆောင်ရွက်ခဲ့စဉ်က ကျေးရွာတွေမှာ အလုပ်အကိုင် အတော်ခက်ခဲပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ကျေးရွာတွေက အများစုဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်က သူတို့ကို အလုပ်အကိုင်ဖန်တီးပေးတယ်။ ဘယ်လိုဖန်တီးပေးလဲဆိုတော့ ကျွန်တော် အခုလုပ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတဲ့ကြက်တွေ မွေးခိုင်းတယ်။ ကြက်မှထွက်ရှိတဲ့ ကြက်ဥတွေ ထည့်ရန် ဝါးခြင်းတွေကို ရက်လုပ်ဖို့ ဒီဇိုင်းဆွဲပေးလိုက်တယ်။ အဲဒီခြင်းတွေကိုရက်ပြီး ကျွန်တော့်ဆီကို တစ်ခြင်းလျှင် ငွေကျပ် ၄၅၀ နှုန်းဖြင့် သွင်းခိုင်းတယ်။ ကျွန်တော် ဝယ်ပေးတယ်။ အဲဒီလို ရက်ရတဲ့အခါမှာ လက်ရွေးစင်အမျိုးသမီးတစ်ဦးကို တစ်လခြင်းတစ်ထောင်ခန့် ရက်ပေးနိုင်တယ်။ ခြင်းတစ်ထောင်ကို ၄၅၀ နှုန်းဖြင့်ဆိုလျှင် တစ်လလေးသိန်းခွဲလောက် သူတို့ရတယ်။

        အဲဒီတော့ အမျိုးသားက ကြက်မွေးခြင်းအတွက် တစ်လခြောက်သိန်းဝန်းကျင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ခြံတစ်ခြံကို ကြက်အကောင်တစ်ထောင်ခန့်စပြီး မွေးတယ်။ လူဦးရေများလာတော့ ခြံတစ်ခြံကို ၂၀၀ လောက်ခွဲပြီး ငါးဦးတစ်ဖွဲ့ဖွဲ့ပြီး ခွဲပေးလိုက်တယ်။ တစ်ဦးကို ၂၀၀ ဆီရသွားတယ်။ အဲဒီလိုနဲ့ တိုးချဲ့ မွေးမြူတယ်။ ကြက်အကောင် ၂၀၀ ကနေ တစ်နေ့ ကြက်ဥအလုံး ၂၅၀ ခန့် ထွက်ရှိတယ်။ တစ်လဆိုလျှင် ကြက်ဥအလုံး ပျမ်းမျှ ၇၀၀၀ ကျော်လောက်ရတယ်။ ငွေကြေးအနေနဲ့ တစ်လခုနစ်သိန်းဝန်းကျင်ကျပါတယ်။ အစာဖိုးနုတ်လျှင် အနည်းဆုံး သုံးသိန်းခွဲ၊ လေးသိန်းခန့်ရပါတယ်။ အမျိုးသားက ကြက်မွေးတယ်၊ အမျိုးသမီးက ခြင်းရက်တယ်။ အဲဒီတော့ အိမ်ထောင်တစ်ခုမှာ အမျိုးသားရော၊ အမျိုးသမီးရော အလုပ်ရှိတဲ့အတွက် စီးပွားရေးအဆင်ပြေတယ်။ မိသားစုစားဝတ်နေရေး အဆင်ပြေလာတယ်။ နောက်တော့ တစ်ယောက်စ တစ်ယောက်စနဲ့ တစ်ရွာလုံး ပါလာတယ်။ ဒီလိုနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့ပါတယ်။

        အဓိကကတော့ ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ ဆင်းရဲမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် ဒီဆုကိုပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော် အခုလုပ်တဲ့ ပရိုဂရမ်ကိုကိုလည်း စံနမူနာယူပြီး တခြားနိုင်ငံမှာရှိတဲ့ ဖွံ့ဖြိုးမှုနည်းတဲ့ ကျေးရွာတွေမှာ အသုံးပြုဖို့ ကျွန်တော့်ဆီကို ခွင့်ပြုချက်တောင်းခံကြပါတယ်။ ကျွန်တော်ကလည်း ခွင့်ပြုပေးခဲ့ပါတယ်။

        ဒီဆုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၆၀ ရှိတဲ့အထဲကမှ ၁၀ နိုင်ငံကို ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှမှာဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော်ကတော့ ကျေးလက်ဒေသဆင်းရဲမှုပပျောက်ရေး လျှော့ချပေးနိုင်ခဲ့မှုနှင့် အင်ဒိုနီးရှားနိုင်ငံမှ ပုဂ္ဂိုလ်ကတော့ အင်ဒိုနီးရှားနိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချပေးနိုင်ခဲ့မှုအတွက် ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မေး။    အခုလို ကုလသမဂ္ဂမှ အသိအမှတ်ပြုခြင်းအတွက် အစ်ကိုရဲ့ ယုံကြည်ချက်နဲ့ ခံစားမှုလေးကိုလည်း သိပါရစေ။

ဖြေ။    ဟုတ်ကဲ့ပါ။ အဓိကကတော့ ကျွန်တော် ဒီဆုရရှိခဲ့တာဟာ ကျွန်တော့်လယ်သမားတွေရတယ်လို့ပဲ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဖန်တီးခဲ့တဲ့စနစ်ကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တာ လယ်သမားတွေပါ။ နောက်ပြီး ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ပေးတဲ့ လယ်သမားတွေ၊ မွေးမြူရေးသမားတွေရဲ့ ကျေးဇူးကြောင့်ပါ။ အခုဆိုလျှင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခြင်းခံရတဲ့အတွက်ကျွန်တော်ကပိုပြီး တာဝန်ရှိလာပြီ၊ တာဝန်ရှိလာမှုနှင့်အတူ ကျွန်တော့်ရဲ့ Porject ကို စံနမူနာယူပြီး တခြားနိုင်ငံတွေကိုလည်း ပြသမှာဖြစ်တဲ့အတွက် ပျော်ရွှင်မှုကိုလည်း ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် အခုလိုဆုရတဲ့အတွက် ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့လည်း ခံယူထားပါတယ်။

မေး။    ကုလသမဂ္ဂမှ အခုလိုရွေးချယ်အသိအမှတ်ပြုပြီး ဆုပေးလိုက်တဲ့အတွက် အစ်ကို့အနေနဲ့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ပိုပြီး တာဝန်ရှိလာပြီ။ အဲဒီလို တာဝန်ရှိလာတဲ့အတွက် ပြင်ဆင်ရမှာတွေ အများကြီးဖြစ်လာမယ်။ ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့လည်း ဆက်ပြီး ကြိုးစားရမှာဖြစ်တယ်။ အဲဒီတော့ အစ်ကို့အနေနဲ့ ဘယ်လိုစီမံဖန်တီးမှုတွေနဲ့ ရှေ့ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ဟုတ်ကဲ့၊ ကျွန်တော့်အနေနဲ့ကတော့ စနစ်ကို တည်ဆောက်ထားခဲ့တာဖြစ်တော့ လိုအပ်ချက်တွေကတော့ အများကြီးပါ။ အခု လုပ်ငန်းကိုလည်း ကျွန်တော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး လုပ်ငန်းကို စခဲ့တာပါ။ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင်တော့ သင်ယူမှုတွေ၊ နည်းစနစ်တွေ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ကလည်း တစ်ဖက်တစ်လမ်းမှ နည်းပညာတွေ၊ နည်းစနစ်တွေ သင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ကူညီထောက်ပံ့ပေးနိုင်မယ်ဆိုလျှင်တော့ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ရေရှည်တည်တံ့အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အခုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက တတ်နိုင်သလောက် ကူညီပေးပါတယ်။ ယခုလက်ရှိအခြေအနေအရ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည့် အရင်းအနှီးမရှိဘူး၊ စျေးကွက်ရလာတာနဲ့အမျှ လုပ်ငန်းက တိုးချဲ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေကို သင့်တင့်မျှတတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ၊ မတည်ကူညီပေးနိုင်မည်ဆိုလျှင် လုပ်ငန်းတိုးချဲ့လာနိုင်မယ်၊ ဒါ့အပြင် စျေးကွက်လည်း အခိုင်အမာရှိပြီးဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုလျှင် ဆင်းရဲမှုလျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ကလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးစေလိုပါတယ်။

        ကျွန်တော့်အနေနဲ့ စဉ်းစားထားတာလေး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ရေခဲတောင်များမှစပြီး တောင်ဖျားပိုင်း ကော့သောင်းမြို့အထိ သဘာ၀ပတ်ဝန်းကျင် ကျယ်ဝန်းပါတယ်။ အပူပိုင်းဇုန်ရှိတယ်၊ အအေးပိုင်းဇုန်ရှိတယ်၊ သမပိုင်းဇုန်းရှိတယ်။ ကျွန်တော်တို့ရဲ့ ရေမြေသဘာ၀ဟာ ဘာစိုက်စိုက်ရတဲ့သဘာ၀ဖြစ်တယ်။ လက်ရှိ ကမ္ဘာပေါ်မှာလည်း အော်ဂဲနစ်သီးနှံ၊ သားငါးစျေးကွက်ဟာ ပိုမိုကြီးမားကျယ်ပြန့်လာပါတယ်။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဘာဖြစ်လို့ အော်ဂဲနစ်သားငါး၊ သီးနှံစျေးကွက် မရနိုင်တာလဲဆိုတာ စဉ်းစားမိတယ်။ အဲဒီတော့ သမားရိုးကျ သားငါး၊ သီးနှံတွေကိုသာ ထုတ်နေမယ်ဆိုလျှင် မအောင်မြင်နိုင်ဘူး။ ဒါကြောင့် အော်ဂဲနစ်ဖြစ်တဲ့ သားငါး၊ သီးနှံတွေ ထုတ်လုပ်နိုင်မည်ဆိုလျှင် ကြီးမားတဲ့ အော်ဂဲနစ်စျေးကွက်ကြီး ရရှိလာနိုင်တယ်။ အဲဒီလို ရရှိလာတာနဲ့တစ်ပြိုင်နက် တောင်သူတွေ၊ မွေးမြူရေးသမားတွေ အကျိုးအမြတ်တွေ အများကြီးရရှိလာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော့် ရည်မှန်းချက်အနေနဲ့ကတော့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့နိုင်ငံသည် အော်ဂဲနစ်သားငါး၊ သီးနှံစျေးကွက်ကြီးအဖြစ် နေရာတစ်ခုရောက်အောင် အတူတကွ ကြိုးစားကြမည်ဟု မျှော်မှန်းထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၂)

No comments:

Popular Posts